အရပ်မျက်နှာအားလုံးသို့ မွှေးပျံ့သောဂုဏ်သတင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၅။ အရပ်မျက်နှာအားလုံးသို့ မွှေးပျံ့သောဂုဏ်သတင်း(ကျောင်းသားကိုင်သို့)
348397ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၅။ အရပ်မျက်နှာအားလုံးသို့ မွှေးပျံ့သောဂုဏ်သတင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၅)

သင်ခန်းစာခေါင်းစဉ်။ ။ အရပ်မျက်နှာအားလုံးသို့ မွှေးပျံ့သောဂုဏ်သတင်း

ယေဘုယျရည်ရွယ်ချက်။ ။ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးသို့ မွှေးပျံ့နိုင်ကြောင်းကို သိရှိပြီး အားကျအတုယူတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့နိုင်ကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒန်းပျိုးခြင်းနှင့် ဇာတ်လမ်းဖတ်ခြင်း၊

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ သင်ခန်းစာကို စတင်ပါ။ အချိန်ပေါ်မူတည်ပြီး ပြောပြကြပါစေ။

-ဂုဏ်သတင်းကျော်ကြားတဲ့ ဆရာတော်တွေကို သိကြလား။ ဘယ်ဆရာတော်တွေလဲ။
-အဲဒီဆရာတော်တွေက ဘယ်လို ဂုဏ်သတင်းတွေနဲ့ ထင်ရှားကျော်ကြားတာလဲ။

֍ ကလေးများ ပြောပြီးသောအခါ ဆရာက “ကလေးတို့ ပြောသွားတဲ့ ဆရာတော်တွေရဲ့ ဂုဏ်သတင်းတွေ လိုမျိုး စစ်မှန်တဲ့ ဂုဏ်သတင်းကျော်ကြားမှုရှိဖို့ဆိုရင် ဘယ်အရာတွေနဲ့ ပြည့်စုံဖို့ လိုသလဲဆိုတာ လေ့လာကြရအောင်”ဟု ပြော၍ ဇာတ်လမ်းကို ကလေးအားလုံး ဖတ်ကြပါစေ။ (ဇာတ်လမ်းပါ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးရမည် ဖြစ်သည့်အတွက် သေသေချာချာဖတ်ရန် ဆရာက ကလေးများကို မှာကြားထားပါ။)

အရပ်မျက်နှာအားလုံးသို့ မွှေးပျံ့ သောဂုဏ်သတင်း

မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာအား ပရိနိဗ္ဗာန်စံတော်မူမည့်အကြောင်း အသိပေးပြောကြားပြီးနောက် သွေးဝမ်းသွန်သော ရောဂါခံစားနေရသည်။ ထိုအခါ သိကြားမင်းသည် မြတ်စွာဘုရားရှင်၏ သီလ တန်ခိုးတော်ကြောင့် နတ်ပြည်မှ သိရှိပြီး သတင်းမေးမြန်းရန် မြတ်စွာဘုရားရှင်ထံ ရောက်လာသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “သင် ဘယ်သူလဲ”ဟု မေးတော်မူသည်။

သိကြားမင်းက “တပည့်တော် သိကြားမင်းပါဘုရား”ဟု ပြန်လည်လျှောက်ထားသည်။ မြတ်စွာဘုရားက “ဘာကိစ္စနဲ့ ရောက်လာတာလဲ”ဟု ထပ်မေးတော်မူသောအခါ သိကြားမင်းက “မြတ်စွာဘုရားကို ပြုစုဖို့ လာပါ တယ်ဘုရား”ဟု လျှောက်ထားသည်။ ထိုအခါ မြတ်စွာဘုရားက “ငါ့မှာ ပြုစုမယ့်သူတွေ ရှိတယ်၊ သင် ပြန်တော့၊ သင်တို့ဟာ လူနံ့ဆိုရင် ခွေးသေကောင်ပုပ်ကို လည်ပင်းမှာ ဆွဲထားရသလို ယူဇနာတစ်ရာဝေးတဲ့ အရပ်က တောင်မှ နီကြတယ်မဟုတ်လား”ဟု မေးတော်မူသောအခါ သိကြားမင်းက “မြတ်စွာဘုရား .... အဲဒါက သီလမရှိသူတွေရဲ့အနံ့သာ ဖြစ်ပါတယ်ဘုရား၊ မြတ်စွာဘုရားတို့လို သီလရှိသူတွေရဲ့ အနံ့ကတော့ ကိုယ်နံ့ကို မပြောပါနဲ့၊ ချွေးနံ့၊ ကျင်ကြီးကျင်ငယ်နံ့ကိုပင် တပည့်တော်တို့အဖို့ မွှေးပျံ့တဲ့ ပန်းတစ်ပွင့်လို ဦးထိပ်မှာ ပန်ဆင် နိုင်ပါတယ်ဘုရား”ဟု လျှောက်ထားပြီး မြတ်စွာဘုရားရှင်၏ ကျင်ကြီးအိုးကို ခေါင်းပေါ်ရွက်ကာ သေးငယ်သော သတ္တဝါလေးများနှင့် မြက်ပင်စိမ်းများ မရှိသည့် နေရာသို့ သွား၍သွန်လေသည်။ ဘုရားရှင် ကျန်းမာတော်မူလာမှ သာလျှင် နတ်ပြည်သို့ ပြန်သွားလေသည်။

တစ်နေ့တွင် အရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားအား “အရှင်ဘုရား ... အနှစ်၊ အမြစ်၊ အပွင့်တို့ရဲ့အနံ့ဟာ လေစုန်လေအောက်သို့သာ သွားပါတယ်၊ လေညာ လေဆန်သို့ မသွားပါ၊ အရှင်ဘုရား လေအောက်လညာသို့ ပျံ့နှံ့၍ သွားနိုင်တဲ့ ရနံ့ရှိပါသလား”ဟု လျှောက်ထားသောအခါ “အာနန္ဒာ... ရှိပေတယ်”ဟု မြတ်စွာဘုရားက ပြန်လည်ဖြေကြားတော်မူပါသည်။

ထိုအခါ အရှင်အာနန္ဒာက “အရှင်ဘုရား...အဘယ်ရနံ့မျိုးပါလဲဘုရား”ဟု ဆက်လက်လျှောက် ထားသောအခါ “အာနန္ဒာ ... ဒီလောကမှာ အမျိုးသား၊ အမျိုးသမီးတစ်ဦးဦးဟာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မယ်၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းစတဲ့ ငါးပါးသီလနဲ့ပြည့်စုံမယ် ပေးကမ်းခြင်း ဒါနကောင်းမှုရှိမယ်ဆိုရင် အရပ်လေးမျက်နှာရှိ လူ၊ နတ်များက ချီးမွမ်းကြမယ်၊ အဲဒီကောင်းသတင်းရနံ့ဟာ လေအောက်လေညာ ပျံ့ နှံ့လိမ့်မယ်”ဟု ဘုရားရှင်က မိန့်ကြားတော်မူပါသည်။

မြတ်စွာဘုရားရှင်က ဆက်လက်၍ “အာနန္ဒာ ... စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်၊ ကြက်ရုံးပန်း အနံ့တွေဟာ လေဆန် လေညာသို့ မသွားနိုင်ဘူး၊ သို့သော် သူတော်ကောင်းတို့ရဲ့ ဂုဏ်သတင်းရနံ့ကတော့ လေဆန် လေညာသို့သာမက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့ကြိုင်လှိုင်ပေတယ်”ဟု မိန့်တော်မူသည်။

ဤတွင် အရှင်အာနန္ဒာက ပကတိအနံ့ကို မေးသော်လည်း ဘုရားရှင်က သီလရှိခြင်း စသည်ကြောင့် နာမည်ကောင်းထွက်ခြင်း၊ ဂုဏ်သတင်းကျော်ကြားခြင်းကို မွှေးပျံ့သော ရနံ့နှင့် နှိုင်းယှဉ်ကာ ဖြေဆိုခြင်း ဖြစ်သည်။

မြန်မာစာပေတွင် မကောင်းသတင်း၊ ကောင်းသတင်းနှင့်ပတ်သက်၍ “ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ် ” “ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်”ဟု တင်စားပြောဆိုကြသည်။

မှီငြမ်း။ ။ သိကြားမင်းဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ စတုတ္ထတွဲ၊ ၂၀-၂၃။ ဓမ္မ၊ဋ္ဌ၊၂၊၁၇၅။ အာနန္ဒ‌တ္ထေရပဉှာဝတ္ထု၊ ဓမ္မပအဋ္ဌကထာ၊ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ ဒုတိယတွဲ၊ ၁၃၄-၁၃၇။ ဓမ္မ၊ဋ္ဌ၊၁၊၂၆၅၊

လုပ်ငန်း (၂) မေးခွန်းမေးခြင်းနှင့် အုပ်စုဖွဲ့လုပ်ငန်းပေးဆွေးနွေးခြင်း၊

(၃၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို ကလေးများအား မေးပါ။

-သိကြားမင်းနဲ့ မြတ်စွာဘုရားတို့ဟာ ဂုဏ်ရနံ့အကြောင်းကို ဘယ်လို အပြန်အလှန် ဆွေးနွေးခဲ့ကြသလဲ၊
-အရှင်အာနန္ဒာက မြတ်စွာဘုရားကို ဂုဏ်ရနံ့အကြောင်းနဲ့ ပတ်သက်ပြီး ဘယ်လို မေးလျှောက်ခဲ့သလဲ၊
-မြတ်စွာဘုရားက ဘယ်လို ပြန်ဖြေတော်မူခဲ့သလဲ။
-သူတော်ကောင်းတွေရဲ့ ဂုဏ်သတင်းဟာ ဘယ်အထိ ပျံ့နှံ့နိုင်သလဲ။

֍ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများ ဖွဲ့ပါ။ ထို့နောက် အောက်ပါမေးခွန်းများကို အုပ်စုအတွင်း ဆွေးနွေးပြီး စာရွက်လွတ်တွင် ရေး၍ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-သားတို့သမီးတို့ရော ဘယ်လို ဂုဏ်သတင်းတွေနဲ့ ပြည့်စုံတဲ့သူ ဖြစ်ချင်သလဲ။ အဲဒီဂုဏ်သတင်းတွေနဲ့ ပြည့်စုံတဲ့သူဖြစ်ဖို့ ဘာတွေ လုပ်ဆောင်ရမလဲ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများ တင်ပြပြီးသောအခါ ဆရာက လိုအပ်လျှင် ဖြည့်စွက်၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သူတော်ကောင်းတို့ကို အားကျအတုယူပြီး ကိုယ်တိုင်လုပ်ဆောင် နိုင်သောနည်းလမ်းကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီးများ၊ စာရွက်ပိုင်းများ။

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း၊

(၅ မိနစ်)

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းကို မေးပါ။

֍ ဇာတ်လမ်းကို ဆွေးနွေးပြီး ဘာတွေ သင်ယူရရှိခဲ့သလဲ။

လုပ်ငန်း (၂) လုပ်ငန်းပေးဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊

(၃ဝ မိနစ်)

֍ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများ ဖွဲ့ပါ။ ကလေးတိုင်းအား စာရွက်ပိုင်းများ ဝေပေးပါ။ အောက်ပါမေးခွန်း၏ အဖြေကို တစ်ဦးချင်း စဉ်းစားစေပြီး စာရွက်ပိုင်းတစ်ရွက်တွင် တစ်ချက်စီသာ ရေးပါ‌စေ။

-သူတော်ကောင်းတွေဟာ ဘယ်လို ပြုမူကျင့်ကြံနေထိုင်ကြသလဲ။

֍ ထို့နောက် ရေးသားထားသောအချက်များကို အုပ်စုအတွင်း ဆွေးနွေး၍ တူသောအချက်များနှင့် မတူသော အချက်များကို ခွဲ၍ စုစည်းကြပါစေ။ ပြီးနောက် အုပ်စုကိုယ်စားလှယ် တစ်ဦးစီက တင်ပြပြီး သင်ပုန်းတွင် ကပ်ကြပါစေ။ (ကျန်အုပ်စုများက မတူသောအချက်များကိုသာ ဆက်လက်တင်ပြကြပါစေ။)

မျှော်မှန်းအဖြေ = သူတစ်ပါးကို ကူညီ၊ စားစရာ/ အဝတ်အထည်လှူ၊ စကားချိုချိုသာသာနဲ့ မှန်မှန်ကန်ကန်ပြော၊ အပြောနဲ့အလုပ် ညီတယ်၊ သူများဒုက္ခရောက်အောင် မလုပ်ဘူး၊ သူများမကောင်းကြောင်း မပြောဘူး၊ သည်းခံတယ်၊ လိမ်မပြောဘူး၊ အချင်းချင်းရန်မဖြစ်ဘူး၊ ပညာကို ကြိုးစားတယ်၊ အကြံဉာဏ်ကောင်းတွေ ပေးတယ်၊ အနစ်နာခံတယ်၊ ကိုယ်ကျင့်သီလကောင်းတယ် စသည်။

လုပ်ငန်း (၃) ကလေးများကိုယ်တိုင် လုပ်ဆောင်နိုင်သောအရာများကို ဖော်ထုတ်ခြင်း။

(၂၀ မိနစ်)

֍ ဆရာက အောက်ပါဇယားကို သင်ပုန်းတွင် ရေးဆွဲပါ။ ထို့နောက် အောက်ပါမေးခွန်းကိုမေး၍ ကလေးများ ပြောသောအချက်များကို ဇယားတွင် မှတ်တမ်းတင်ပေးပါ။ အားလုံးပါဝင်ဆွေးနွေးနိုင်အောင် ဆရာက ပံ့ပိုး ပေးပါ။

֍ ကလေးတို့ဆွေးနွေးထားတဲ့ သူတော်ကောင်းအပြုအမူတွေထဲက ကလေးတို့ကိုယ်တိုင် ဘာအလုပ် တွေကို လုပ်ကြမလဲ။ ဘယ်လို လုပ်မလဲ။

ဥပမာ-

ဘာအလုပ်တွေကို လုပ်ကြမလဲ ဘယ်လိုလုပ်မလဲ

အချင်းချင်းကူညီမယ် နေမကောင်းတဲ့သူငယ်ချင်းကို စာဝိုင်းကူးပေးမယ်၊ စာရှင်းပြမယ်

စားစရာလှူမယ် ဗိုက်ဆာနေတဲ့ သူငယ်ချင်းကို မှန်ခွဲဝေကျွေးမယ်

အမှန်အတိုင်းပြောမယ် အမေ၊ အဖေနဲ့ ဆရာ/မ၊ ဘယ်သူကိုမှ လိမ်မပြောဘူး

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ကလေးများအားလုံး ပြောပြီးသောအခါ ဆရာက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး အောက်ပါအတိုင်း သင်ခန်းစာကို အနှစ်ချုပ်ပါ။

“ပန်းရနံ့ဆိုတာ လေညာကို ဆန်တက်လေ့မရှိဘူး၊ ကလေးတို့ရဲ့ ကောင်းတဲ့လုပ်ရပ်တွေ မကောင်းတဲ့ လုပ်ရပ်တွေကတော့ လေညာ လေအောက်သာမက အရပ်မျက်နှာအားလုံးကို ပျံ့နှံ့ရောက်ရှိသွားနိုင်တယ်။ ဒါကြောင့်မို့ သူတော်ကောင်းတွေရဲ့ ကောင်းတဲ့လုပ်ရပ်တွေ၊ အပြုအမူတွေကို အတုယူပြီး အခုချိန်ကစပြီတော့ တို့အားလုံး လက်တွေ့ဘဝမှာ ကျင့်ကြံနေထိုင်သွားကြရအောင်”