Page:နန္ဒီသေနပျို့.pdf/47

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၄၄
လက်ဝဲသုနန္ဒရ
 

၁၀၄။။ ရွာ,မန်ကျည်းတုံ၊ နတ်ဘုံတမျှ၊ မိဘ မိုးမြေ၊ မွေးချက် ကြွေတွင်၊ မျိုး,ဆွေ စည်းဝေး၊ ချမ်းသာ အေးလျက်၊ ဘေးလည်း မညှိုး၊ ဘိုးလည်း မလျ၊ ဘလည်း မနွမ်း၊ မင်းရေးကျွမ်း၍၊ မှုထမ်း မူလ၊ မတိမ်း ရတည့်။ မွေးဖ မိခင်၊ ထားရင်ခွင်ဖြင့်၊ လည်တွင် ခွေရစ်၊ ပျော်တုံ ဖြစ်သား၊ ခုနစ်နှစ်,သက်၊ ငယ်ရွယ်ချက်နှင့်၊ လိုက်ဖက် မတန်၊ လေ့ကျက်ဟန်ကား၊ ကျမ်းဂန် ပေစာ၊ သဒ္ဒါ လက်ဦး၊ ဆွတ်ယူ,ခူးမှ၊ ကျေးဇူး တီထွင်၊ သွန်သင် သိမ်းရုံး၊ ဆယ့်သုံးနှစ်တိုင်၊ လက်စွဲကိုင်လျက်၊ တတ်နိုင် အစွမ်း၊ အကျမ်း ကျမ်းကို၊ ကြိုးပမ်း လုံ့လ[1]၊ အခြေရသား၊ ကြီးမားဂုဏ်ရည်၊ ဆရာ သည်မူ၊ ပတ်လည် ရှာဆည်း၊ ရေသော် ပည်းရှင့်။ မန်ကျည်းတုံရွာ၊ ရွှေဘုံသာနှင့်၊ ရတနာပူရ၊ ရွှေအင်းဝ၌၊ ဒုတိယ မှန်စီ၊ ထံတော်မှီမှ၊ သီရိမာန်အောင်၊ ပြိုးပြိုးပြောင်တည့်။ တိမ်တောင် တက်ဆို့၊ ရွှေမြင့်မြို့ဝယ်[2]၊ နေသို့ တောက်ထိန်၊ ဝင်းဝင်းရှိန်သည်၊ အစိန္တေယျံ၊ မုဋ္ဌောမံ၏[3]၊ ကျောင်းရံတော်မှ၊ ဝိဟာရနှင့်၊ ထိန်လှ ဝင်းဝါ၊ အာကာ မို့မှိုင်း၊ တောင် ဆိုင်းဆိုင်းတည့်။ စစ်ကိုင်း သာစံ၊ မင်းဝံ နကို၊ တောင်ရိုးခိုလျက်၊ ထိုထို ဆင့်ပွါး၊ သင် ကြိုးစားမှ၊ တိုးပွါး ရာရာ၊ ဇာတိမှာလျှင်၊ မဟာပဝရ၊ သမ္ဗောဓတိ၊ ကဝိ ဖုန်းစည်၊ မြတ်မထေရ်မူ၊ ဂုဏ်ရည် ဖက်ကင်း၊ ဆရာရင်းတည့်။ သတင်း ချီးကျူး၊ သို့စင်ထူးသည်၊ ကျေးဇူးရှင်များ၊ အပါးပါးတွင်၊ ညွှတ်တွား ကြည်လင်[4]၊ စာပွဲဝင်သည်၊၊ သွန်သင်,ဆော်လှုံ့ အလိုင်းတည်း။

၁၀၅။။ ဆယ့် တနှစ်သာ၊ ငယ်နုစွာက၊ သာသနာ ပွဲနေ၊ ရဲစိတ်ဝေလျက်၊ သာမဏေပျို၊ သုံးဝါဆိုမှ၊ ထိုထိုနှံ့အောင်၊ လူ၏ဘောင်ဝယ်၊ ရွက်ဆောင် စေ့ငု၊ မင်းမှု,မင်းရေး၊ ဆွေးနွေး ပညာ၊ တတ်လိမ္မာလည်း၊ ဟံသာရောက်မင်း၊ လျှံဝင်း ညွန့်လူ၊ ရိပ်ဖြူ လွလွ၊ စိုးကာလ၌၊ မိဘလယ်တွင်၊ ချစ်ကြင် ခွေရစ်၊ ငယ်သည်ဖြစ်၍၊ ကျစ်လစ် သေချာ၊ ထုံးစံ ရှာလျက်၊ ရောက်လှာ မလပ်၊ မင်းနေရပ်ဝယ်၊ ကြပ်ကြပ် စိစိ၊ မထမ်းမိတည့်။ သီရိ သရေ၊ လျှံဝေ ကြီးထု၊ ကေတုမတီ၊ ရွှေပြည်ညီဟု၊ တူပြီ မယွင်း၊


  1. ဆယ့်သုံးနှစ်မြောက်၊ သက်ရွယ်ရောက်အောင်၊ ရှေ့နောက် ဆင်ခြင်၊ မြော်မြင် လုံ့လ (ဦး, ဟံ)
  2. ရွှေပြည်မြို့ဝယ် (ဟံ)
  3. ဗုဒ္ဓေါမံ၏ (မန်း, ဟံ)
  4. ဆ,ပွါး ကြည်လင် (မန်း)