Page:နန္ဒီသေနပျို့.pdf/45

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၄၂
လက်ဝဲသုန္ဒရ
 

စွာသည်၊ မဟာ ကပိလ၊ ရွှေပြည်ရ၍၊ ဒီပ တကြော၊ လွန် ကျော်စောသည်၊ သုဒ္ဓေါဒန၊ မွေးဖ နတ်ရှင်၊ ရွှေနန်း တင်သား၊ မိခင် မာယာ၊ လွယ်ကာ သိမ်းပိုက်၊ ရွှေကြာတိုက်တွင်၊ ကောင်းမြိုက် သန္ဓေ၊ ကိန်းအောင်းနေမှ၊ နန်း ရွှေ ဥကင်၊ ဖွားမြော်မြင်၍၊ ရုပ်သွင် ကျစ်လစ်၊ ဆဲ့ခြောက်နှစ်တွင်၊ ကျွမ်းချစ် ယသော်၊ တောင်ညာပျော်နှင့်၊ မွေ့လျော် ရွှင်စံ၊ မောင်နှံ စိုးနှိမ်၊ မင်းစည်းစိမ်ကို၊ ငြိမ်ဆိမ်ဖွင့်လှစ်၊ ဆယ့်သုံးနှစ်တည့်။ မင်းဖြစ် မလို၊ တောကြီး ခို၍၊ မြင့်မို မက၊ အာကာသ က၊ ဗြဟ္မာ့ သင်္ကန်း၊ ထွေထွေဆန်းဖြင့်၊ ရဟန်းတော်ဖြစ်၊ မြှေး မညစ်တည့်။ လေးသစ္စာမြင်၊ ဗောဓိပင်ဝယ်၊ ပယ်ထွင် ငါးကြိမ်၊ ငါးမာန် နှိမ်၍၊ ဂုဏ်အိမ်ကိုးစု၊ စတုဝေသာ၊ စ၍ဖြာလျက်၊ သမ္မာ သမ္ဗုဒ္ဓ၊ လောကမှန်ကူ၊ ဖြစ်တော်မူ၍၊ မပူစိမ့်ငှါ၊ သတ္တဝါကို၊ ခေမာပြည်သို့၊ ရောက်အောင်ပို့သည်၊၊ လူတို့ဆရာ ရွှေထီးတည်း။

၁၀၁။။ ပြည် သာဝတ္ထိ၊ နရုတိတွင်၊ ကျောင်းကြီးအလယ်၊ ဂုဏ် ကိုးသွယ်နှင့်၊ စံပယ်စီလျဉ်၊ နေခါစဉ်၌၊ ဂုဏ်ပညာရ၊ သဟဿတည့်၊ ဝါဒ ပုစ္ဆာ၊ အစုံပါနှင့် ဝေသာလီက ရောက်လှာကြသည်၊ မိဘ မခြား၊ စွမ်းအား ရည်တူ၊ လေးယောက်သူကား၊ ဘိက္ခူနီစစ်၊ ရဟန်းဖြစ်၍၊ မြှေးရစ် ဝေမှောင်၊ ကင်းလေအောင်လျှင်၊ ရွက်ဆောင် သတ္တိ၊ ဂုဏ်ထူးရှိသည်၊ သာရိပုတ္တရာ၊ ရှင်မြတ်စွာ ကို၊ မဟာဝိဒု၊ အကြောင်းပြု၍၊ သုံးလူ့ရပ်နေ၊ လူတတွေကို၊ သံဝေ ဇီဝိန်၊ ကြောက်လန့်မှိန်အောင်၊ ကလိင်္ဂဇာတ်၊ ဟောတုံမှတ်သည်၊ ကျမ်းမြတ်က ထွက်၊ အချက်ချက်ကို၊ ဆောင်ရွက် သေခွေ၊ နာပါစေဟု၊ သက်သေ ထုံးညီ၊ သင့်ရာ မှီ၍၊ နန္ဒီသေန၊ ထွန်းပ တန်ဆာ၊ ဆင်စရာသည်၊၊ ရွှေစာ,စုံစေ့ ဤတွင် ရွေ့တည်း။