Page:နန္ဒီသေနပျို့.pdf/42

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၃၉
နန္ဒီသေနပျို့
 

ရေးကို၊ မပေးဘူးပင်၊ စိတ်တော်ထင်လည်း၊ ရင်ခွင်ဝယ် ကြီး၊ ရူမငြီးသည့်၊ သမီး လေးပါး၊ မိဖုရားကို၊ ထောက်ထား၍သာ၊ သည်းခံပါ”ဟု၊ တန်ဆာ ဝတ်စား၊ ဖလား လက်ကောက်၊ ထိုက်လျောက် များစွာ၊ ရတနာကို၊ သည်မှာ တခြား၊ သမီးအားလျှင်၊ သုံးစား ဝတ်ဆင်၊ ရံထားပြင်၍၊ နတ်ရှင်မင်းအား၊ ပတ္တမြား လျှံတောက်၊ ပြည်တန်ကျောက်နှင့်၊ အမြောက် သေနတ်၊ မင်းဝတ်,မင်းစား၊ များလှ,သီးသီး၊ ဆင်ကြီး,မြင်းကြီး၊ ပုံဖြီး ပဏ္ဏာ၊ အစုံပါသည်၊၊ ပန်ထွာ,ခွင့်တောင်း ညွတ်,ခတည်း။

၉၄။။ မင်း,မိဖုရား၊ လေးပါး သခင်[1]၊ ရွှေနန်းရှင်က၊ ဆောလျင် မကြာ၊ သံ ရောက်လာသော်၊ သံစာကို ကြား၊ သံစကားကို၊ ရွှေနားတော်ယူ၊ ထီးဖြူ နန်းအိမ်၊ စည်းစိမ်က စ၊ မြို့ပြနိုင်ငံ၊ ခြွေရံ,လက်ပါး၊ မှုထမ်းများအား၊ ထောက်ထား ယူဆ၊ အဿကဟု၊ နရ အထွတ်၊ လောက နတ်လျှင်၊ မသတ် ခွင့်ရေး၊ ချမ်းသာ ပေး၍၊ ဆွေးနွေး မှာစာ၊ ပြန်သည်မှာကား၊ “သစ္စာ ခွေရစ်၊ ယွင်း မလစ်လျှင်၊ နှစ်သစ် သဘင်၊ ဝါဝင်, ဝါကျွတ်၊ သုံးလည် ဝတ်ကို၊ မချွတ် မလွဲ၊ ကန်တော့ပွဲနှင့်၊ အမြဲရောက်စေ”၊ မိန့်ခဲ့ပေမှ၊ အနေ,အထား၊ အသွား,အထွက်၊ ဘယ် နေ့ရက်ကို၊ ရွှေစက် ဖြန့်လည်၊ သို့ ရိပ်ခြည်နှင့်၊ အတည် အရပ်၊ လိုက်မြဲ အပ်၍၊ အတပ်တပ် သား၊ အခြားခြားကို၊၊ ခန့်ထား,ရန်တော် မူ၏တည်း။

၉၅။။ ခန့်ထား ရန်ပြီး၊ အသီးသီးလျှင်၊ မတ်ကြီး လျှောက်ထား၊ ထုံး စကားကို[2]၊ ရွှေနားတော်ငွေ့၊ မစဲ၍လျှင်၊ စေ့စေ့ ငုငု၊ စီရင်မှု၌၊ တခု မကျန်၊ ဝေဖန် သိမ်းမြန်း၊ မကျန်း မမာ၊ စစ်ကြောရှာ၍၊ ဆရာ,သမား၊ ကုစား ထက်ကြပ်၊ ကိုယ်စီအပ်မှ၊ တပ်စခန်းမှာ၊ တရက်လာကို၊ သာသာ ဖြည်းဖြည်း၊ နှစ်ရက် တည်း၍[3]၊ တစည်း တရုံး၊ တလုံးတည်းသာ၊ ပြန်ခဲ့လာမှ၊ အောင်ချာ မှန်ကင်း၊ ရောက်လေလျှင်း၍၊ ရွှေမြင်းမိုတောင်၊ သူရာ့ဘောင်၌၊ ဆောင်ဆောင် ဗိမာန်၊ မနှိုင်းတန်သည်[4]၊ ဝေယန်


  1. လေးပါး ဖခင် (မန်း)
  2. ထိုစကားကို (ဦး)
  3. နေ့ရက်တည်း၍ (ဟံ)
  4. ရွှေမြင်းမိုတောင်၊ သူရာအောင်တွင်၊ ဆောင်ယောင် ဗိမာန်၊ မနှုန်းတန်သား (ဦး)။
    ရွှေမြင်းမိုတောင်၊ သူရာအောင်လျှင်၊ ဆောင်ဆောင် ဗိမာန်၊ မနှုန်းတန်သား (ဟံ)။