၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ  (1957) 

သမတအိမ်တော်၊ ရန်ကုန်မြို့

၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက် ဥပဒေ။

[၁၉၅၇ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၆။]

၁၃၁၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်။

(၁၉၅၇ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကြေညာသည်။

အောက်ပါအတိုင်း အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။


၁။ ။ အမည်တိုနှင့် စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၅၇ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟုခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်စတင်အာဏာတည်ရမည်။


၂။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်နှစ် အတွက် အောက်ပါအတိုင်းအခွန်တော်စည်းကြပ်ရမည်-

(က) ဤအက်ဥပဒေ၏ပဌမဇယား၊ အပိုင်း ၁ တွင်သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်နှင့်
(ခ) မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါ ကိစ္စများအလို့ငှါ ဤအက်ဥပဒေ၏ပဌမ ဇယား၊ အပိုင်း ၂ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
(၂) ၁၉၅၈ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့်နှစ်အတွက် အခွန်တော်စည်းကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့် ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ငါးပုံတစ်ပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၁) ပါပြဋ္ဌာန်းချက်များနှင့်အညီနုတ်ရမည်။ သို့ရာတွင်ထိုသို့ နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက်မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ်လုပ်ငန်းအပေါ်တွင် အခွန်တော် စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါနုတ်ရမည့်ငွေထဲမှ လျှော့ရ မည်။ ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏အမြတ်ငွေများတွင် ထိုသူ၏အမြတ်ဝေစု နှင့်သက်ဆိုင်သမျှသောငွေသာဖြစ်ရမည်။
(၃) ၁၉၅၇ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့မှ အစပြုမည့်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ”ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ် လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန်ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိစည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ ငါးပုံတစ်ပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။ သို့ရာတွင် ထို့သို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
(၄) ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှအစပြုမည့်နှစ်အတွက်မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ) ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ မြန်မာ နိုင်ငံအမြတ်တော် ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့် ငွေကိုလျှော့ရမည်။
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း၊ “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာကိစ္စများအတွက် သတ်မှတ်သည့် အတိုင်းစုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်း ပင်ဖြစ်သည်။


၃။ ။ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်။ ။ ၁၉၅၈ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံး သည့်နှစ်အတွက်၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေ ပုဒ်မ ၄ အရ စည်းကြပ်သောအခွန်တော်သည်၊ စည်းကြပ်ထိုက်သည့်အမြတ် အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ်ပိုင်းရာခိုင်နှုန်းနှင့်ညီမျှရမည်။


၄။ ။စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။၁၉၅၇ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသောနှစ်အတွက်၊ ဤအက်ဥပဒေ၏ဒုတိယဇယားကို၊ မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယား အဖြစ်ထည့်သွင်းရမည်။


၅။ ။ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြုလုပ်သော စီးကရက်များပေါ်တွင်အကောက်တော်။ ။စီးကရက် အကောက်တော်အက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၁) တွင်မည်သို့ပင်ပါရှိစေကာမူ၊ ပြည်ထောင်စုမြန်မာနိုင်ငံ တွင်း ပြုလုပ်သောစီးကရက်များအပေါ်တွင်၊ နိုင်ငံတွင်းအကောက်တော်ကို စီးကရက်အလိပ်ရေ ၁,၀၀၀ လျှင် ငွေနှစ်ဆယ့်ငါးကျပ်နှုန်းဖြင့် စည်းကြပ်ရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


ဦးဝင်းမောင်

နိုင်ငံတော်သမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၁၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်။

(၁၉၅၇ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်။)


အမိန့်အရ၊

ပါစိန်၊

နိုင်ငံတော်သမတ၏အတွင်းဝန်။

[အမှတ် ၇၈]