ဗုဒ္ဓါနုဿတိဘာဝနာ ပွားများအားထုတ်နည်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၆။ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများအားထုတ်နည်း(ကျောင်းသားကိုင်သို့)
348398ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၆။ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများအားထုတ်နည်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

သင်ခန်းစာခေါင်းစဉ်။ ။ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများအားထုတ်နည်း

ယေဘုယျရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို သိရှိပြီး ပိုမိုအလေးအမြတ်ထား၍ ကြည်ညိုပွားများတတ်ရန်၊

စာသင်ချိန်(၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများအားထုတ်နည်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းပေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားကို ဘာကြောင့် ကိုးကွယ်ကြတယ်လို့ ထင်သလဲ။

-သားတို့သမီးတို့ ဘုရားရှိခိုးတဲ့အခါ ဘယ်လို ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေနဲ့ ရှိခိုးကြသလဲ။

-ဘုရားရှိခိုးတဲ့အခါ ဘယ်လိုစိတ်မျိုးထားပြီး ရှိခိုးကြသလဲ။

֍ ထို့နောက် ဆရာက “ဘုရားရှိခိုးတယ်ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုပူဇော်တာ ဖြစ်တယ်၊ အခုတော့ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ဘယ်လို ထိထိရောက်ရောက် စနစ်တကျ ပွားများအားထုတ်သင့်တယ်ဆိုတာကို လေ့လာကြည့်ရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်း။

(၃၀ မိနစ်)

֍ ကလေးများအားလုံး အောက်ပါနည်းအတိုင်း ဖတ်ကြပါစေ။

ပထမဦးစွာ ဖတ်ပြလိုသော ကလေးတစ်ဦးကို ဆရာက ဖိတ်ခေါ်၍ ဖတ်ပါစေ။ ထိုကလေးဖတ်နေစဉ် ဆရာနှင့် အခြားကလေးများက သေချာစွာ နားထောင်ပြီး ရပ်စေလိုသောနေရာသို့ ရောက်ပါက ရပ်ခိုင်းပြီး စာဖတ်နေသောကလေးအား “ဘယ်သူ့ကို ဆက်ဖတ်စေချင်သလဲ”ဟု မေးပါ။ ထိုကလေးညွှန်ပြသော ကလေးအား ဆက်လက်၍ ဖတ်ပါစေ။ ဤနည်းအတိုင်း အကြောင်းအရာဆုံးသည်အထိ ကလေးများအားလုံး အလှည့်ကျ ပါဝင်နိုင်အောင် ထရာက ကူညီပံ့ပိုးပေးပါ။

ဗုဒ္ဓါနုဿတိဘာဝနာ ပွားများအားထုတ်နည်း

မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို အမှတ်ရနေခြင်းသည် ဗုဒ္ဓါနုဿတိဖြစ်၍ အချိန်ကြာမြင့်စွာ အဖန်ဖန်အထပ်ထပ် အမှတ်ရနေခြင်း၊ မိမိစိတ်၌ ဖြစ်ပေါ်နေစေခြင်းသည် ဗုဒ္ဓါနုဿတိဘာဝနာ ပွားများခြင်း ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တို့သည် နေ့စဉ်နေ့တိုင်း မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများလေ့ရှိကြ၏။ နှုတ်ကရွတ်ဆို၍ ပွားများခြင်းသည်လည်း ဗုဒ္ဓါနုဿတိဘာဝနာပင် ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓါ နုဿတိဘာဝနာ ပွားများခြင်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့စဉ်အလုပ်တစ်ခုဟုပင် ဆိုနိုင်ပါသည်။

ဗုဒ္ဓါနုဿတိဘာဝနာ ပွားများသူသည် ကိုယ်ကျင့်သီလ စင်ကြယ်အောင် ရှေးဦးစွာ ပြုလုပ်သင့်သည်။ သီလစင်ကြယ်လျှင် စိတ်နှလုံးကြည်ရွှင်၏။ စိတ်ကြည်ရွှင်လျှင် ဝမ်းမြောက်နှစ်သက်မှု ဖြစ်၏။ ထိုအခါ ကိုယ် စိတ်နှစ်ပါး ငြိမ်းအေးချမ်းသာလာ၏။ ငြိမ်းအေးချမ်းသာ ဖြစ်လာသောအခါ စိတ်တည်ကြည်မှု ဖြစ်၏။ ထိုသို့ စိတ်တည်ကြည်နေလျှင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို ကြည်ကြည်လင်လင် အာရုံပြုနိုင်မည် ဖြစ်သည်။

ဂုဏ်တော် ၉-ပါးကို ပွားများခြင်း

မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့သည် ရေတွက်၍ မကုန်နိုင်လောက်အောင် များပြားလှပေ၏။ ထိုဂုဏ်တော်အပေါင်းတို့တွင် ဂုဏ်တော်ကိုးပါးသည် အလွန်ထင်ရှားလှ၏။ ဂုဏ်တော်ကိုးပါးသည် ဗုဒ္ဓါနုဿတိဘာဝနာပွားများရန် အကောင်းဆုံး ဂုဏ်တော်များ ဖြစ်၏။

ထိုတွင် အရဟံ-လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင့်တကွ သတ္တဝါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါးတရားကို ဆရာမကူ ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား၊ ဝိဇ္ဇာစရဏသမ္ပန္နော-ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ သုဂတော-ဟုတ်မှန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူပြီး အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်သို့ ကြွသွားတော်မူသော မြတ်စွာဘုရား၊ လောကဝိဒူ -သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောကဟု ဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား အနုတ္တရောပုရိသဒမ္မသာရထိ-မယဉ်ကျေးသော သတ္တဝါများကို ယဉ်ကျေးအောင် ဆုံးမရာ၌ သူမတူအောင် ကျွမ်းကျင်တော်မူသော မြတ်စွာဘုရား၊ သတ္ထာဒေဝမနုဿာနံ -လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင့်တကွ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား၊ ဗုဒ္ဓေါ-သစ္စာလေးပါး မြတ်တရား မိမိကိုယ်တိုင်လည်း သိတော်မူ၊ ဝေနေယျတို့ကိုလည်း သိစေတော်မူသော မြတ်စွာဘုရား၊ ဘဂဝါ-ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားဟု စိတ်က အာရုံပြုလျက် ပွားများနိုင်ပါသည်။

ရုပ်ပုံတော်ကို အာရုံပြု၍ ပွားများခြင်း

ဗုဒ္ဓါနုဿတိဘာဝနာ ပွားများရာ၌ ဂုဏ်တော်ကိုသာ အာရုံပြု ပွားများ၍ ရသည်မဟုတ်ပါ၊ မြတ်စွာဘုရားရှင်၏ ပုံတော်ကို အာရုံပြု၍လည်း ပွားများနိုင်သည်။

မြတ်စွာဘုရားရှင်၏ ရုပ်ပုံတော်ကို အာရုံပြု၍ ပွားများရာ၌ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် သပ္ပာယ်တော်မူသော မြတ်စွာဘုရားရှင် မိမိရှေ့မှောက် မနီးမဝေး၌ ရောက်နေပုံကို အာရုံယူ၍ ပွားများနိုင်သည်။ ထို့နောက် ရှေးရှေးပါရမီကောင်းမှုများကြောင့်၊ မြတ်စွာဘုရားရှင်၏ မျက်နှာတော်စသော ကိုယ်အင်္ဂါကြီးငယ် အသွယ်သွယ်တို့၏ ထူးထူးခြားခြား ကြည်လင်တင့်တယ်နေပုံကို အာရုံယူ၍ ပွားများနိုင်သည်။

ဗုဒ္ဓဘာသာဝင်တို့သည် အများအားဖြင့် ရုပ်ပွားတော်၊ စေတီတော်များကိုသာ အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများလေ့ရှိကြ၏။ ထိုအခါ အာရုံ၌ ရုပ်ပွားတော်၊ စေတီတော်တို့လောက်သာ ထင်လာတတ်၏။ ထိုအာရုံများ ထင်လာခြင်းသည်လည်း ပွားများသူအား စိတ်ကြည်လင်မှုကို ဖြစ်စေနိုင်၍ အကျိုးရှိပါသည်။ သို့သော် ထိုအာရုံများမှတစ်ဆင့် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကို အာရုံယူနိုင်မှသာလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာကို စနစ်တကျ ပွားများရာရောက်ပါသည်။

သို့ဖြစ်၍ မြတ်စွာဘုရားရှင်၏ အရဟံအစရှိသော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံခြင်း၊ ကောင်းမှုပါရမီတော်တို့ကြောင့် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့၏ ကြည်လင်တင့်တယ်ခြင်း၊ သတ္တဝါတို့၏အပေါ်၌ ကြီးမားသော သနားကြင်နာခြင်း၊ မဟာကရုဏာတော်ဖြင့် ဆိုဆုံးမတော်မူခြင်း စသည့် မြတ်စွာဘုရားရှင်၏ ဉာဏ်ပညာ အရည်အသွေး၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဓာတ်အရည်အသွေး စသည်တို့ကို အဖန်ဖန်အထပ်ထပ် အောက်မေ့အမှတ်ရလျက် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများနိုင်ကြပေသည်။

မှီငြမ်း။ ။ အရှင်ဇနကာဘိဝံသ၊ ဗုဒ္ဓါနုဿတိဘာဝနာ၊ ၉၈-၉၉။ ရတနာ့ဂုဏ်ရည်၊ ၂၊၂၇-၈၇။

ဆရာသိရန်-

သစ္စာလေးပါး

ဒုက္ခသစ္စာ။ ။ ဆင်းရဲခြင်းအမှန် (ရုပ် နာမ်ခန္ဓာ)၊
သမုဒယသစ္စာ။ ။ တွယ်တာတပ်မက်ခြင်းအမှန်(တဏှာ)၊
နိရောဓသစ္စာ။ ။ ဒုက္ခငြိမ်းရာအမှန် (နိဗ္ဗာန်)၊
မဂ္ဂသစ္စာ။ ။ နိဗ္ဗာန်ရောက်ရန် ကျင့်လမ်းအမှန် (မဂ္ဂင်ရှစ်ပါး)။

ဝိဇ္ဇာသုံးပါး

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။ ။ ရှေးရှေးဘဝ၌ ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သောဉာဏ်။
ဒိဗ္ဗစက္ခုဉာဏ်။ ။ နတ်မျက်စိကဲ့သို့ ဝေးကွာသောအဆင်း၊ သေးငယ်သောအဆင်းကို မြင်နိုင်သောဉာဏ်။
အာသဝက္ခယဉာဏ်။ ။ ကိလေသာအာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။

ဝိဇ္ဇာရှစ်ပါး

ဝိပဿနာဉာဏ်။ ။ “အနိစ္စ, ဒုက္ခ, အနတ္တ”ဟု ရုပ်နာမ်တရားအားလုံးကို သိမြင်နိုင်သောဉာဏ်။
စေတောပရိယဉာဏ်။ ။ သူတစ်ပါး၏ စိတ်ကို သိနိုင်သောဉာဏ်။
မနောမယိဒ္ဓိဉာဏ်။ ။ မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဉာဏ်။
ဒိဗ္ဗသောတဉာဏ်။ ။ နတ်တို့၏ နားကဲ့သို့ ဝေးသောအသံ သေးငယ်သောအသံကို ကြားနိုင်သောဉာဏ်။
ဣဒ္ဓိဝိဓဉာဏ်။ ။ မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်။ ဝိဇ္ဇာသုံးပါးတွင် ဤငါးပါးကို ထည့်လျှင် ဝိဇ္ဇာရှစ်ပါးဖြစ်၏။

စရဏတစ်ဆယ့်ငါးပါး

သီလကို လုံခြုံစွာ စောင့်ထိန်းခြင်း၊ ဣန္ဒြေခြောက်ပါးကို လုံခြုံစွာစောင့်ထိန်းခြင်း၊ စားသောက်ရာ၌ အတိုင်းအရှည်ကို သိခြင်း၊ နိုးကြားခြင်းနှင့် ယှဉ်သောဝီရိယရှိခြင်း၊ ရတနာသုံးပါးနှင့်တကွ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်း၊ မကောင်းမှုပြုလုပ်ရန်ရှက်ခြင်းနှင့် ကြောက်ခြင်း၊ အကြား အမြင်များခြင်း၊ အားထုတ်လုံ့လပြုခြင်း၊ ကောင်းစွာသိမြင်ခြင်း၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဈာန်အင်္ဂါများ ရှိခြင်း။

ဘုန်းတော်ခြောက်ပါး

(၁) ဣဿရိယဘုန်းတော်။ ။ လောကီအရာ၌ စိတ်တော်ကို အစိုးရတော်မူသော ဘုန်းတော်၊
(၂) ဓမ္မဘုန်းတော်။ ။ လောကုတ္တရာအရာ၌ စိတ်တော်ကို အစိုးရတော်မူသော ဘုန်းတော်၊
(၃) ယသဘုန်းတော်။ ။ အခြံအရံပရိသတ်နှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊
(၄) သိရီဘုန်းတော်။ ။ ယောက်ျားမြတ်လက္ခဏာ (၃၂)ပါးနှင့် ပြည့်စုံ၍ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံတော်မူသောဘုန်းတော်၊
(၅) ကာမဘုန်းတော်။ ။ စိတ်အလိုရှိတိုင်း ပြီးစီးအောင်မြင်တော်မူသော ဘုန်းတော်၊
(၆) ပယတ္တဘုန်းတော်။ ။ ကြီးမားမြင့်မြတ်သော လုံ့လဝီရိယနှင့် ပြည့်စုံတော်မူသော ဘုန်းတော်

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း။

֍ အောက်ပါ မေးခွန်းများကို မေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

-ဗုဒ္ဓါနုဿတိဆိုတာ ဘာလဲ။
-ဗုဒ္ဓါနုဿတိပွားများသူဟာ ဘယ်လိုအကျင့်သီလနဲ့ ပြည့်စုံရမလဲ။ ဘာကြောင့်လဲ။
-မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ဘယ်လို ပွားများမလဲ။
-မြတ်စွာဘုရား၏ရုပ်ပုံတော်ကို အာရုံပြုပြီး ဘယ်လို ပွားများမလဲ။

စာသင်ချိန်(၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ဗုဒ္ဓါနုဿတိဘာဝနာကို လက်တွေ့ပွားများတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ဘုရားဂုဏ်တော်ကိုးပါး ကဗျာ။

လုပ်ငန်း (၁) ကဗျာရွတ်ဆို၍ နိဒါန်းပျိုးခြင်း။

သင်ယူမှုလုပ်ငန်းစဉ်

(၂၀ မိနစ်)

֍ ကလေးများအားလုံး ကဗျာကို ရွတ်ဆိုကြပါစေ။ ထို့နောက် ကဗျာ၏ အဓိပ္ပာယ်ကို ကလေးအချင်းချင်း မေးမြန်းဆွေးနွေးစေပြီး နားလည်ရန်အခက်အခဲရှိသော စကားလုံးများကို ဆရာက ဖြည့်စွက်ဆွေးနွေးပေးပါ၊

ဘုရားဂုဏ်တော် ၉-ပါး ကဗျာ

ဘုရားဂုဏ်တော် သေချာမှတ်ဖို့၊ ကဗျာစပ်လို့ ဆိုကြမယ်။
၁။ ကိလေသာတွေ ကင်းစင်ပြတ်လို့၊ လူနတ်ဗြဟ္မာ ပူဇော်တယ်။
၂။ တရားအလုံးစုံ ကိုယ်တိုင်သိလို့၊ ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ ထူးတဲ့အသိဉာဏ် အကျင့်မှန်များလည်း။ ကောင်းစွာထင်ရှားပြည့်စုံတယ်။
၄။ ကောင်းတဲ့စကားကို ပြောဆိုတတ်လို့၊ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ သတ္တ သင်္ခါ ဩကာသတဲ့၊ လောကသုံးပါး သိမြင်တယ်။
၆။ မယဉ်ကျေးသူ ယဉ်အောင်ပြုတဲ့၊ ဆုံးမမှုမှာ သာလွန်တယ်။
၇။ လူနတ်ဗြဟ္မာ သတ္တဝါများရဲ့၊ ဆရာထင်ရှား ဖြစ်ပါတယ်။
၈။ လေးပါးသစ္စာ စိပ်ဖြာသိတဲ့၊ ဉာဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နှင့်၊ တစ်စမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးပြာပဲကွဲ၊ အသည်းစွဲအောင် မှတ်ကြကွယ်။
မှတ်ကွယ် ... မှတ်ကွယ်။ (အရှင်သုန္ဒရ)

လုပ်ငန်း (၂) လုပ်ငန်းပေး ဆွေးနွေးတင်ပြခြင်း။

(၃၀ မိနစ်)

“ကလေးတို့လည်း မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေအကြောင်းကို ရေးထားတဲ့ ကဗျာကို လေ့လာပြီးပြီ၊ ကဗျာပါ အဓိပ္ပာယ်တွေကိုလည်း ဆွေးနွေးခဲ့ကြပြီးပြီ”ဟု ပြော၍ အောက်ပါမေးခွန်းကို မေးပါ။ ဗုဒ္ဓါနုဿတိဘာဝနာကို ဘယ်အချိန်၊ ဘယ်နေရာတွေမှာ၊ ဘယ်လိုပွားများအားထုတ်ကြမလဲ။ အဖြေကို ကလေးအားလုံး၏ မှတ်စုစာအုပ်တွင် ရေးသားပေပြီး အချိန်ပေါ်မူတည်၍ တစ်ဦးချင်း အလှည့်ကျ ပြန်လည်တင်ပြကြပါစေ။

֍ ထို့နောက် ကလေးများ၏ တင်ပြချက်များကို ဗုဒ္ဓါနုဿတိဘာဝနာ ပွားများနည်းနှင့် ချိတ်ဆက်၍ ဆရာက ဖြည့်စွက်ပေးပါ။

လုပ်ငန်း (၃) ဗုဒ္ဓါနုဿတိဘာဝနာကို လက်တွေ့ပွားများခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများအားလုံး တင်ပြပြီးသောအခါ ဆရာက “ကလေးတို့ပြောထားတဲ့အတိုင်း ဗုဒ္ဓါနုဿတိဘာဝနာကို အချိန် အခါမရွေး၊ နေရာမရွေး ပွားများနိုင်တယ်၊ ဒါကြောင့် အခု ဆရာနဲ့ကလေးတို့ ဗုဒ္ဓါနုဿတိကို လက်တွေ့ပွားများကြရအောင်”ဟု ပြော၍ ကလေးများနှင့်အတူ ပွားများပါ။ (အောက်ပါ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများအားထုတ်နည်းကို ဆရာက ကလေးများကို လမ်းညွှန်ပေးပါ။)

ဆရာသိရန်-

ဗုဒ္ဓါနုဿတိဘာဝနာ ပွားများအားထုတ်နည်း

ဗုဒ္ဓါနုဿတိဘာဝနာ ပွားများလိုသူသည် ရှေးဦးစွာ ငါးပါးသီလကိုဖြစ်စေ၊ ရှစ်ပါးသီလကိုဖြစ်စေ၊ ဆယ်ပါးသီလကိုဖြစ်စေ အထူးလုံခြုံစွာ စောင့်ထိန်းထားသင့်သည်။ ထို့နောက် ဆိတ်ငြိမ်သော နေရာတစ်ခု၌ ထိုင်၍ (လျောင်း၊ ရပ်၊ သွား၍လည်း ပွားများနိုင်ပါသည်) အောက်ပါအတိုင်း စနစ်တကျ ပွားများသင့်ပေသည်။

၁။ တင်ပျဉ်ခွေ၍သက်သောင့်သက်သာ ထိုင်ပါ။ (ဘယ်ခြေကို အောက်ကထား၍ ညာခြေကို အပေါ်ကထားကာ သက်သက်သာသာ ထိုင်ပါ။)
၂။ ဘယ်ဘက်လက်ဝါးပေါ် ညာဘက်လက်ဝါးတင်ကာ လက်မထိပ်ချင်း ထိပြီးထားပါ။
၃။ ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထားပါ။ (အကြောများကို လျှော့ချထားပါ။ တင်းအောင်ပြုလုပ်၍ မထားရပါ။ ခါး၊ ကျော၊ ခေါင်းတို့ကို တုတ်ချောင်း ထောင်ထားသကဲ့သို့ တင်းတောင့်ထောင်မတ် မထားရပါ။)
၄။ မျက်စိကို အိပ်ခါနီးအချိန်မှာ မှိတ်သလို ညင်သာစွာမှိတ်ထားပါ။ ဖိ၍မှိတ်မထားရ။ မှိတ်တုတ်မှိတ် တုတ်လည်း မဖြစ်စေရပါ၊
၅။ ပါးစပ်ကို စကားမပြောဘဲနေသည့်အခါ စေ့ထားသကဲ့သို့ သက်သာစွာ စေ့ထားပါ။
၆။ လက်၊ ခြေအင်္ဂါတို့ကို မလှုပ်ရပါ။
၇။ မြတ်စွာဘုရားရှင်၏ အရဟံစသော ဂုဏ်တော်တို့ကို (ဂုဏ်တော်တစ်ပါးတည်းကိုဖြစ်စေ၊ ဂုဏ်တော် ကိုးပါးလုံးကိုဖြစ်စေ) မိမိ၏စိတ်သန္တာန်၌ အဖန်ဖန်အထပ်ထပ် ဖြစ်နေအောင် အာရုံပြု၍ပွားများရမည်။ (လက္ခဏာတော်အသွယ်သွယ်ဖြင့် သပ္ပာယ်တော်မူသော မြတ်စွာဘုရားရှင်၏ ရုပ်ပုံတော်ကို အာရုံပြု၍လည်း ပွားများနိုင်သည်။ သို့သော် နောက်ဆုံးတွင် ပုံတော်မှ ဂုဏ်တော်အထိ ရောက်အောင် ပွားများသင့်ပေသည်။)

֍ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများပြီးသောအခါ အောက်ပါမေးခွန်းကို မေးမြန်းဆွေးနွေး၍ သင်ခန်းစာ၏ ရည်ရွယ် ချက်နှင့် ချိတ်ဆက် အနှစ်ချုပ်ပါ။

-ဗုဒ္ဓါနုဿတိပွားများနေတဲ့အချိန်မှာ ဘယ်လိုခံစားရသလဲ။