Page:နန္ဒီသေနပျို့.pdf/27

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၄
လက်ဝဲသုန္ဒရ
 

မြတ်ရွှေဂူဝယ်၊ မြို့သူ,မြို့သား၊ လူတလွှားအား၊ ခန့်ထား ညောင်ရေ၊ လောင်း သွန်းစေလော့။ စစ်မြေရပ်သို့၊ အစို့စို့လျှင်၊ ဆန်ပို့,ဆန်ကဲ[1]၊ ဆေး, ခဲ, လက်နက်[2]၊ ဆက်စေ မှတ်စာ၊ ဝင်သူမှာလည်း၊ နောင်လာ ဆင့်ပွား၊ ထပ်မနားလျှင်၊ ခန့်ထား စီမံ၊ မွေးနံတော်နှင့်၊ ကြုံသော် မမေ့၊ သက်တော်စေ့လျှင်၊ တနေ့ မပြတ်၊ သူတော်မြတ်အား၊ ကြည်ညွတ် ဆ,ပွား၊ ကိုယ်စားတော်ရည်၊ လှူဝတ် တည်လော့။ မှာသည် စကား၊ အခြားခြားကို၊ နားပါး သွင်းသွင်း[3]၊ လစ်မဟင်းသည်၊၊ မှုခင်း,ကုန်စင် ကြစေလော့။

၅၆။။ “စစ်ခေါင် မြေဝေး၊ ဦးဆွေး ဆံမြည့်၊ ထမ်းမည့်သူများ၊ ကို ထောက်ငြားက[4]၊ မယား,သား ပစ်၊ သို့စင်ဖြစ်ရှင့်။ နေရစ်မည့်သူ၊ တို့မှာ မူကား၊ မပူ မဆာ၊ ဗျာပါ သောက၊ ကင်းပျောက်ပလျက်၊ မယာ့း ရင်ခွင်၊ သားမျက်မြင်နှိုက်၊ သို့စင် နိစ္စ၊ နေချေရရှင့်။ ထောက်ဆ စာနာ၊ လုံခြုံစွာလျှင်၊ အိမ်ရာ ကိစ္စ၊ ဆိုသမျှထက်၊ မြို့ပြ,ကျေးရွာ၊ အဖြာဖြာနှင့်၊ အောင်ချာ စံတည်၊ နေတော်ပြည်နှိုက်၊ မည်သည် မဆို၊ အမှုကိုလျှင်၊ မယို,မယွင်း၊ သတိသွင်းလော့။ လစ်ဟင်းချေက၊ နေကျ မချွတ်၊ ရာဇဝတ်သည်၊ မလွတ် ဧကန်၊ မှန်ပြီ ထက်ကြပ်၊ တို့ဝယ် ကပ်ချိမ့်၊၊ အတပ်, ထင်မြင် ကြပေလော့။။”

၅၇။။ တသင်း တသင်း၊ ဆိုင်ရာခင်း၍၊ နားသွင်း သီးသီး၊ ဆုံးမပြီးသော်၊ ကောင်းချီး မစဲ၊ အောင်သံကြဲလျက်၊ လက်ဝဲ,လက်ယာ၊ ရှေ့မှာ နောက်ထား၊ အသွား,အနေ၊ မသွေ,မယွင်း၊ ခင်းကျင်း,စီရင်၊ ရှေးနည်း ပင်တည့်။ နတ်သျှင်ကိုယ်တော်၊ ချီလေသော်လျှင်၊ ရှုမျှော် ရေးရာ၊ သမ္ဘာ လက်ရုံး၊ အာဏာ ဖုံးသည်၊ တပ်လုံး ဆီမီး၊ စစ်သူကြီးကား၊ မငြီး,မငွေ့၊ မမေ့,မကျန်၊ ခန့်ထားရန်ကို၊ ဖန်ဖန် ရွေးရှာ၊ ခြင်းရာ ရေးငန်း၊ ကြံထူးဆန်းလျက်၊ စခန်း ထောက်ထောက်၊ ရောက်ရောက်သမျှ၊ ပြပြ ပြောပြော၊ သဘော သာချမ်း၊ ကြည်သောဝမ်းဖြင့်၊ ဝေခြမ်း ရိက္ခာ၊ မမာ မကျန်း၊ မေးမြန်း ကုသ၊ မ,စ ပိုက်ဖြား၊ ချီလေသွားသော်၊ နှစ်ပါးမင်းကို၊ နှစ်ဗိုလ်,နှစ်ရပ်၊ နှစ်တပ် ရှက်ဆိုင်[5]၊ အံ့မနိုင်သည်၊၊ တပ်ပြိုင်,မကွာ မလှမ်းတည်း။


  1. ထန်းပို့ ထန်းကဲ (မန်း)
  2. ဆေး,ပဲ,လက်ဖက် (စွယ်)
  3. နားပါး ထွင်းထွင်း (မန်း)
  4. ကို ထောက်ထားက (ဦး)
  5. နှစ်တပ် ဖက်ဆိုင် (မန်း)