Page:နန္ဒီသေနပျို့.pdf/36

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၃၃
နန္ဒီသေနပျို့
 

မြောင် တပ်ပြိုင်၊ ဘယ်ခံနိုင်အံ့။ စိုးပိုင် တဝ၊ ကလိင်္ဂ က၊ ပွဲရလိမ့်မည်၊ နှစ်ပြည် စိုးခြင်း၊ မိုးနတ်မင်း၏၊ သတင်း စကား၊ တဆင့်ကြားကို၊ ရွှေနား မနာ၊ တွေးထောက်စာ၍၊၊ သင်္ကာ,ကင်းတော် မူပါလော့။။”

၈၂။။ ဤသို့ သီးသီး၊ အမတ်ကြီးက၊ နည်းမှီး ထုံးရပ်၊ တော်ရာ ချပ်၍၊ ကြပ်ကြပ် စိစိ၊ လျှောက်သည်ရှိသော်၊ ဘူမိပါလ၊ အဿကလည်း၊ “ပြသ ထုံးတီး၊ နည်းကို မှီး၍၊ မတ်ကြီး ရှာရွေး၊ သည်အရေးမူ၊ တွေးတွေး, ဆဆ၊ တော်,လျော်စွတည့်။ နေ့ , လ မရှည်၊ တိုက်မည်ကိုသာ၊ ရှာရှာ, ဖွေဖွေ၊ စီရင်လေ”ဟု၊ ရေမြေ စိုးရ၊ နရိန္ဒက၊ ကိစ္စ မှုခင်း၊ အကုန် နှင်း၏။ မင်းအဿက၊ စိုးရ ရွှေပြည်၊ တပတ်လည်တွင်၊ နှုန်းရည် မမီ၊ ရေပေါ်ဆီသို့၊ နန္ဒီသေန၊ ဉာဏ စိုက်ထောင်၊ မတ်ကျော်ခေါင်ကား၊ စေ့အောင် မလပ်၊ အတပ်တပ်ကို၊ အရပ်,အနေ၊ နှိုးဆော်စေမှ၊ သေခွေ မပျက်၊ ရှေး ချိန်းချက်သည့်၊ နေ့,ရက် ရောက်ခါ၊ များဗိုလ်ပါနှင့်၊ ချီလာ အုတ်ကျက်၊ တပ်မ ထွက်၍၊ ရဲမက် စည်းဝေး၊ တိုက်သံ ပေးသည်၊၊ ဟစ်ကြွေး, ကြော် သံ သောင်းသောင်းတည်း။

၈၃။။ ပါဋလိပုတ်၊ သမုတ် အမည်၊ ထိုရွှေပြည်ကို၊ စိုးသည် မင်းခေါင်၊ ဖုန်းရောင် တက်သစ်၊ ဧကရာဇ်လျှင်၊ ရန်စစ်သည်ကောင်း၊ မှူးမတ်ပေါင်းနှင့်[1]၊ သောင်းသောင်း ဝန်းကျင်၊ ထွက်သည် မြင်က၊ နတ်သျှင် ပဝရ[2]၊ ကလိင်္ဂလည်း၊ “တပ်မ, တပ်ခံ၊ တပ်ရံ, တပ်သိမ်၊ အာဏာ နှိမ်က၊ ငြိမ်ဆိမ် သေခွေ၊ စီရင်လေ”ဟု၊ ဗိုလ်ခြေ ရုရု၊ တပ်ပေါင်းစုလျက်၊ ဗိုလ်ထု အုတ်ကျက်၊ ဆီးကြိုထွက်၏။ နှစ်ဖက် တပ်ဖျား၊ နှစ်ပြည်သားတို့၊ တည်ကြား ညီညှိ၊ တပ်ပြိုင်မိသော်၊ တပ်ကြီး ရံဆွယ်၊ တပ်လယ်စွယ်ကို၊ သွယ်ဝယ် မဆိုင်း၊ ခုန်ပြေး စိုင်းလျက်၊ ဒိုင်း နှင့် ကာ,လွှား၊ ရင်တား ကတုတ်၊ ဓား,ဒုတ် လှံရေး၊ ပြောင်း,လေး သေနတ်၊ ပစ်ခတ်မည်သွင်၊ ဆင် မှာ, ဆင်ချင်း၊ မြင်းမှာ,မြင်းလျောက်၊ ဆိုင်ရာ ကောက်၍[3]၊ ရွံ့,ကြောက်လေအောင်၊ မြောက်,တောင် ပြေးထွက်၊ ဝန်းရှက်ကြကုန်၊ ရဲမက်ဟုန်ဖြင့်၊ မြူး,ခုန် ရွှင်ပျ၊ ဟန်ရေးပြလျက်၊ ဆီးဆ ကြော်ငြာ၊ သောင်းသောင်း လာသည်၊၊ မျက်ပါ,မာန်ရှိန် ခြောင်းခြောင်းတည်း။


  1. ရန်စစ်သည်ပေါင်း၊ မှူးမတ်ကောင်းနှင့် (မြန်)
  2. နတ်သျှင် နရိန္ဒ (မြန်)
  3. ဆိုက်ရာကောက်၍ (မြန်)