Page:နန္ဒီသေနပျို့.pdf/30

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၇
နန္ဒီသေနပျို့
 

တင်စေငြားလျက်၊ ငါ့အား ငြင်ငြို၊ စစ်ပြိုင်လို၍[1]၊ ငါ့ကို မရှောင်၊ အန်ထောင်ဝံ့သူ၊ သိမ်းကြယူဟု၊ ဇမ္ဗူ ပြောစည်၊ ကျွန်းကို လည်၍၊ ဘယ်ပြည်, ဘယ်နန်း၊ ဘယ်တိုင်းခန်းက၊ နှုန်းနှန်း ဖော်ဖွေ၊ မဝံ့ချေတည့်။ အောင်မြေသီရိ၊ ပါဋလိတွင်၊ ပြည်ကြီး ဂုဏ်ဆီ၊ ကျော်လွံ့ ညီ၍၊ နန္ဒိသေန၊ ကြံ, လုံ့လဖြင့်၊ အဿကမင်းကြီး၊ ဖုန်းရောင် ညီးလျက်၊ သမီး ကညာ၊ ဆင်း ဒေဝါကို၊ အောင်မျာ ဘုံခန်း၊ စိတ်ရွှင်လန်း၍၊၊ ရွှေနန်း,သိမ်းယူ တင်သတည်း။

၆၄။။ “လေးယောက် ကညာ[2]၊ ဆင်းကလျာကို၊ ပြည် ပါဋလိ၊ ဓိပတိက၊ မင်း မိဖုရား၊ မြောက်သောအားကြောင့်၊ နှစ်ပါးမင်းကို၊ စကားဆိုလျက်၊ ရန်လို ရန်ခိုက်၊ စိတ်မာန်လိုက်၍၊ စစ်တိုက်ကြမည်၊ စစ်ပွဲစည်အောင်၊ နှစ်ပြည် စွန်းသွယ်၊ နှစ်နယ် လယ်၏၊ ရှက်သွယ် မြေစပ်၊ ခရီးရပ်တွင်၊ နှစ်တပ် ရွယ်စောင်၊ ဗိုလ်မြားမြောင်နှင့်၊ ဘယ်တောင်,ဘယ်ကမ်း၊ ဘယ်လမ်း မဆံ့၊ မြေပြင်နုမျှ၊ တိုက်အံ့ ဘယ်,ညာ၊ ချီကြလာသည်[3]၊ ဗိုလ်ပါ, သောင်းသောင်း ပြင်သတည်း။

၆၅။။ “သူတော် မထေရ်၊ ငါ့အရည်နှင့်၊ ငါသည် တွေးဆ၊ ငါ့စိတ်ကမူ၊ ဒုက္ခ မချွတ်၊ ဤဝဋ်တွင်းမှာ၊ သတ္တဝါတို့၊ ကြမ္မာ မလွတ်၊ ဥပဒ်ဖြစ်လို၊ တိမ်းပြို ပြည်တဲ၊ ဆင်းရဲ တာရှည်၊ ဖြစ်ကြမည်တည့်။ နှစ်ပြည် ကွပ်ထိုင်း[4]၊ နှစ်တိုင်းစိုးသား၊ မင်းနှစ်ပါးတို့၊ ရန်ပွား မျက်မှုန်၊ အရေး ကုန်မှ၊ မတုန် မလန့်၊ အဝှန့် ဗိုလ်ပါ၊ ချမ်းသာမည်ပင်၊ ငါစိတ်ထင်၍၊ နတ်သျှင် နရ၊ အဿကနှင့်၊ ဘူပ ဇနိန်၊ ကလိင်္ဂရာဇ်၊ ကြံသည့်စစ်တွင်၊ ဖုန်းသစ် လျှံဝင်း၊ ဘယ်သည့် မင်းက၊ အောင်ခြင်း ရောက်မည်၊ သို့ဖြစ်သည်ကို၊ နှစ်ပြည် စိုးကာ[5]၊ တန်ခိုး ဖြာသည်၊ ဒါယကာမြတ်၊ မြင့်မို နတ်လျှင်၊ ပြတ်ပြတ် ရွေးကောက်၊ ယခု လျှောက်လော့။ ထောက်ထောက် တွေးတွေး၊ နောက် နှင့် ရှေးကို၊၊ ကြောင်းရေး,ငါသိ ချင်သတည်း။

၆၆။။ ရသေ့ ခေါင်ဖျား၊ မေးသောအားဖြင့်၊ သိကြား ဒေဝါ၊ လျှောက်သည်မှာကား၊ “ဝဋ် , ကာမ ဝဲ၊ သုံးဘုံ ထဲ နှိုက်၊ ဆင်းရဲ ကြီးစွာ၊


  1. စစ်ပြုလို၍ (မြန်)
  2. လေးယာက် သညာ (မြန်)
  3. ချီအံ့လာသည် (မြန်, ဟံ)
  4. နှစ်ပြည် ကွပ်ဆိုင်း (မြန်)
  5. နှစ်ပြည် စိုးချာ (ဦး)