၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ  (1959) 

သမတအိမ်တော် ရန်ကုန်မြို့

၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ။

[၁၉၅၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၅၀။]

၁၃၂၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်။

(၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။

အောက်ပါအတိုင်း အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။

၁။ ။ အမည်နှင့်စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။


၂။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော်စည်းကြပ်သည့်နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ၊ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော် နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-

(က) ဤအက်ဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများ အတိုင်းအမြတ် တော်ခွန်နှင့်
(ခ) မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၅၅ ပါကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေ၏ပဌမ ဇယား၊ အပိုင်း၂တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
(၂) ၁၉၆၀ ပြည့်နှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် အခွန် တော်စည်းကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်း ဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏ စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က (၁) ပါ ပြဋ္ဌာန်းချက်များနှင့် အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက် မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင်ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစု စပ်လုပ်ငန်းအပေါ်တွင်အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက် ခွင့်ပြုသမျှငွေကို၊ အဆိုပါနုတ်ရမည့်ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ် ငွေများတွင် ထိုသူ၏အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသောငွေသာဖြစ်ရမည်။
(၃) ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့်အလုပ်လုပ်၍ ရသောဝင်ငွေမှအမြတ်တော် ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန်ကို၊ တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေ စုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။ သို့ရာတွင် ထိုသို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
(၄) ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အ ခွန်တော်မပါ) ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်း ဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများ အတွက် ခွင့်ပြုသည့်ငွေကိုလျှော့ရမည်။
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း “ စုစုပေါင်းဝင်ငွေ”ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ် မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့်စကား ရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။


၃။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ။ (၁) ၁၉၆၀ပြည့်နှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ အရ၊ အခွန်တော်စည်း ကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရ သတ်မှတ်ရန် အခွန်တော်ကင်းလွတ် ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။

(၂) ၁၉၆၀ ပြည့်နှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာ နိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက် နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရ၊ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ် ပိုင်း ရာခိုင်နှုန်းနှင့်ညီမျှရမည်။


၄။ ။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

ဦးဝင်းမောင်၊

နိုင်ငံတော်သမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၂၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်။

(၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)


အမိန့်အရ၊

ပါစိန်၊

နိုင်ငံတော်သမတ၏အတွင်းဝန်။

[အမှတ် ၁၀၅]