၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ  (1956) 
ပြင်ဆင် : ၂၈-မတ်-၁၉၅၇

၁၉၅၆ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ

[၁၉၅၆ခုနှစ် ၊ အက်ဥပဒေအမှတ် ၂၂။]


အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။


၁။ ။ အမည်တိုနှင့်စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၅၆ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၅၆ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။


၂။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃) နှင့်(၄)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-

(က) ဤအက်ဥပဒေ၏ ပဌမဇယားအပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်နှင့်
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၅၅ပါ ကိစ္စများအလို့ငှါ ဤအက်ဥပဒေ၏ ပဌမဇယားအပိုင်း ၂ တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
(၂) ၁၉၅၇ခုနှစ်၊စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက်အခွန်တော်စည်းကြပ်ခြင်း၊ သို့ တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့်ဝင် ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောဝင်ငွေကို၊ ထိုသူ၏စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က(၁) ပါပြဋ္ဌာန်းချက်များနှင့်အညီနုတ်ရမည်။ သို့ရာတွင် ထိုသို့ နုတ်သောကျပ်ငွေမှာ မည်သည့်အချက်တွင်မျှ လေးထောင်ထက် မပိုစေရ။ ထို့ပြင်စည်းကြပ်ခံရသူမှာ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ်လုပ်ငန်းအပေါ်တွင် အခွန်တော် စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက် ခွင့်ပြုသမျှငွေကို အဆိုပါနုတ်ရမည့်ငွေထဲမှ လျော့ရမည်။ ထိုခွင့်ပြုသည့်ငွေမှာလည်း ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ်ငွေများတွင် ထိုသူ၏ အမြတ်ဝေ စုနှင့်သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။
(၃) ၁၉၅၆ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈ ၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန်ကို တွက်သော အခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်၍ရသော ဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျော့ရမည်။ သို့ရာတွင် ထိုသို့လျော့သောငွေမှာ မည်သည့်အခါ တွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
(၄) ၁၉၅၆ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် ဝင်ငွေမှ အမြတ်တော်ခွန် နုတ်ရန်အလို့ငှါ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ) ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေ စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျော့ရမည်။
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရ စည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း၊ “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထား သည့် အတိုင်းပင်ဖြစ်သည်။


၃။ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်။ ။ ၁၉၅၇ခုနှစ်၊စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက်၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့်သက် ဆိုင်သောမည်သည့် အထက်နှစ်အတွက်မဆို ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေ ပုဒ်မ ၄ အရ၊ စည်းကြပ်သောအခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့်ညီမျှရမည်။


၄။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်စည်းကြပ်ရန်ဖြစ်စေ၊ မှားယွင်းချက်များပြင်ရန်ဖြစ်စေ မည်သည့်ကာလအပိုင်းအခြားအတွင်း ဆောင်ရွက်ရမည့်အကြောင်း။ ။ ၁၉၅၇ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက် ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် စည်းကြပ်ခြင်းနှင့် စပ်လျဉ်း၍ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေမှာ၊ ထိုအက်ဥပဒေပုဒ်မ ၁၁ နှင့် ၁၅ တွင် “နှစ်နှစ်” ဆိုသည့် စကားရပ်ပါရှိသည့် နေရာတိုင်း၌ ထိုစကားရပ်အစား “လေးနှစ်” ဆိုသည့်စကားရပ်ကို ထည့်သွင်းထားဘိသကဲ့သို့ အဓိပ္ပါယ်ကောက်ယူရမည်။


၅။စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ ၏ပဌမဇယားအဖြစ် ထည့်သွင်းရမည်။


၆။လောင်းကစားခွန် ။ ။ လောင်းကစားခွန်အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေ တရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ၊ ရန်ကုန်မြို့တွင်းနှင့် ပြင်ပတွင်ကျင်းပသော မြင်းပွဲများ၌ စွပ်ဒိုင်တွင်လောင်းကြေးငွေအဖြစ် ပေးသွင်းသောငွေ အားလုံးပေါ်တွင် အခွန်ကို၊ ထိုလောင်းကြေးငွေများ၏ ၂၀ နှင့် ၁၀ ရာခိုင်နှုန်းဖြင့် အသီးသီးစည်းကြပ်ရမည်။


၇။ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းပြုလုပ်သော စီးကရက်များပေါ်တွင်အကောက်တော်။ ။ စီးကရက်အကောက်တော် အက်ဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (၁) တွင်မည်သို့ပင်ပါရှိစေကာမူ၊ ပြည်ထောင် စုမြန်မာနိုင်ငံတွင်း ပြုလုပ်သော စီးကရက်များပေါ်တွင်၊ နိုင်ငံတွင်းအကောက်တော်ကို စီးကရက်အလိပ် ၁,၀၀၀ လျှင်ငွေနှစ်ဆယ် ကျပ်နှုန်းဖြင့် စည်းကြပ်ရမည်။