တွင်းရေချို နွယ်သာကီသံဖြတ်

From Wikisource
Jump to navigation Jump to search
တွင်းရေချို
by ပုဇွန်တောင် ဆရာခ

အထူးကြောက်ခဲ့ ခင်းပွေပို
နဖူးပေါက်တဲ့ တွင်းရေချို ၊
သက်သက်လွဲခဲ့ ယွင်းသွေလို
ဟက်တက်ကွဲတဲ့ တွင်းရေချို ၊
ကြင်သူ ခင်သူ ရောက်ကြောင်းတ
ကျောက်စောင်းယှ တဲ့ တွင်းရေချို ရှင် ၊
နေဝင်လုထာ အချိန်နဲမှ
အိုး မပင့်နိုင် တစ်ကြိမ်ကွဲ
ထမိန်ရွှဲတဲ့ တွင်းရေ ချိုရှင် ။

ရည်းစားဖြစ်သူ အလာနှောင်းလို့
နေမင်းရီရီ ညနေစောင်းကို
နွားကျောင်းသားတွေ ရင်ဆိုင်တွေ့တော့
အမေ့ထံကို ဝင်ကာပြော
အေဆာခဏ အေမလာ၍
အချက်ထဲမှာ ထလို့သွားရ
စကားလက်စ တစ်ပိုင်းပြစ်နှင့်
မောင်မယ် နှစ်ကိုယ် လွန်စိတ်ညစ်
အဆစ်ခွပ်တဲ့ တွင်းရေချို ရှင် ။

အပွေလိုက်မိ ခင်းမြေမို
အမေရိုက်သည့် တွင်းရေချို ၊
ဖနပ်ထိတဲ့ ဆင်းရွှေကိုယ်
အရပ်သိတဲ့ တွင်းရေ ချို ၊
မေကုန်းကွလို့ ခင်းပွေမို
ရေပုံးကျတဲ့ တွင်းရေချို ၊
ပေါင်းစု နောက်သကွဲ့ နှင်းစေလို
ခေါင်းခု ပျောက်တဲ့ တွင်းရေချို ၊
အပြီးကပ်လို့ နှင်းစေလို
ပုတီးပြတ်တဲ့ တွင်းရေချို ၊
အကြပ်ချုပ်လို့ ခင်းပွေပို
နားကပ်ပြုတ်တဲ့ တွင်းရေချို ။

အမယ်မင်းရယ်တဲ့မှ အခင်းပွေပို
တွင်းရေချိုမှာ ဆင်းရွှေကိုယ်မေ့
သဲသဲမဲမဲ တကဲကဲ ရယ်နှင့်
အနဲနဲ တွေ့တာမို့
စုံစေ့အောင် ပြန်မပြောနိုင်ဘု
စဉ်အလာ လင်္ကာ မချော လေတော့
သဘောမငြင်းတမ်းရယ်လို့
ဗလက္ကာ အတင်းဖမ်းလိုက်တာ
တွင်းနှုတ်ခမ်းက ကျလုလု ကလေးနှင့်ပါ ရှင်ရေ။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse