Page:နန္ဒီသေနပျို့.pdf/7

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
လက်ဝဲသုန္ဒရ
 

၆။။ လောက သခင်၊ သုံးလူ့ရှင်လည်း၊ မြတ်သင်္ဃာပေါင်း၊ ခွင့်တောင်းသောအား၊ ရှစ်ပါး အင်္ဂါ၊ ပြည့်စုံစွာတည့် သာယာ သံညီ၊ အာလုပ်ချီလျက်[1]၊ မဟီ,သရဘူ၊ စ၍ ယူသော်၊ ငါးဆူ ငါးရာ၊ မြစ်သီတာသို့၊ ရောက်လှာ အမြဲ၊ ဝင်မစဲတည်။ ခက်ခဲ ရေကြီး၊ ပြင်းခတ်စီးလျက်၊ ခရီးကျယ်ပြော၊ ပင်လယ်ကြောသို့၊ လေးဩသတွင်း၊ ပိုက်လှောင်သွင်းမှ၊ မဆင်း,မရဲ၊ လွှတ်မည် ပွဲလည်း၊ ခဲခဲယဉ်းယဉ်း၊ အနေကျဉ်းလျက်၊ တညှဉ်း ဆိုးဆိုး၊ တစိုး ရိမ်ရိမ်၊ တလိမ် လစ်လစ်၊ တဖြစ် သွေးသွေး၊ တအေး လူလူ၊ တပူ လောင်လောင်၊ တတောင် ပတ်ပတ်၊ တလတ် လျားလျား၊ ရှိသည်များကြောင့်၊ ငါ့အား ကြည်ညို၊ ငါ့ဝယ် ခိုလျက်၊ ငါ့ကို နှစ်သက်၊ ငါ့လက်ထက်တွင်၊ ငါ့စက်တော်ရင်း၊ ကိုယ်ကို နှင်းမှ၊ ဖြောင့်စင်းသဒ္ဓါ၊ ဘာဝနာ ချုပ်ငုံ၊ လိမ်းသပ် ထုံ၍၊ လေးစုံ ဗိုလ်,မဂ်၊ အရတက်သည်၊ ငြိမ်သက်သဘော၊ အို သားစောတို့၊ ၊ ရှေသောအခါ၊ ပြည်ပါဋလိ၊ မည်ရှိ သမိုင်း၊ တိုင်း အဿက၊ ပေါက်ပြ သီးသီး၊ ကျော်သံချီးလျက်၊ ပြည်ကြီး အင်္ဂါ၊ ပြည့်စုံစွာသား၊ အောင်ချာ စံတည်၊ ထိုရွှေပြည်ကို၊ စိုးသည် နန်းစံ၊ ရာဇဓံ၌၊ တရံ မကင်း၊ မယွင်းမယို၊ သင်္ဂြိုဟ်လေးစု၊ မင်းကျင့်မှုဝယ်၊ တခု မကျန်၊ ပြင်းထန် တန်ခိုး၊ ဖုန်းတန်း နိုးလျက်၊ ဝန်ဖြိုး ပေါက်ပြ၊ အဿကဟု၊ ထွန်းပ ထင်ပေါ်၊ အမည်တော်ကို၊ ချီငေါ် ဆင့်ပွား၊ ရွံ့,လန့်ကြား၏။ ပြည်သား,ပြည်သူ၊ စိတ်ကြည်ဖြူ၍၊၊ ဆုယူ,အောင်သံ ကြွေးကြွေးတည်း။

၇။။ အဿက ဟု၊ ဒီပ ကျွန်းလုံး၊ သတင်း ဖုံးလျက်၊ ပတ်ကုံး လွန်ထင်၊ ရွှေပြည်ရှင်၌၊ ကုံတွင်မင်းမှု၊ နှင်းတပ်စု၍၊ ရင့်,နု မဌေး၊ ပြည်ထဲရေး၌၊ ဆွေးနွေး သိမှီ၊ နန္ဒီသေန၊ တမည်ရလျက်၊ အဂ္ဂမဟာ၊ သေနာပတိ၊ ပြည်ကြီး ဆီမီး၊ အမတ်ကြီးကား၊ ဂုဏ်သီးပွားတက်၊ ဂုဏ်ရွက် ပွားစည်၊ ဂုဏ်ရည် လေးဦး၊ ကျေးဇူး သတင်း၊ မျိုး,မြတ်ခြင်းနှင့်၊ ရောင်ဆင်းလှပ၊ သီလမွေ့သိမ်၊ ငြိမ်ဆိပ် တည်ကြား၊ မြောက်မြား သုတ၊ လောဘမရှိ၊ သတိ စွဲမြဲ၊ အရဲ,အရင့်၊ အခွင့်,အလမ်း၊ အစမ်း,အစုံ၊ ထုံး, နည်းပုံကို၊ အာဂုံရွက်ဆောင်၊ မှုမြားမြောင်လည်း၊ ပြီးအောင် ပြုလေ့၊ စေ့ စေ့,ငုငု၊ အင်ရှစ်စုကို၊ တခုမယွင်း၊ အမတ်ချင်းတို့၊ ဝပ်စင်းနှစ်ခြိုက်၊ ရိုသေထိုက် ဟု၊ ကောင်းကြိုက် ပြောကြွယ်၊ နှလုံးရွှယ်လျက်၊ မဆွယ်,မရှက်၊


  1. သာယာ သညီ၊ အားလုံးချီ၏။ (မန်း)