Page:နန္ဒီသေနပျို့.pdf/5

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
လက်ဝဲသုန္ဒရ
 

၂။။ ဝေသာလီပြည်၊ ပြောစည် ပူရ၊ ထိုဌာနတွင်၊ ဝါဒ ငါးရာ၊ အစုံပါ၍[1]၊ လိမ္မာ မညှိုး၊ ဂုဏ်စွမ်းကိုးသည်၊ အမျိုး နှစ်ပါး၊ သင့်သော အားဖြင့်၊ ရင်သား ငါးယောက်၊ တဝမ်းပေါက်မူ၊ စွမ်းမြောက် တလောင်၊ ဝါဒ ဆောင်၏။ ဆင်းရောင် ပျိုထွား၊ သားယောက်ျားကား၊ မင်းသား မင်းမြေး၊ တဝေးမွမ်းဖြင့်၊ အတတ်သင်၍၊ ပြည်ထင် သိညီ၊ ဝေသာလီ၌၊ ကပ်မှီ အသင့်၊ နေပျော်တင့်၏။ လေးပွင့် ညွန့်ညောက်၊ ရွှေပင်ပေါက် သို့၊ လေးယောက် သမီး၊ ရှုမငြီးမူ၊ အကြီး ပျိုထွတ်၊ အလတ် ပျိုရွယ်၊ အငယ် ပျိုသွေး၊ အထွေး ပျိုနု၊ ပေါင်းကြစုလျက်၊ ဇမ္ဗူ့ ဦးစွန်း၊ ပေါ်ထွန်း သရေ၊ နိမိတ်ဝေသား၊ သပြေ ပန်းခိုင်၊ ကိုယ်စီကိုင်မှ၊ တနိုင်ငံ တိုင်း၊ ခြားပိုင်း ဌာန၊ ကောသလသို့၊ ညီမ တတွေ၊ ရောက်ကြလေသော်၊ သဲမြေ ညံ့ထွား၊ မြို့တံခါး နှင့်၊ မြို့နား နောက်,တောင်၊ သာလွှတ်ခေါင်သည်[2]၊ ငွေရောင်, သဲဖြူ ဖွေးဖွေးတည်း။

၃။။ ငွေရောင် သဲဖြူ၊ ဦရရူကို၊ သယ်ယူ ပုံစု၊ ဇမ္ဗူ့ညွန့်ကိုက်၊ သပြေစိုက်မှ၊ “ထိုနှိုက် သင်္ကာ၊ ပြဿနာကို၊ ပညာ ဖြတ်ချိုင်၊ ဖြေစွမ်း နိုင်မူ၊ လေးခိုင် ပန်းနု၊ လေးစု သဲမြေ[3]၊ နင်းဖျက်စေ”ဟု၊ ပုံသေ စကား၊ သူငယ်များကို၊ မှာထားပြီးလျှင်၊ မြို့တွင်း ဝင်၏။ သခင် ဖုန်းရှိ၊ သာရိပုတ္တရာ၊ မဟာ ထေရ်ပျံ၊ ဆွမ်းတော် ခံတွင်၊ တရံ တွေ့ခိုက်၊ တိုက်ရိုက် တူရူ၊ မေးတော်မူသော်၊ ထိုသူငယ်တို့၊ သဲဖို့ မြေ,ခင်း၊ ကြောင်း, အခြင်းကို၊ မကြွင်း စေ့ရေ၊ ပြန်လျှောက်လေက၊ ထိုမြေ သဲပုံ၊ ပန်းမုံ,ပန်းကိုင်း၊ ထားလေတိုင်းကို၊ ဖြတ်ပိုင်း နင်းနယ်၊ သူငယ်တို့အား၊ ခန့်ထား, နှုတ်စေ၊ “ဤသဲမြေနှင့်၊ သပြေ ဇမ္ဗူ၊ စိုက်ထားသူကို၊ လှိုက်ဆူ ကျော်ဝှန်၊ ဇေတဝန်၌၊ အစွန် သွယ်ထုတ်၊ ရှေ့စမုတ်ဝယ်၊ မေးပုစ္ဆာခံ၊ ငါ၏ထံသို့၊ ကောင်းကြံ သေခွေ၊ လာစေ”မိန့်ရှိ၊ ဂုဏ်ရောင်ညိသား၊ သာရိပုတ္တရာ၊ မြတ်စွာ မထေရ်၊ ကြွလေသည်တွင်၊ ရွှေပြည် ထုတ်ချင်း၊ ရွှေမြို့တွင်းသို့၊ ချင်းနင်းပြီးမှ၊ ညီ, အစ်မတို့၊ ရောက်ကြလေရှောင်း၊ သူငယ်ပေါင်းတို့၊ အကြောင်း မချန်၊ အကုန်ပြန်က၊ ဝေယန် တမျှ၊ ရွှေကျောင်းမ,ဝယ်၊ သာလှ ထွန်းပေါ်၊ စမုတ်တော်သို့[4]၊ အမြော်,အဖူး၊ အထူး ပုစ္ဆာ၊ လျှောက်အံ့ငှါသည်၊၊ ဗိုလ်ပါ, စုစု ဝေးဝေးတည်း။


  1. အစုံပါ၍ (မန်း-မူ၊ ဟံ-မူ တို့တွင် မပါ)
  2. မြို့နား မြောက်,တောင်၊ သာလွန်ဆောင်သည် (မန်း)
  3. လေးစု သပြေ (မန်း)
  4. ရွှေကျောင်းတော်သို့ (ဦး)