Page:နန္ဒီသေနပျို့.pdf/6

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
နန္ဒီသေနပျို့
 

၄။။ မြို့သူ,မြို့သား၊ အများ ပရိသတ်၊ ရံပတ် အပေါင်း၊ စုတုံရှောင်း၍၊ ကျောင်းစမုတ်တော်၊ ရောက်လေသော်လျှင်၊ ရှင်ကျော် ဖုန်းရှိ၊ သာရိပုတ္တရာ၊ ထေရ်မဟာလည်း၊ ဂုဏ်ဝါ စိုက်လွှင့်၊ မေးလျှောက်လင့်၏[1]။ စဉ်သင့် တူပေါက်၊ လေးယောက် တူကွ၊ ညီ,အစ်မတို့၊ ဝါဒ တထောင်၊ အာဂုံဆောင်၍၊ စေ့အောင်မဆိုင်း၊ မေးလျှောက်တိုင်းကို၊ ဖြတ်ပိုင်း သန်လျှက်၊ ပယ်လိုက် တွက်က၊ မြေးရှက် ကြာခြည်၊ စ,မတည် သို့၊ မေးသည် တထောင်၊ ဝါဒမှောင်ကို၊ ဉာဏ်ရောင် ဖြေဖျောက်၊ ထိုလေးယောက်လည်း၊ ဝမ်းမြောက်,နှစ်လို၊ ကျွန်ုပ်တို့ဝယ်၊ မေးဘို့ ပုစ္ဆာ၊ မရှိပါပြီ၊ ပညာလုံးလုံး၊ ထိုသို့ ရှုံး၍၊ အဆုံး အခန်း၊ ကြာနှယ် မြန်း၏။ ရဟန်းပြုပါ၊ လျှောက်ထားရာဝယ်၊ မဟာဥပ္ပလဝဏ်၊ မွန်သည် သတင်း[2]၊ မိန်းမချင်း ဟု၊ ဆောင်သွင်း သာသနာ၊ မကွာ သိမ်းမြန်း၊ ရဟန်း ပြုစေ၊ ကိလေသာမှုန်၊ စင်,ကုန်,ကင်း,ပျောက်၊ ဖိုလ်,မဂ် ရောက်သည်၊၊ မြိန်သောက်, မြိုက်ရည် အေးအေးတည်း။

၅။။ ဘိက္ခူနီမြောက်၊ ထိုလေးယောက်တို့၊ မခေါက် မရက်၊ ဆ,ထက် လွန်ကဲ၊ အံ့အဲဖွယ်လိ[3]၊ သာရိပုတ္တရာ၊ ဂုဏ်ပညာဖြင့်၊ ပြဿနာဖြေ၊ ကယ်တင်ပေဟု[4]၊ အုတ်တွေ များစွာ၊ မြတ်သင်္ဃာတို့၊ သာယာချိုမြ၊ ချီးမွမ်းကြသော်၊ လောကဝိဒု၊ သဗ္ဗညုလည်း၊ “ယခုမှသာ၊ ဝါဒ ကိုယ်စီ၊ ဘိက္ခူနီအား၊ မြှောက်ချိသောတိ၊ အကျိုးရှိအောင်၊ သာရိပုတ္တရာ၊ ရှင်မဟာထေရ်၊ ဆောင်သည် ကျေးဇူး၊ မဟုတ်ဖူးတည့်။ ရှည်ကြူး သံသာ၊ ရှေးသောခါက၊ ပြည်ပါဋလိ၊ မြို့သီရိဝယ်၊ ဘူမိပါလ၊ အဿကတွင်၊ ပြည်မ ဦးကင်း၊ သတင်း ဂုဏ်ဆီ၊ ကျော်တိုင်း ညီသည်၊ နန္ဒီသေန၊ ရူပ လက္ခဏာ၊ ဖွယ်ရာ ကျစ်လစ်၊ မတ်ကြီး ဖြစ်၍၊ စစ်မှု ဆွေးနွေး၊ စစ်ဆင်ရေးဖြင့်၊ ဤလေးယောက်အား၊ မိဖုရားစင်၊ ဖြစ်အောင် ပင်တည့်၊ ကယ်တင်လေဘူး”၊ ကျေးဇူး မြောက်မြား၊ ရှေးကြောင်းလျားကို၊ ဖုရားတို့ ထုံး၊ လုံးလုံး မချန်၊ မိန့်တော်ပြန်သည်၊၊ တောင်းပန်, စိမ့်ငှါ သွေးသွေးတည်း။


  1. မေးလျှောက်တင့်သော် (မန်း)၊
    မေးလျှောက်လင့်သော် (စွယ်)
  2. မှန်သည် သတင်း (ဦး, မန်း)
  3. အံ့အဲဖွယ်ရှိ (မန်း, ဟံ)
  4. ဆကဲပေဟု (ဟံ)