၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ  (1958) 

ပြည်ထောင်စုမြန်မာနိုင်ငံတော်

သမတအိမ်တော်၊ ရန်ကုန်မြို့

၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ။

[၁၉၅၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၀။]

၁၃၂၀ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်။

(၁၉၅၈ ခုနှစ်၊ နိုဝင်္ဘာလ ၁၅ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာ သည်။

အောက်ပါအတိုင်း အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။


၁။ ။ အမည်နှင့် စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်သည် ဟုမှတ်ယူရမည်။


၂။ ။ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း။ ။ မြန်မာနိုင်ငံအမြတ်တော်ခွန် အက် ဥပဒေပုဒ်မ ၁၅-က (၂) ၏ဒုတိယခြွင်းချက်ကို ပယ်ဖျက်ရမည်။


၃။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃)၊ (၄) နှင့် (၅) ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည် -

(က) ဤအက်ဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ်တော်ခွန်နှင့်
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေ ၏ပဌမဇယား၊ အပိုင်း ၂ တွင်သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်းနောက်ထပ်အခွန်တော်။
(၂) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် အခွန်တော် စည်းကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏ စုစုပေါင်း ဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က (၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက်မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ် လုပ်ငန်းအပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါနုတ်ရမည့်ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ် ငွေများတွင် ထိုသူ၏အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။
(၃) ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ် နိုင်သည့် အလုပ်လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ် တော်ခွန်ကို၊ တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ် ရသောဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို လျှော့ရမည်။ သို့ရာတွင် ထိုသို့ လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
(၄) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာတော်နှစ်အတွက် အခွန်တော် စည်းကြပ်ရာ၌၊ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင် “လစာငွေများ” ဟူသောခေါင်းစဉ်အောက်၌ စည်းကြပ်နိုင်သည့် ဝင်ငွေပါဝင်သည့်အခါ သားသမီးများအတွက် အပိုခွင့်ပြုရမည့်ငွေသည်၊ မည်၍မည်မျှ ဖြစ်ရမည်ဆိုသော် မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) (ii)အရ၊ ခွင့်ပြုနိုင်သည့်ငွေအားလုံးပေါင်းနှင့်ကျပ်တစ်ထောင်ငါးရာတို့ ခြားနားခြင်း၏အချိုးအစားသည်၊ ထို ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် ဝင်ငွေမှအပ အခြားဝင်ငွေနှင့်ထိုသူ၏ စုစုပေါင်းဝင်ငွေတို့၏ အချိုးအစားနှင့် တူညီသည့်ငွေဖြစ်ရမည်။
(၅) ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုမည့်ဘဏ္ဍာတော် နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ် အခွန်တော်မပါ) ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်း ဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂)အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
(၆) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်းစုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က)တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ် ဖေါ်ပြထားသည့်အတိုင်းပင်ဖြစ်သည်။


၄။ ။ ၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေကိုပြင်ဆင်ခြင်း။ ။ ၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၄) နောက်၌ အောက်ပါကို ပုဒ်မခွဲ (၄-က) အဖြစ် ထည့်သွင်းရမည်။ “(၄-က) မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ စည်းကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန် နုတ်ရန်အလို့ငှါ၊ ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန် (ဒုတိယပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၇ ဖြင့်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေတွင် ပြုလုပ်ခဲ့သော ပြင်ဆင်ချက်များသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်စေရမည်ဟု မှတ်ယူရမည့်ပြင်၊ အခြားကိစ္စများ အလို့ငှါ၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်စေရမည်။”


၅။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ။ (၁) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက် နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော် စည်းကြပ်ခြင်းနှင့် သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်းလွတ် ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။

(၂) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက် မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရစည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့်ညီမျှရမည်။


၆။ ။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။


ပဌမဇယား။

၁၉၅၈-၅၉ ခု၊ ဘဏ္ဍာတော်နှစ်အတွက်၊ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် နှုန်းများဇယား။

[ပုဒ်မ ၃ ကိုကြည့်။]


အပိုင်း ၁။

အမြတ်တော်ခွန်နှုန်းများ။

က။ ။ သီးခြားပုဂ္ဂိုလ်၊ ပစ္စည်းမခွဲဝေရသေးသည့် ဟိန္ဒူလူမျိုးအိမ်ထောင်သားစု၊ မှတ်ပုံမတင်သည့် ကုန်ဖက်စပ်လုပ်ငန်း အသီးသီးနှင့် ဤအပိုင်း အပိုဒ် ခ၊ သို့တည်းမဟုတ် အပိုဒ် ဂ နှင့်မသက်ဆိုင်သော အခြားအသင်းအဖွဲ့ဖြစ်လျှင်-
၁။ ။ စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ
၁,၅၀၀ ပေါ်တွင်
မရှိ
၂။ ။ စုစုပေါင်း ဝင်ငွေအနက် နောက်ကျပ်ငွေ
၃,၅၀၀ ပေါ်တွင်
၇ ရာခိုင်နှုန်း။
၃။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၅,၀၀၀ ပေါ်တွင်
၁၃ ရာခိုင်နှုန်း။
၄။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၅,၀၀၀ ပေါ်တွင်
၂၂ ရာခိုင်နှုန်း။
၅။ ။ စုစုပေါင်း ဝင်ငွေအနက်ကျန်ကျပ်ငွေ
ပေါ်တွင်
၃၂ ရာခိုင်နှုန်း။
သို့ရာတွင် -
(၁) အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်နှင့် မယားနှင့် သားသမီးများအတွက်ခွင့်ပြုသမျှငွေကို မနုတ်မီ၊ ကျပ်ငွေ ၄,၂၀၀ ထက်မပိုသော စုစုပေါင်းဝင်ငွေပေါ်တွင် အမြတ်တော်ခွန်မပေးဆောင်ရ။
(၂) ပေးဆောင်ရမည့် အမြတ်တော်ခွန်မှာ (အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်နှင့်မယားနှင့် သားသမီး များအတွက် အဆိုပါခွင့်ပြုငွေကို မနုတ်မီ) စုစုပေါင်းဝင်ငွေက ကျပ်ငွေ ၄,၂၀၀ ထက်ပိုသမျှသော ငွေ၏ ထက်ဝက်ထက်မည်သည့်အချက်တွင်မျှ မပိုစေရ။
(၃) အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်နှင့် မယားနှင့် သားသမီးများအတွက်ခွင့်ပြုသမျှငွေနုတ်ပြီး ဖြစ်သည့် စုစုပေါင်း ဝင်ငွေပေါ်တွင်ပေးဆောင်ရမည့် အမြတ်တော်ခွန်မှာ၊ အောက်ပါငွေနှစ်ရပ်အနက် နည်းရာငွေထက်မပိုစေရ-
(က) ယင်းသို့ လျှော့ပေါ့ထားသည့် စုစုပေါင်းဝင်ငွေနှင့် မလျှော့ပေါ့ရသေးသည့် စုစုပေါင်း ဝင်ငွေ နှစ်ရပ်၏ အချိုးအစား အတိုင်း(အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်နှင့် မယားနှင့်သားသမီးများအတွက် ခွင့်ပြုသမျှငွေကို မနုတ်မီ) စုစုပေါင်းဝင်ငွေကျပ် ၄,၂၀၀ ထက်ပိုသမျှသောငွေ၏ ထက်ဝက်နှင့် အချိုး အစားတူသည့် ငွေပေါင်း၊ သို့တည်းမဟုတ်
(ခ) ယင်းသို့ လျှော့ပေါ့ထားသည့် ဝင်ငွေပေါ်တွင်၊ ဤဇယား၌ သီးခြားဖေါ်ပြထားသည့် နှုန်းများ အတိုင်း ပေးဆောင်ရမည့်အမြတ်တော်ခွန်ငွေ။


ခ။ ။ ကုမ္ပဏီ အသီးသီးဖြစ်လျှင်၎င်း၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါပြဋ္ဌာန်းချက်များအရ၊ အများဆုံးနှုန်းဖြင့် အမြတ်တော်ခွန် ကောက်ခံရမည်ဖြစ်လျှင်၎င်း-
စုစုပေါင်းဝင်ငွေ အားလုံးအပေါ်တွင် ၃၂ ရာခိုင်နှုန်း။
ဂ။ ။ မှတ်ပုံတင်ထားသည့် ကုန်ဖက်စပ်လုပ်ငန်းအသီးသီးဖြစ်လျှင်-
၁။ ။ စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ
၃၀,၀၀၀ ပေါ်တွင်
မရှိ။
၂။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၃၀,၀၀၀ ပေါ်တွင်
၅ ရာခိုင်နှုန်း။
၃။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၇၀,၀၀၀ ပေါ်တွင်
၇ ရာခိုင်နှုန်း။
၄။ ။ စုစုပေါင်း ဝင်ငွေအနက်ကျန်ကျပ်ငွေ
ပေါ်တွင်
၁၀ ရာခိုင်နှုန်း။

အပိုင်း ၂။

နောက်ထပ်အခွန်တော်နှုန်းများ။


က။ ။ သီးခြားပုဂ္ဂိုလ်၊ ပစ္စည်းမခွဲဝေရသေးသည့် ဟိန္ဒူလူမျိုး အိမ်ထောင်သားစု၊ မှတ်ပုံမတင်သည့် ကုန်ဖက်စပ် လုပ်ငန်းအသီးသီးနှင့် ဤအပိုင်းပါ အပိုဒ် ခ၊ သို့တည်းမဟုတ် အပိုဒ် ဂ နှင့်မသက်ဆိုင်သော အခြားအသင်းအဖွဲ့ဖြစ်လျှင်-
၁။ ။ စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ
၂၅,၀၀၀ ပေါ်တွင်
မရှိ။
၂။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၂၀,၀၀၀ ပေါ်တွင်
၁၈ ရာခိုင်နှုန်း။
၃။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၂၅,၀၀၀ ပေါ်တွင်
၃၁ ရာခိုင်နှုန်း။
၄။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၂၅,၀၀၀ ပေါ်တွင်
၃၈ ရာခိုင်နှုန်း။
၅။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၃၀,၀၀၀ ပေါ်တွင်
၄၁ ရာခိုင်နှုန်း။
၆။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၇၅,၀၀၀ ပေါ်တွင်
၅၀ ရာခိုင်နှုန်း။
၇။ ။ စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ
၁,၀၀,၀၀၀ ပေါ်တွင်
၅၆ ရာခိုင်နှုန်း။
၈။ ။ စုစုပေါင်း ဝင်ငွေအနက် ကျန်ကျပ်ငွေ
ပေါ်တွင်
၆၆ ရာခိုင်နှုန်း။


ခ။ ။ သမဝါယမအသင်းများ အက်ဥပဒေအရမှတ်ပုံတင်သွင်းထားလျက်ရှိသော သမဝါယမအသင်း ဖြစ်လျှင်-
၁။ ။ စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ
၂၅,၀၀၀ ပေါ်တွင်
မရှိ။
၂။ ။ စုစုပေါင်း ဝင်ငွေအနက် ကျန်ကျပ်ငွေ
ပေါ်တွင်
၁၃ ရာခိုင်နှုန်း။
ဂ။ ။ ကုမ္ပဏီအသီးသီးဖြစ်လျှင်-
စုစုပေါင်းဝင်ငွေအားလုံးပေါ်တွင် ၁၈ ရာခိုင်နှုန်း။

ဒုတိယဇယား။

မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေတွင် ထည့်သွင်းရမည့်ဇယား။

[ပုဒ်မ ၆ ကိုကြည့်။]

ချောစာများ။

ပြား
တိုလာချိန် ၁ ထက်မပိုလျှင် ၁၅
နောက်ထပ်တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း

စာပို့ကဒ်များ။

တစောင်လျှင်
ပြန်စာအတွက်ပါ ၁၀

စာအုပ်၊ ပုံစံနှင့် နမူနာအထုပ်များ။

ပဌမတိုလာချိန် ၅၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း
တိုလာချိန် ၅ ထက်ပိုသည့်နောက်ထပ်တိုလာချိန် ၊
သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း

မှတ်ပုံတင်ပြီးသတင်းစာများ။

တိုလာချိန် ၁၀ ထက်မပိုလျှင်
တိုလာချိန် ၁၀ ထက်ပို၍ တိုလာချိန် ၂၀ ထက်မပိုလျှင်
တိုလာချိန် ၂၀ ထက်ပိုသည့်တိုလာချိန် ၂၀ တိုင်း၊
သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း
အထုပ်တခုတည်းတွင်ပါရှိသည့် တနေ့တည်းထုတ်
မှတ်ပုံတင်ပြီးသတင်းစာတစောင်ထက်ပိုလျှင်-
တိုလာချိန် ၁၀ ထက်မပိုလျှင်
နောက်ထပ်တိုလာချိန် ၅၊ သို့တည်းမဟုတ်
၎င်း၏အစိတ်အပိုင်း
သို့ရာတွင် ထိုအထုပ်များကို လိပ်စာပါသူ၏ နေအိမ်သို့ မပို့ရ။ အသိအမှတ်ပြုထားသည့် ကိုယ်စားလှယ် အားစာပို့တိုက်၌ပေးအပ်ရမည်။

ပါဆယ်ထုပ်များ။

တိုလာချိန် ၄၀ ထက်မပိုလျှင် ၅၀
တိုလာချိန် ၈၈၀ ထိ၊နောက်ထပ် တိုလာချိန် ၄၀၊
သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း
၅၀

နိုင်ငံတွင်းစာပို့ကဒ်များ၊ ချောစာများနှင့် ငွေလွှဲလက်မှတ်များအတွက်
နောက်ထပ် လေကြောင်းချောပို့ခများ။

စာပို့ကဒ်
ချောစာအတွက် တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း
နောက်ထပ်တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း
ငွေလွှဲလက်မှတ်တစောင်လျှင်


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

ဦးဝင်းမောင်၊

နိုင်ငံတော်သမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၂၀ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်။

(၁၉၅၈ ခုနှစ်၊ နိုဝင်္ဘာလ ၁၅ ရက်။)


အမိန့်အရ၊

ပါစိန်၊

နိုင်ငံတော်သမတ၏အတွင်းဝန်။

[အမှတ် ၈၆]