Page:နန္ဒီသေနပျို့.pdf/25

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၂
လက်ဝဲသုန္ဒရ
 

၄၉။။ “ ဗိုလ်မှူး အာဏာ၊ စစ်ကဲမှာလျှင်၊ တည်ရာ ကြွင်းမဲ့၊ ကြောက်တုန်လဲ့လော့။ စစ်ကဲ အာဏာ၊ တပ်မှူးမှာလျှင်၊ သေချာ စေ့ငု၊ စွဲမှတ်စုလော့။ တပ်မှူး အာဏာ၊ အကြပ်မှာလျှင်၊ ညီညာ နှလုံး၊ ယူ၍ ကျုံးသို့၊၊ အရုံး,မခွဲ ကြစေနှင့်[1]။ ”

၅၀။။ တနည်း တနည်း၊ စာကမ္ဗည်းနှင့်၊ ရုံးစည်းတုံပြီး၊ မတ်ခေါင်ကြီးက၊ ထုံးတီး ဆွေးနွေး[2]၊ ကိုယ်ရေး,မင်းမှု၊ အနု,အရင့်၊ အခွင့်,အလမ်း၊ မြှော်စူးစမ်း၍၊ ရွက်ထမ်းစိမ့်ငှာ၊ ဆုံးမခါနှိုက်၊ ဗိုလ်ပါ တသင်း၊ ဆိုကြခြင်းကား၊ “ ‘သတင်း ပညာ၊ ဝှန်ဝါ တန်ခိုး၊ မျိုးရိုး စုံညီ၊ နန္ဒီသေန၊ ဂုဏ မြင့်မို၊၊ မတ်ဝိဒိုရ်ကို၊ ငါ့ကိုယ်တော်တူ၊ မှတ်ကြယူ၍၊ ဗိုလ်လူအများ၊ ခန့်ထားသမျှ၊ ထမ်းရွက်ကြ’ဟု၊ မြွက်ဟ ထုတ်ဖော်၊ အမိန့်တော်ကို၊ ထိပ်ပေါ် ဦးချ၊ ခံစေရရှင့်။ ကာလ ထောက်ရှု၊ စစ်မှု အလျောက်၊ အရေးရောက်က၊ မထောက်မညှာ၊ မျက်နှာ မရည်၊ တည်ကြည် လျောက်ပတ်၊ စီရင်တတ်”ဟု၊ စွဲမှတ် နေ့ည၊ပြောကြ တီးတုံး၊ တရုံးရုံးသည်၊၊ တပ်လုံး, သိမ့်သိမ့် တုန်သတည်း။

၅၁။။ “တို့ မှုထမ်းများ၊ ရဲမက်အားကို၊ လက်ဝါးပြင်ထက်၊ တင်လျက် မြဲမှတ်၊ မှုတ်မတတ်လျင်၊ မြတ်မြတ်,လေးလေး၊ မေးမေး မြန်းမြန်း၊ လန်းလန်း ရွှင်ရွှင်၊ ကြင်ကြင်,နာနာ၊ သဘောလာလျက်၊ ရေးရာ ပဲ့ပြင်၊ သွန်သင် ပြသ၊ ဆုံးမ သေခွေ၊ နည်းပြပေရှင့်။ ဣန္ဒြေတည်တံ့၊ နူးညံ့ မွေ့သိမ်၊ ငြိမ်ဆိမ်လှဘိ၊ မြတ်ပဏ္ဍိနှင့်၊ သတ္တိစွမ်းဟုန်၊ ကြီးသောဂုဏ်မူ၊ မကုန်အံ့ရာ၊ ဖြစ်ခဲစွာ”ဟု၊ ဝမ်းသာရွှင်ပျ၊ နှစ်သက်ကြသည်၊၊ ပြောပ, ချီးမွမ်း ကုန်သတည်း။

၅၂။။ “ဖိုးထိုက် စားထိုက်၊ အလိုက် ကိုယ်စီ၊ အင်းကျီ ပုဆိုး၊ ထည်မျိုး ရွှေငွေ၊ ထွေထွေ ကျောက်သံ၊ တင်စံ ဆုလပ်၊ ဆင့်,ထပ် ဝေ,ငှ[3]၊ ယူနှင့်ကြတော့။ လုံ့လ တိုးပွား၊ စွန့်စား ဦးလည်၊ ထမ်းရမည်တည့်။ ထမ်းရည်ရှိက၊ မြို့, ပြ, ရွာ, ပြည်၊ မည်ရည် ဆောင်ရွက်၊ တိုးတက်အောင်သာ၊ အရှင့်မှာလျှင်၊ ကောင်းစွာ ရည်ငံ၊ သနားခံ၍၊ အကြံ ရှာရွေး၊ ငါလျှင် ပေးအံ့။” ချမ်းအေး သာယာ၊ မိန့်လိုက်မှာရှင့်။ ဗိုလ်ပါ သောင်းသောင်း၊


  1. တရုံးမကွဲ ကြစေနှင့် (ဦး)
  2. ထုံးမှီး ဆွေးနွေး (မြန်)
  3. ဆင်,တပ် ဝေ,ငှ (ဆုံ)၊
    တင့်အပ် ဝေ,ငှ (မြန်)