Page:နန္ဒီသေနပျို့.pdf/32

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၉
နန္ဒီသေနပျို့
 

ကို၊ နှစ်ပါးမင်းက၊ ကြောင်း,ခြင်း စိစွေး၊ ချောင်းမြောင်းမေးလည်း၊ အရေးကြားတိုင်း၊ မဆိုင်း မချန်၊ ပြန်၍ ကြောင်းစ၊ မိန့်လိုက်ဟရှင့်။ ကလိင်္ဂမင်း၊ ထွတ်သနင်းကား၊ ရွှင်ခြင်း,ရွှင်တင့်၊ ရွှင်ပန်းပွင့်၍[1]၊ စစ်ခွင့်,စစ်မှု၊ အစုစုကို၊ ဂရု မထူ၊ နိုင်မည်သူဟု၊ စိတ်ယူ သတိ၊ လျော့ချေမိ၏။ ပါဋလိပြည်၊ စိုးသည် ရာဇ၊ နရိန္ဒကား၊ သူက စစ်အောင်၊ တို့ စစ်ရှောင်အံ့[2]။ တိမ်တောင် မိုးနတ်၊ နိမိတ်ဖတ်ဟု၊ စွဲမှတ် ဝမ်းမှာ၊ မသက်သာ၍၊၊ ကြောင်း,ချာ စေ့စုံ ဆိုလတုံ၏။

၇၀။။ လုံးလုံး ထွေးထွေး[3]၊ နှလုံးလေးလျက်၊ စစ်ရေး မှုအင်၊ မတ်ကျော်ထင်ကို၊ တိုင်ပင်သည်ကား၊ “ဂုဏ်ရည် ထွန်းညိ၊ အရေး ရှိမှု၊ ပဏ္ဍိသရေ၊ တိုး လေလေတည့်။ ပဒေသာဉာဏ်၊ ညွန့်သန် ခိုင်ဖြီး၊ ဆွတ်တိုင်း သီးရှင့်။ နောင်ကြီး အသွင်၊ ငါ့စိတ်ထင်သည်၊ ဂုဏ်အင် မြောက်မြား၊ မတ်ခေါင်ဖျား၊၊ လေးပါး စစ်အင်၊ ဝန်းကျင် ရံပတ်၊ သင်အမတ်နှင့်၊ ငါနတ်သျှင်ကိုယ်၊ ချီသည်ကိုလျှင်၊ ဘယ်ဗိုလ်,ဘယ်မင်း၊ ဘယ်က တင်း၍၊ ဘယ်ခင်း ရေးရာ၊ ဘယ်အာဏာကြောင့်၊ ငါတို့သည်သူ၊ အောင်လံ ထူလျက်၊ ရည်တူ လက်ရုံး၊ ဘယ်ကကြုံး၍၊၊ စစ်ရှုံး,တို့ခံ သင့်သလော။

၇၁။။ “နိုင်ငံတဝိုက်၊ ကိုယ်စီတိုက်ဖြင့်၊ ငါ့နှိုက်ဆိုဘွယ်၊ သူ့ဝယ်ဆိုရာ၊ မရှိသာတည့်။ မြို့ရွာ ပတ်လည်၊ ရွှေပြည် စိုးချာ၊ သို့နေရာတွင်၊ မျက်ပါ မာန်တက်၊ နှလုံးထွက်၍၊ လက်နက် ဆင်,မြင်း၊ လုံးရင်း လူဗိုလ်၊ ခိုင်းနှိုင်းလို ဟု၊ ငါ့ ကို မတူ၊ သူ့ စိတ်ယူရှင့်။ ငါ့ မူလည်း ထောက်၊ ဂုဏ် မမြောက်တည့်[4]။ လာရောက် မဆိုင်း၊ ဂုဏ်သံလှိုင်းလျက်၊ တို့တိုင်း ပြည်တိုင်၊ သူ့ခရိုင်က၊ တို့နိုင်ငံတွင်း၊ တမန်ချင်း၍၊ ရန်တင်း မေးလှာ၊ ရန်စ ရှာလျက်၊ ရန်တာ ပွါးစည်၊ ကြုံတော့မည်တည့်။ သူ ပြည်ကြီးပိုင်၊ ငါ နိုင်ငံစိုး၊ ဂုဏ်ချင်းကိုး၍၊ တန်ခိုး ဖုန်းတန်း၊ ပြိုင်နှုန်းနှန်း၏။ ဂဏန်း တခြား၊ ဟူးရား တလည်၊ စနည် မြားမြောင်၊ တပေါင်,အတိတ်၊ နိမိတ်, ဩဘာ၊ အရာရာကို၊ ရှာရှာ, ရွေးရွေး ၊ ဉာဏ်ရည် သွေး၍၊၊ အရေး,သို့ကြံ သင့်သလော။။”


  1. ရွှင်ပန်းပွင့် (ဦး-မူတွင် မပါ)
  2. တို့စစ်အောင်၍ (ဦး)
  3. လုံးထွေး လုံးထွေး (ဦး)
  4. ငါမူ သည်လောက်၊ မာန်
    မမောက်တည့် (ဦး)