Page:နန္ဒီသေနပျို့.pdf/28

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၅
နန္ဒီသေနပျို့
 

၅၀။။ အဿက ဟူသည်၊ တွင် အမည်ဖြင့်၊ နေခြည်တောက်ထိန်၊ ဖုန်းညွန့်ရှိန်၏။ ကလိင်္ဂရာဇာ၊ ထိုမင်းမှာလည်း၊ သမ္ဘာ မိုးထိ၊ ကျော်ကိတ္တိနှင့်၊ ပြည်ကြီး ရှင်ချင်း၊ တပ်ပြိုင်ခင်း၍၊ ထိုမင်း နှစ်ပါး၊ နိုင်ငံကြားဝယ်၊ တံ့စား မရွေ့၊ ကြံစုံစေ့လျက်၊ ဘယ်နေ့ တိုက်မည်၊ ဘယ်သည် မသင့်၊ ဘယ်လောက် လင့်ဟု[1]၊ ဘယ်နှင့်သောခါ၊ သင် နှင့် ငါသည်၊ တပ်တာ တည်တံ့၊ ဆိုင်ကြအံ့ဟု၊ အနှံ့အပြား၊ စကားတုံ့ပြန်၊ အတန်တန်သည်၊၊ တမန်,စေကြ စူးစမ်းတည်း။

၅၉။။ အကြောင်းအလမ်း၊ စုံစမ်း နေ့,ရက်၊ ချိန်းချက် ခင်းကျင်း၊ မြင်းကို စီရင်၊ ဆင်ကို စွယ်ချွန်၊ သန်မြန် လူရွေး၊ လေးကို ဆိပ်သွား၊ ဓားကို စီမံ၊ လှံကို ထက်သွေး၊ ခဲ,ဆေး လုံလောက်၊ အမြောက် သေနတ်၊ မပြတ် ပြင်ဆင်၊ တတပ်တွင်လည်း၊ စီရင် ဆုံးမ၊ တတပ်ကလည်း၊ ပြသ သေချာ၊ တမင်းမှာလည်း၊ အာဏာ လွှမ်းဖုံး၊ လက်ရုံးကို ကိုး[2]၊ တန်ခိုး ဂုဏ်ပြ[3]၊ တမင်းကလည်း၊ ထွက်မှ,ထွက်စေ၊ သရေ တက်တုန်း၊ ဘယ်သူ နှုန်းအံ့။ သူ့ဖုန်းကို ကိုး[4]၊ သူ့တန်ခိုးဖြင့်၊ သူကြိုးစားလှာ၊ သူ့အာဏာ သို့၊ ငါလည်း ထို့တူ၊ ထီးဖြူ ဖြန့်ကျင်း၊ ရန်နှင်ချင်း ဟု၊ ရဲတင်းစကား၊ အခြားခြားသည်၊၊ ကြုံးဝါး,ပြိုင်ကြ အစွမ်းတည်း။

၆၀။။ ကလိင်္ဂရာဇ်၊ မင်းစစ် ပေါက်ပြ၊ အဿက ဟု၊ နရ ဦးကိုင်၊ နှစ်ပါးပိုင်သည်၊ ခရိုင် သမိုင်း၊ တိုင်း,နှစ်တိုင်း၏[5]၊ ခန့်ပိုင်း သားနား၊ မြေအကြားတွင်၊ ဖုရားအလောင်း၊ မြိုင်တောကျောင်းနှင့်၊ ဝှန်သောင်း ထင်ပေါ်၊ ရသေ့ကျော်သည်၊ မွေ့လျော် ရွှင်ပြုံး၊ သီတင်းသုံး၏။ ရှေးထုံး, ရှေးတိတ်၊ နိမိတ်,ဩဘာ၊ အရာရာကို၊ ပညာစွမ်းအန်၊ မြော်မြင်တန်ဟု၊ နန္ဒီသေန၊ မတ်လှ ကျော်ခေါင်၊ ဖုန်းရောင် ရွှင်လန်း၊ ဖုန်းတန်း တက်ဝှန်၊ ပြည်ကြီးဝန်ကြောင့်၊ အားခွန်ထုတ်မည်၊ အတည်တည်ကို၊ ကြံစည်ရေးရာ[6]၊ စိတ်စာနာ၍၊၊ ပညာ,စိုင်းပြင်း လေသတည်း။


  1. ဘယ်လောက် လင့်လော့ (မန်း)
  2. လက်ရုံး ကိုးရိုး (ဦး, ဟံ)
  3. တန်ခိုးကို ပြ (ဦး)
  4. သူ့ဖုန်း ကိုးရိုး (ဦး, ဟံ)
  5. အဿကဟု၊ နာမ နှစ်ရပ်၊ ကျောစပ် နံခိုင်း၊ တိုင်း,နှစ်တိုင်း၏ (မြန်, ဟံ)
  6. ကြံစည် ရွေးရှာ (မြန်, ဟံ)