Page:နန္ဒီသေနပျို့.pdf/33

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၃၀
လက်ဝဲသုန္ဒရ
 

၇၂။။ နတ်သျှင့် စကား၊ ကြားလတ်တုံပြီး၊ အမတ်ကြီးကား၊ “ဖုန်းမီး နေတူ၊ တက်ထွန်းပြူက၊ ရန်သူတော်ပေါင်း၊ ၀ပ်ညောင်းရမည်၊ ဘယ်သည်ကိုမှ၊ မကြောင့်ကြနှင့်။ လုံ့လ မြဲမြံ၊ ကျွန်ုပ် ကြံအံ့။” ဝန်ခံခဲ့ပြီး၊ စစ်သူကြီးနှင့်၊ မသီး,မကွဲ[1]၊ သူရဲစုတွင်၊ စွမ်းအင် အရည်၊ ရှုရိပ်ခြည်ဖြင့်၊ ဖွေနှည် ရွေးကောက်၊ ခေါ်ခဲ့မြောက်မှ၊ တောချောက် ဂနိုင်၊ စုံမြိုင် ချမ်းရိပ်၊ တောင်ညွန့်ထိပ်ဝယ်၊ စိပ်စိပ် ဖြာဖြာ၊ နာသာ စကား၊ ဆိုမြွက်ကြား၏။ “ပိုက်ဖြား မြတ်လေး၊ ကိုယ်တော် မွေး၍၊ အရေးတော်ယူ၊ ချစ်တော်မူသည်၊ အို သူရဲပေါင်း၊ မှုထမ်းကောင်းတို့၊၊ အလောင်း နတ်သျှင်၊ တို့သခင်အား၊ ကြင်ကြင်,ချစ်ချစ်၊ နှစ်နှစ်,လို့လို့၊ သင်တို့ အသက်၊ နှင်း, ဆက်ကြမည်၊ စိတ်ရည် တံ့စား၊ တည်ကြား မသုန်၊ ရှိပါကုန်မူ၊ ဆင်းခုန် ယခု၊ တစု,တရုံး၊ နှလုံး မတွန့်၊ ဤတောင်ညွန့်မှ၊ သက်စွန့်ကြပါ၊” ဆိုသော ခါသည်။။ လိုရာ,လိုက်မည် ငင်းငင်းတည်း။

၇၃။။ တောင်ထက် ခုန်ဆင်း၊ ရပ်မတင်းဟု၊ တသင်း ဗိုလ်ခြေ၊ ရှိကြလေသော်၊ “ မြိုင်ဝေ,တောကြီး၊ ဤခရီးဝယ်၊ ချည်းနှီး သက်သက်၊ သေသော့ထက်ကား၊ ဆက်လက် တညီ၊ တစီ တလျဉ်၊ သားစဉ် မြေး,မြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်,တမက်၊ ကိုယ် နှင့် သက်ကို၊ နှင်းဆက် တိုက်မည်၊ အားသံရည်၍၊ ဦးလည် မသုန်၊ ထမ်းပါကုန်လော့။ ဂဠုန်မင်းအား၊ မရှောင်ရှားပဲ၊ နဂါး ရန်တွေ့၊ ခြင်္သေ့ နှင့် ယုန်၊ ပြိုင်သော့ဂုဏ်သို့၊ မာန်ဟုန် ပြင်းချိန်၊ ကလိင်္ဂရာဇ်၊ ပေါ်သော စစ်ကို၊ မနစ်,မဆုတ်၊ အားထုတ် ဝမ်းရွှင်၊ ထမ်းစေချင် ”ဟု၊၊ ပဲ့ပြင်,နားပါး သွင်းသွင်းတည်း။

၇၄။။ နန္ဒီသေန၊ မြွက်ဟ စကား၊ ကြားကြလေရှောင်း၊ သူရဲပေါင်းလည်း၊ လွှဲပြောင်း မရှိ၊ တညီညှိသို့၊ “သတိ မယွက်၊ စိတ်စက် မထူး၊ ကျေးဇူး သစ္စာ၊ စောင့်သိစွာလျှင်၊ ထမ်းပါကြအံ့။ ခိုင်ကြံ့ကြံ့ တည့်။ တည်တံ့ မယို၊ ယုဂန္ဓိုရ်နှင့်၊ မြင့်မိုတောင်ထိ၊ ရန်သူ ဖိလည်း၊ တစိ မညံ့၊ စိုး,မရွံ့”ဟု၊ ခိုင်ခံ့ တည်ပ၊ လုံ့လ အစွန်[2]၊ နတ်သျှင့်ကျွန်တို့၊၊ ခံဝန်, ကြပ်ကြပ် တင်းတင်းတည်း။

၇၅။။ ရဲစု, ရဲဘော်၊ ညီကြသော်လျှင်၊ တပ်တော်ရှိရာ၊ ထွက်ခဲ့ လာမှ၊ လောကာဓိပ၊ အဿက အား၊ သာရဂမ္ဘီ၊ ပြည့်စုံညီသည်၊ နန္ဒီသေန၊ ကြောင်းကိစ္စကို၊၊ ဖော်ပြ,စေ့ရေ လျှောက်တုံပေ၏။


  1. မတီး မကွဲ (မြန်)
  2. လုံ့လ အားခွန် (မြန်, မန်း, ဟံ)