ကျန်းမာလိုလျှင် အစားဆင်ခြင် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၇။ ကျန်းမာလိုလျှင် အစားဆင်ခြင်(ကျောင်းသားကိုင်သို့)
348399ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၇။ ကျန်းမာလိုလျှင် အစားဆင်ခြင်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇)

သင်ခန်းစာခေါင်းစဉ်။ ။ ကျန်းမာလိုလျှင် အစားဆင်ခြင်

ယေဘုယျရည်ရွယ်ချက်။ ။ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အစားအစာကို မျှတစွာ ဆင်ခြင်စားသုံးတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ အစားအစာကို မျှတစွာ ဆင်ခြင်စားသုံးခြင်းဖြင့် အနာရောဂါ ကင်းရှင်းနိုင်ကြောင်း ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်း မေး၍ နိဒါန်းပျိုးခြင်း၊

(၁၀ မိနစ်)

֍ “ကလေးတို့ ... အစာစားတဲ့အခါမှာ သန့်သန့်ရှင်းရှင်း ယဉ်ယဉ်ကျေးကျေး စားသောက်ရတယ်ဆိုတာကို မူလတန်းတုန်းက လေ့လာခဲ့ပြီးပြီ၊ အလယ်တန်းအဆင့်ကို ရောက်လာပြီဆိုတော့ အစာစားတိုင်း သန့်သန့် ရှင်းရှင်း ယဉ်ယဉ်ကျေးကျေး စားသောက်ရမယ့်အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသုံး သင့်တယ်ဆိုတာကို စဉ်းစားပြီး ဆွေးနွေးကြရအောင်”ဟု ပြော၍ အောက်ပါမေးခွန်းများကို မေးပါ။

-ကလေးတို့ ... တစ်နေ့ကို အစာဘယ်နှကြိမ်စားကြသလဲ။
-ကလေးတို့ ...အစားအစာစားတိုင်း ဘယ်လိုအခြေအနေအထိ ရောက်အောင်စားကြသလဲ။
-ကျန်းမာရေးနဲ့ညီညွတ်အောင် အစားအစာတွေကို ဘယ်လို စားရမယ်လို့ထင်သလဲ။

֍ ထို့နောက် ဆရာက “လူတွေအားလုံးဟာ အသက်ရှင်နေသမျှ ကာလပတ်လုံး အစားအစာတွေကို စားသောက်ကြရတယ်၊ ဒါကြောင့်မို့ အစားအစာကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားတတ်ဖို့က အလွန် အရေးကြီးတယ်၊ အစားအသောက် စားသောက်ခြင်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကို လေ့လာ ကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် တွေ့ရှိချက်များကို ရေးသားစေခြင်း။

(၄၀ မိနစ်)

֍ ဇာတ်လမ်းကို ကလေးများ အသံတိတ်ဖတ်ကြပါစေ။

ကျန်းမာလိုလျှင် အစားဆင်ခြင်

မြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ သာဝတ္ထိပြည်ကို အုပ်ချုပ်သော ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ကို အလွန်ကြည်ညိုသူ ဖြစ်သည်။ မြတ်စွာဘုရားရှင်ထံသို့ နေ့စဉ် လာရောက်၍ သိလိုသည်များကို မေးမြန်းလေ့ရှိပြီး တရားဓမ္မများကိုလည်း ဆွေးနွေးလေ့ရှိသည်။ သို့သော် မင်းကြီးသည် အစားကြီသည်။ အစားအစာကို အတိုင်းအဆမရှိ စားလေ့ရှိသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သတိပေးရသည် အထိ အစားကြူးသည်။

ကောသလမင်းကြီးသည် တစ်ကြိမ်ပွဲတော်တည်လျှင် ဆန်တစ်စိတ်(လေးပြည်ချက်)နှင့် ဆိတ်တကောင်ချက်စာ စားလေ့ရှိသည်။ ဟင်းရွက်များကိုလည်း မြောက်မြားစွာ စီမံပေးရသည်။ ပွဲတော်တည်ပြီးသေmအခါ တစ်ရေးအိပ် အနားယူရလေ့ရှိသည်။ တစ်နေ့တွင် ပွဲတော်တည်ပြီးစမှာပင် မြတ်စွာဘုရားထံ ရောက်လာခဲ့ရာ ထမင်းဆီယစ်နေသည့်အတွက် (ထမင်းဆိပ် တက်နေသည့်အတွက်) ဘုရားရှင်ရှေ့တော်၌ နေမထိထိုင်မသာ ဖြစ်နေခဲ့သည်။ ဘုရားရှင်၏ ရှေ့တော်မှောက်၌ ဖြစ်နေ၍ ဣန္ဒြေမပျက်အောင် ဟန်ဆောင်နေခဲ့သော်လည်း ဘုရားရှင်က မင်းကြီး၏အမူအရာကို သတိပြုမိတော်မူသည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်က “မင်းကြီး ... ဘယ်လိုဖြစ်တာလဲ၊ အပန်းမဖြေဘဲ လာခဲ့တာလား”ဟု မေးတော်မူလိုက်၏။ မင်းကြီးက “မှန်ပါ မြတ်စွာဘုရား၊ ပွဲတော်တည်ပြီးတဲ့ အချိန်ကစပြီး တပည့်တော် နေရထိုင်ရတာ မအီမလည် ဖြစ်နေပါတယ်ဘုရား”ဟု ပြန်လည်လျှောက်တင်လိုက်သည်။ ထိုအခါ ဘုရားရှင်က “မင်းကြီး အစားအစာတွေကို အလွန်အမင်း စားသောက်ခြင်းဟာ အခုလို အိပ်ချင်ငိုက်မျဉ်းခြင်းကို ဖြစ်စေ သလို ဆင်းရဲခြင်းကိုလည်း ဖြစ်စေတတ်တယ်၊ အစာအများကြီးကျွေးပြီး မွေးမြူထားတဲ့ဝက်လိုပဲ အမြဲအိပ်နေ တတ်ပြီး တရားဓမ္မတွေကို ဆင်ခြင်အားထုတ်နိုင်မှာ မဟုတ်ဘူး၊ ပညာဉာဏ်နည်းပါးတဲ့သူဟာ သံသရာမှာ ဘဝပေါင်းများစွာ ကျင်လည်ရတတ်တယ်၊ ဒါကြောင့် အစားအသောက်ကို ချင့်ချိန်ပြီး စားသောက် တတ်ရမယ်၊ ဒါမှ ရောဂါဝေဒနာ နည်းပါးပြီး အသက်ရှည်မယ်”ဟု မိန့်တော်မူလိုက်၏။

ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်၏ တရားစကားများကို နှစ်သက်သဘောကျသော်လည်း ကိုယ်တိုင် ဂရုတစိုက် မှတ်သားထားခြင်း မရှိပေ။ မှတ်သားထားရန် တူတော်ကို အမိန့်ပေးလိုက်၏။ မြတ်စွာဘုရားရှင်က ဤဆုံးမစကားကို မည်သည့်အချိန်အခါ၌ သတိပေးရွတ်ဆိုပြရမည်ကိုလည်း တူတော်ကို လမ်းညွှန် ပေးတော်မူလိုက်၏။

ထိုနေ့မှစ၍ မင်းကြီးပွဲတော်တည်သောအခါ နောက်ဆုံးထမင်းလုတ်ကို နှိုက်ရန် ပြင်လိုက်သည့်အခါ တိုင်း မြတ်စွာဘုရား၏ ဆုံးမစကားများကို တူတော်က ရွတ်ဆိုပြလေသည်။ ထိုရွတ်ဆိုသံကို ကြားသောအခါ မင်းကြီးသည် ဆင်ခြင်မိပြီးနောက်ဆုံးထမင်းလုတ်ကို မစားတော့ဘဲ ထားလိုက်လေသည်။ နောက်ရက်များတွင် နောက်ဆုံးတစ်လုတ်စာဆန်ကိုလည်း လျှော့ချက်စေသည်။ ဤသို့ဖြင့် ကောသလမင်းကြီးသည် ထမင်း တစ်လုတ်စာ လျှော့စားလာခဲ့ရာ တစ်စလယ်ချက် (နို့ဆီဘူးနှစ်လုံးချက်)သာ စားသည်အထိ လျှော့ချလာနိုင်ခဲ့သည်။

တစ်နေ့သောအခါ မင်းကြီးသည် ဘုရားရှင်ထံတော်မှောက်သို့ ရောက်လာခဲ့ပြီး ကျန်းမာရေးအတွက် မျှတစွာ စားသုံးနေပြီဖြစ်ကြောင်း၊ ပိုမို၍ ပေါ့ပါးသွက်လက်လာပြီဖြစ်ကြောင်း၊ ယခင်ကထက် ချမ်းသာစွာ နေထိုင်နိုင်ပြီဖြစ်ကြောင်း လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ဒကာတော်မင်းကြီး အနာရောဂါကင်းခြင်းဟာ အမြတ်ဆုံး လာဘ်ဖြစ်တယ်၊ ရောင့်ရဲခြင်းဟာ အမြတ်ဆုံး ဥစ္စာဖြစ်တယ်၊ ချစ်ကျွမ်း ဝင်သူသည် အမြတ်ဆုံး ဆွေမျိုးဖြစ်တယ်၊ နိဗ္ဗာန်ဟာ အမြတ်ဆုံး ချမ်းသာဖြစ်တယ်”ဟု ဟောကြားတော်မူလေသည်။

မှီငြမ်း။ ။ ပသေနဒီကောသလမင်းဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ မြန်မာပြန်၊ ဓမ္မဝတ္ထု၊ စတုတ္ထတွဲ၊ ၁၄-၁၇၊ ဓမ္မ၊ဋ္ဌ၊၂၊၁၇၁-၁၇၃။

֍ ဇာတ်လမ်းဖတ်ပြီးသောအခါ အောက်ပါမေးခွန်း၏ အဖြေကို မှတ်စုစာအုပ်တွင် ရေးကြပါစေ။

-ဒီဇာတ်လမ်းထဲကနေ ကလေးတို့ ဘာတွေသိသွားကြသလဲ။

֍ ထို့နောက် ကလေးများကို ခြောက်ယောက်ဝန့်ပါသော အုပ်စုများဖွဲ့ပါ။ ကလေးတစ်ဦးချင်းစီ ဖြေထားသော အချက်များကို အုပ်စုအတွင်း စုပေါင်းဆွေးနွေးပြီး အကြိုက်ဆုံးအချက်များကို စာရွက်ကြီးပေါ်တွင် ရေးကြ ပါစေ။ (တူနေသောအချက်များကို ထပ်မရေးရန် ဆရာက လှည့်လည်ကြည့်ရှု၍ ကူညီပေးပါ။)

֍ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

မျှော်မှန်းအဖြေများ။ ။ မြတ်စွာဘုရားကို ကြည်ညိုတယ်၊ သီတင်းသုံးရာကျောင်းကို နေ့စဉ်လာရောက် တရားဓမ္မတွေကို ဆွေးနွေးတယ်၊ အစားအသောက်ကို ချင့်ချိန်ပြီး စားသောက်တတ်ရမယ်၊ လောဘ တကြီး စားသူများအတွက် အစာလျော့စားနည်း၊ ဗိုက်အလွန်ပြည့်ရင် ပင်ပန်းတယ်၊ အစာကို သင့်တင့်လျောက်ပတ်အောင်စားရင် ရောဂါဝေဒနာ နည်းပါးပြီး အသက်ရှည်တယ်၊ အနာရောဂါကင်းခြင်းဟာ အလွန်ကဲဆုံး လာဘ်ဖြစ်တယ်၊ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးဖြစ်တယ်၊ နိဗ္ဗာန်ဟာ အလွန်ကဲဆုံး ချမ်းသာဖြစ်တယ် စသည်။

လုပ်ငန်း (၃) မေးခွန်းပေး၍ အနှစ်ချုပ်ခြင်း၊

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

-ပသေနဒီကောသလမင်းကြီးက နေ့စဉ် မြတ်စွာဘုရားထံ သွားရောက်ပြီး ဘာလုပ်လေ့ရှိသလဲ။
-မင်းကြီးက မြတ်စွာဘုရားရှေ့မှောက် ရောက်တဲ့အချိန်မှာ ဘယ်လိုဒုက္ခခံစားနေရသလဲ။
-မြတ်စွာဘုရားက ပသေနဒီကောသလမင်းကြီးကို ဘယ်လို ဆုံးမစကား မိန့်ကြားတော်မူခဲ့သလဲ။
-မင်းကြီးက ထမင်းကို ဘယ်လိုလျှော့စားခဲ့သလဲ။
-မြတ်စွာဘုရားရှင်က ပသေနဒီကောသလမင်းကြီးကို ကျန်းမာခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုဟောကြားတော်မူခဲ့သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ နေ့စဉ်စားသုံးသော အစားအစာများကို မျှတစွာ ဆင်ခြင် စားသုံးနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း။

(၃၀ မိနစ်)

֍ “ကလေးတို့ ... အစားကြီးတဲ့ ဘုရင်ကြီးဟာ အစားကို ဘယ်လို လျော့စားခဲ့တယ်ဆိုတာ သိခဲ့ရပြီးပြီ အခုဆက်ပြီးတော့ ကလေးတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကို လက်တွေ့မှာ ဘယ်လို စနစ်တကျ စားသုံးသင့်တယ်ဆိုတာကို ဆက်ပြီးဆွေးနွေးကြရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများကို အုပ်စု (၅) စုဖွဲ့ပါ။ အုပ်စုတစ်ခုစီကို အောက်တွင်ဖော်ပြထားသော စိတ်ကူးပုံဖော်သည့်နည်းဖြင့် အုပ်စုလိုက် စဉ်းစားဆွေးနွေး ရေးသားကြပါစေ။

အုပ်စု (၁) စဉ်းစားဆွေးနွေးရန်
အစားအစာကို မဆင်ခြင်ဘဲ တွေသမျှ စားမယ်ဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာမယ် ထင်သလဲ။
အုပ်စု (၂) စဉ်းစားဆွေးနွေးရန်
အစားအစာကို အလွန်အကျွံ စားမယ်ဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာမယ်လို့ ထင်သလဲ။
အုပ်စု (၃) စဉ်းစားဆွေးနွေးရန်
အစားအစာကို ဘယ်လို စားမယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူ ပြုမယ်လို့ ထင်သလဲ။
အုပ်စု (၄) စဉ်းစားဆွေးနွေးရန်
အစားအစာကို မျှတအောင် စားမယ်၊ အချိန်မှန်မှန် စားမယ်ဆိုရင် ဘယ်လိုအကျိုး ကျေးဇူးတွေ ရမယ်လို့ ထင်သလဲ။
အုပ်စု (၅) စဉ်းစားဆွေးနွေးရန်
အစားအစာကို မျှတအောင်လည်း မစားဘူး၊ အချိန်မှန်မှန်လည်း မစားဘူးဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်မယ်လို့ ထင်သလဲ။

လုပ်ငန်း (၂) ပြန်လည်တင်ပြ၍ အချင်းချင်းဖြည့်စွက်ဆွေးနွေးခြင်း။

(၂၅ မိနစ်)

֍ ဆွေးနွေးမှုရလဒ်များကို ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ အဖွဲ့တစ်ဖွဲ့ တင်ပြပြီးတိုင် ကျန်အုပ်စုများက မေးမြန်း၍ အကြံပြုဖြည့်စွက်ကြပါစေ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း၊

(၅ မိနစ်)

֍ ကလေးများ၏ ဆွေးနွေးမှုရလဒ်များမှ လိုအပ်ချက်များကို ဆရာက ဖြည့်စွက်ဆွေးနွေး၍ အောက်ပါအတိုင်း သင်ခန်းစာကို အနှစ်ချုပ်ပါ။

“ကလေးတို့...အစားအစာကို အလွန်အကျူးမစားဘဲ၊ စားသင့်တဲ့အချိန်မှာ သင့်တင့်မျှတအောင် ဆင်ခြင်စားသုံးမယ်ဆိုရင် ကျန်းမာပျော်ရွှင်ပြီး ပညာကောင်းကောင်း သင်ယူနိုင်မယ်၊ မစားသင့်တဲ့အချိန် မလိုအပ်တဲ့အချိန်တွေမှာ စားမယ်ဆိုရင် အာဟာရမဖြစ်ဘဲ ရောဂါသာ ဖြစ်စေမယ်၊ အစားအသောက်ကို သင့်တင့်မျှတစွာ စားသောက်ခြင်းဟာ ရောဂါကင်းပြီး သက်ရှည်ကျန်းမာစေတယ်၊ ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးဖြစ်တယ်လို့ ဘုရားရှင်ကိုယ်တိုင်က ဟောတော်မူခဲ့တယ်၊ ဒီတော့ တို့တစ်တွေလည်း မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း အစားအစာကို သင့်တင့်မျှတအောင် ဆင်ခြင်စားသုံးပြီး၊ အစာစားဖို့အတွက် အသက်ရှင်တာမဟုတ်ဘဲ အသက်ရှင်ဖို့အတွက် အစာစားမယ်လို့ ခံယူပြီး ကျန်းမာသန်စွမ်း ရောဂါကင်းဝေးတဲ့ သူတွေဖြစ်အောင် စားသောက်နေထိုင်သွားကြရအောင်”