Category:နွယ်သာကီသံဖြတ်

From Wikisource
Jump to navigation Jump to search

နွယ်သာကီသံဖြတ်များကို ပုဇွန်တောင်ဆရာခမှ စတင်သည်ဟု မှတ်သားဖူးပါသည်။ ပုဇွန်တောင်ဆရာခသည် မြန်မာသက္ကရာဇ် ၁၂၅၃ လောက်မှ စပြီး ထင်ပေါ် ကျော်ကြားလာသည်ဟုလည်း သိရသည်။ သူ၏နာမည်ကို အတိုကောက်အနေဖြင့် ဇွန်ခ ဆိုပြီးလည်း သုံးနှုန်းတတ်ကြသည်။

နွယ်သာကီသံဖြတ်များ စတင်ပေါက်ဖွားလာရသည်မှာ ပုဂံခေတ်မှ လှေထိုးသား စလေငခွေးအကြောင်းကို ရေးသော စလေငခွေးပြဇာတ်မှာ ဖြစ်ပါသည်။ အဓိကဇာတ်ကောင်များမှာ စလေငခွေးနှင့် သူ၏ချစ်သူ အဘု ဆိုသည့် ကောင်မလေးတို့ပဲ ဖြစ်ပါသည်။ အဘု၏ မိဘများသည် ချမ်းသာပြီး စလေငခွေးမှာတော့ လှေထိုးသားဖြစ်၍ ဆင်းရဲသည်။

အဘုနှင့် ငခွေးတို့ တွေ့ဆုံရန်အတွက် အောင်သွယ်မတစ်ယောက်မှာ ရေခပ်ခေါ်ရင်း စီစဉ်ပေးတတ်ပါသည်။ သူတို့တွေ့ဆုံသော နေရာလေးကတော့ ယင်းမာပင်ရှိရာ ရေချိုတွင်းတစ်ခု ဖြစ်သည်။ ထိုနေရာလေးများကို အခြေပြုပြီး "ယင်းမာပင်"ဆိုသော ကဗျာလေးနှင့် "တွင်းရေချို"ဆိုသော ကဗျာလေးများမှာ နွယ်သာကီသံဖြတ်အဖြစ် ပေါ်ထွက်လာပါသည်။

"စောင်းတော်ပိုက်" ကတော့ ငခွေးကို အဘုမှ မျှော်သည့် ကဗျာလေး ဖြစ်ပါသည်။ သူ၏ ထူးခြားချက်ကတော့ ပုဂံခေတ်မှ လှေထိုးသားဇာတ်လမ်းတွင် ရန်ကုန်မှာ တခြားတူရိယာတွေ ခေတ်စားသောအကြောင်းလေး ပါလာခြင်းပင်။ ဆရာခတို့ခေတ်သည် ရှေးဟောင်းတူရိယာ စောင်းအစား တယော၊ ပုလွေ၊ မိကျောင်း၊ ပတ္တလားစသော သံစုံစွဲတူရိယာများ ခေတ်စားနေသည်ကို ဆရာခက မခံချင်သည့်အတွက် သူ၏ ကဗျာလေးတွင် ထည့်သွင်းရေးဖွဲ့သွားခဲ့သည်။

"ဆံမြိတ်ရှည်" မှာတော့ အဘုနဲ့ ငခွေး မီးဖိုချောင်ထဲတွင် စကားပြောနေစဉ် အဘု၏အမေ မိသွား၍ အရိုက်ခံရသည့် အကြောင်း ဖြစ်သည်။ အရိုက်ခံရမှာစိုး၍ ရေချိုးခန်းထဲ ပြေးဝင်ရင်း ချော်လဲသောကြောင့် အင်တုံကွဲပြီး တင်ဆုံပြဲခဲ့ရပါသေးသည်။ အရိုက်ခံရသော ဒဏ်ရာဒဏ်ချက်များကို သူ့ရည်းစား ငခွေးအား ပြရင်း ငိုလိုက်မည်ဆိုသည့် ပုံစံဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်သည်။

"တေးသားကောက်" မှာတော့ ရှေးခေတ်အောက်ပြည်အောက်ရွာတွင် မွန်တလိုင်းတို့၏ ထုံးစံတစ်ခုကို အခြေခံ၍ ရေးဖွဲ့ထားခြင်း ဖြစ်သည်။ အပျို လူပျို ရည်းစားများသည် ညဖက်မှာ ချစ်သူအိမ်အောက်မှနေ အပေါက်ဖောက်ပြီး နှိုက်တတ်သည့် ထုံးစံဖြစ်ပါသည်။ အဲ့လို ထုံးစံကို အခြေခံပြီး ပြဇာတ်မှာ ထည့်သွင်းပြီး နွယ်သာကီသံဖြတ်အဖြစ်လည်း ရေးဖွဲ့ခဲ့ပါသည်။

နောက်ထပ် "ဘော်ငွေဖြူ" ဆိုသော နွယ်သာကီသံဖြတ်တစ်ခု တွေ့ရသော်ငြားလည်း အစအဆုံး မဟုတ်ဟု ယူဆရပါသည်။ [1]

ကိုးကား[edit]

  1. ဆန်းထွန်း (မန်းတက္ကသိုလ်)၊ စာပေဘဏ် စာအုပ်