ပါယာသိမြို့စားကြီး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၈။ ပါယာသိမြို့စားကြီး(ကျောင်းသားကိုင်သို့)
348400ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၈။ ပါယာသိမြို့စားကြီး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

သင်ခန်းစာခေါင်းစဉ်။ ။ ပါယာသိမြို့စားကြီး

ယေဘုယျရည်ရွယ်ချက်။ ။ မွန်မြတ်သော စိတ်ထားဖြင့်ကိုယ်တိုင် လေးလေးစားစား လှူဒါန်းတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ရိုသေလေးစားစွာ လှူဒါန်းသည့်အကျိုးကို သိရှိပြီး ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

(၁ဝ မိနစ်)

လုပ်ငန်း (၁) စတုတ္ထတန်း သင်ခန်းစာနှင့် ချိတ်ဆက်နိဒါန်းပျိုးခြင်းနှင့် ကဗျာရွတ်ဆိုခြင်း။

֍ “သားတို့သမီးတို့ ... စတုတ္ထတန်းမှာ သင်ခဲ့တဲ့ လေးလေးစားစား လှူကြမယ်သင်ခန်းစာထဲက အလှူဒါန ပြုလုပ်တဲ့အခါမှာ ဘယ်လို လေးလေးစားစား လှူရမယ်ဆိုတာ လေ့လာခဲ့ကြပြီးပြီ၊ မှတ်မိကြသေးလား၊ ပြောပြပါဦး”ဟု မေး၍ မှတ်မိသော ကလေးများက ပြောပြကြပါစေ။ (မမှတ်မိလျှင် ဆရာက ပံ့ပိုးကူညီပေးပါ။)

֍ ထို့နောက် “အခု အလှူဒါနနဲ့ပတ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်ဆိုကြည့်ရအောင်”ဟု ပြော၍ ကဗျာကို စုပေါင်းရွတ်ဆိုကြပါစေ။

အလှူဒါနပြုကြမယ်

ပေးကမ်းစွန့်ကြဲ လှူဒါန်းတာ၊
မြတ်သောဒါနပါ။
စေတနာ ကောင်းစွာထား၊
ကုသိုလ်အလွန်များ။
သူတစ်ပါးလည်း စိတ်ချမ်းသာ၊
ကိုယ်လည်းစိတ်ချမ်းသာ။
အကျိုးမှာ ဘယ်မနှေး၊
ဧကန်မုချပေး။

֍ ကဗျာရွတ်ဆိုပြီးသောအခါ ဆရာက “ပေးကမ်းလှူဒါန်းရင် ဘယ်လိုအကျိုးတွေ ရမလဲ”ဟူသော မေးခွန်းကို မေး၍ ကလေးများ၏ အဖြေများကို မှတ်သားထားပါ။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း။

(၂၀ မိနစ်)

֍ ကလေးများအားလုံး “ပါယာသိမြို့ စားကြီး” ဇာတ်လမ်းကို အစအဆုံး ဖတ်ကြပါစေ။

(ဖတ်ရန် အချိန်လုံလောက်စွာ ပေးပါ။)

֍ ကလေးများ ဖတ်နေစဉ် ဖတ်ရန်အခက်အခဲရှိသော စကားလုံးများကို ရေးမှတ်ထားရန် ဆရာက ပြောထားပေးပါ။ ကလေးများအားလုံး ဖတ်ပြီးပါက ဖတ်ရန်ခက်ခဲသော စကားလုံးများကို ဆရာက သင်ပုန်းတွင် ရေးသားပေးပြီး ရှင်းပြပါ။

ပါယာသိမြို့စားကြီး

မြတ်စွာဘုရားရှင် လက်ထက်တော်က ပါယာသိမြို့တွင် ရဟန်း၊ ပုဏ္ဏားနှင့် တောင်းရမ်း စားသောက်သူများကို နေ့စဉ်နေ့တိုင်း လှူဒါန်းပေးကမ်းသော မြို့စားကြီးတစ်ဦးရှိသည်။ သို့သော် မြို့စားကြီးသည် ဆန်ကွဲ ထမင်း၊ ပုန်းရည်ဟင်းနှင့် အလွန်ကြမ်းတမ်းသော အဝတ်အထည်များကိုသာ လှူဒါန်းပေးကမ်းလေ့ရှိသည်။ ထိုအလှူဒါနများကို ဥတ္တရလုလင်က စီမံဆောင်ရွက်ပေးရသည်။ လှူပြီးတိုင်း လုလင်က “ကျွန်ုပ်ဟာ ဒီဘဝမှာသာ ပါယာသိမြို့ စားကြီးနဲ့ တွေ့ဆုံပါရစေ၊ နောက်ဘဝတွေမှာ မတွေ့ဆုံပါရစေနဲ့”ဟု အမြဲဆုတောင်း လေ့ရှိသည်။

ထိုအကြောင်းကို ပါယာသိမြို့ စားကြီး ကြားသိသွားသောအခါ ဥတ္တရလုလင်ကို ခေါ်၍ “ဘာလို့ ဒီဆုကို တောင်းရတာလဲ”ဟု မေးလေရာ ဥတ္တရလုလင်က “မြို့စားကြီးဟာ ညံ့ဖျင်းတဲ့ ပစ္စည်းဝတ္ထုတွေကိုသာ လှူဒါန်းတဲ့အတွက် ဒီလိုဆုတောင်းရတာ ဖြစ်တယ်”ဟု ပြန်ပြောလိုက်သည်။ ထိုအခါ မြို့စားကြီးက မိမိစားသုံးသော ထမင်းဘောဇဉ်နှင့် မိမိဝတ်ဆင်သော အဝတ်အထည်မျိုးကိုသာ လှူဒါန်းရန် ညွှန်ကြားလေသည်။ သို့သော်လည်း အလှူခံပုဂ္ဂိုလ်များကို ရိုရိုသေသေ လေးလေးစားစားဖြင့် ကိုယ်ထိလက်ရောက် လှူဒါန်းလေ့မရှိပေ။ ထို့ကြောင့် မြို့စားကြီးကွယ်လွန်သောအခါ အထက်နတ်ဘုံများသို့ မရောက်ဘဲ အခြွေအရံပရိသတ်ကင်းမဲ့သည့် သေရိသကဗိမာန်တွင် စတုမဟာရာဇ်နတ်များ၏ အဖော်နောက်လိုက် နတ်သားတစ်ပါးအဖြစ်ကိုသာ ရရှိခဲ့သည်။ မြို့စားကြီး၏ အလှူဒါနများကို စီမံဆောင်ရွက်ရသော ဥတ္တရလုလင်မှာ အလှူခံပုဂ္ဂိုလ်များကို ရိုသေလေးစားစွာဖြင့် ကိုယ်ထိလက်ရောက် ပေးလှူခဲ့သည့်အတွက် သေလွန်သောအခါ တာဝတိံသာနတ်ပြည်တွင် နတ်သား ဖြစ်သွားလေသည်။

တစ်နေ့တွင် အရှင်ဂဝံပတိမထေရ်မြတ်သည် သေရိသကနတ်ဗိမာန်သို့ ကြွရောက်သီတင်းသုံးသောအခါ ပါယာသိနတ်သားနှင့် တွေ့ဆုံသည်။ ထိုအခါ ပါယာသိနတ်သားက သူနှင့်ဥတ္တရလုလင်တို့ အကျိုးပေးခြားနားပုံကို အရှင်ဂဝံပတိမထေရ်မြတ်အား ဖွင့်ဟလျှောက်တင်သည်။ ထို့အပြင် ပါယာသိနတ်သားက “အရှင်ဘုရား လူ့ပြည်ကို ပြန်ရောက်တဲ့အခါ အလှူဒါနကို ရိုရိုသေသေ ကိုယ်ထိလက်ရောက် လှူဒါန်းကြဖို့ တိုက်တွန်း ဟောကြားတော်မူပါ”ဟုလည်း မှာကြားလျှောက်ထားလိုက်သည်။

အရှင်ဂဝံပတိမထေရ်မြတ်သည် လူ့ပြည်သို့ ပြန်ရောက်သောအခါ ပါယာသိမြို့စားကြီးနှင့် ဥတ္တရလုလင်တို့၏ အကြောင်းကို သာဓကပြဟောကြားပြီး အလှူဒါနကို ရိုသေလေးစားစွာ ပြုလုပ်ကြရန် လူပရိသတ်တို့အား အမြဲတိုက်တွန်း ဆုံးမလေသည်။

မှီငြမ်း။ ။ ပိဋက အနှစ်ချုပ်၊ ဒီဃနိကာယ်၊ ဓမ္မာစရိယ ဦးမောင်မောင်လေး၊ ၂၂၈-၂၉။ ဒီ၊၂၊၂၀၀။

လုပ်ငန်း (၃) မေးခွန်းထုတ်၍ အပြန်အလှန်ဖြေခြင်း။

(၂၅ မိနစ်)

֍ ကလေးများကို အုပ်စု(၆) စုဖွဲ့ပါ။ ထို့နောက် မိမိတို့ဖတ်ထားသော ပါယာသိမြို့ စားကြီးဇာတ်လမ်းကို အုပ်စု လိုက် မေးခွန်းထုတ်ပေးရမည်”ဟု ပြော၍ တစ်အုပ်စုလျှင် မေးခွန်းငါးခုစီ ထုတ်ကြပါစေ။ပြီးလျှင် အုပ်စု အချင်းချင်း အပြန်အလှန် မေးမြန်းဖြေဆိုကြပါစေ။

ဥပမာ။ ။ အုပ်စု (၁) ၏ မေးခွန်းများကို အုပ်စု (၂) က ဖြေပါစေ။ အုပ်စု (၂) ၏ မေးခွန်းများကို အုပ်စု (၁) ကပြန်ဖြေပါစေ။ (အုပ်စု (၃) နှင့် (၄) စသည်ဖြင့်တွဲ၍ အုပ်စုအားလုံး တစ်ပြိုင်တည်းလုပ်ကြပါစေ။

လုပ်ငန်း (၄) နားလည်မှုကို မေးမြန်း ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ အောက်ပါ မေးခွန်းများကို ပေး၍ အနှစ်ချုပ်ပါ။

-ပါယာသိမြို့စားကြီးက ဘယ်လိုအရာမျိုးတွေကို လှူဒါန်းလေ့ရှိသလဲ။ ဘာကြောင့်လို့ ထင်သလဲ။
-ပါယာသိမြို့စားကြီးက အလှူဒါနတွေ ပြုလုပ်တဲ့သူ ဖြစ်ပေမယ့် ဥတ္တရလုလင်ထက် နိမ့်တဲ့ နတ်ဘုံကို ရောက်တာ ဘာကြောင့်လဲ။
-အလှူဒါနပြုလုပ်တဲ့အခါ ဘယ်လိုလှူဒါန်းရမလဲ။

ဆရာသိရန်-

နတ်ပြည်ခြောက်ထပ် အနိမ့်မှ အမြင့်သို့

၁။ စတုမဟာရာဇ်နတ်ပြည် (စတုမဟာရစ်)
၂။ တာဝတိံသာနတ်ပြည် (တာဝတိန်သာ)
၃။ ယာမာနတ်ပြည်
၄။ တုသိတာနတ်ပြည်
၅။ နိမ္မာနရတိနတ်ပြည် (နိမ်မာနရတိ)
၆။ ပရနိမ္မိတဝသဝတ္တိနတ်ပြည် (ပရနိမ်မိတဝသဝတ်တိ)

အမြင့်မှ အနိမ့်သို့
ပရနိမ္မိတဝသဝတ္တိ
နိမ္မာနရတိ
တုသိတာ
ယာမာ
တာဝတိံသာ
စတုမဟာရာဇ်

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ အကျိုးများစေမည့် လှူဒါန်းနည်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ဖြစ်ရပ်တစ်ခုစီ ရေးထားသော မဲလိပ်များ၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း။

(၅၀ မိနစ်)

֍ “ကလေးတို့ ... ပါယာသိမြို့ စားကြီး ဇာတ်လမ်းကို ဆွေးနွေးခဲ့ပြီးပြီ၊ ဒီတစ်ခါတော့ အလှူဒါနတစ်ခုကို ဘယ်လို ပြုလုပ်ရမယ်ဆိုတာကို ဆွေးနွေးကြရအောင်”ဟုပြော၍စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများကို အုပ်စု (၅) စုဖွဲ့ပါ။ အောက်ပါဖြစ်ရပ်များထဲမှ ဖြစ်ရပ်တစ်ခုစီကို အုပ်စုတစ်ခုစီအား မဲနှိုက်စေ၍ မိမိတို့အဖွဲ့ ရရှိထားသော ဖြစ်ရပ်ကို အုပ်စုတွင်း ဆွေးနွေးကြပါစေ။ ထို့နောက် ကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးမှု ရလဒ်များကို ပြန်လည်တင်ပြပါစေ။ (ဖြစ်ရပ် ၅ ခုကို ဆရာက ကြိုတင်ရေးထားပါ။)

ဖြစ်ရပ် (၁)။ ။ မကြည်ကြည်မှာ တစ်ရာကျပ်တန် နှစ်ရွက်ရှိတယ်။ တစ်ရွက်က အသစ်၊ တစ်ရွက် ကတော့ တိတ်တွေအများကြီး ကပ်ထားတဲ့ အစုတ်ဖြစ်တယ်။ အဲဒီအချိန်မှာ အလှူခံတစ်ယောက် ရောက်လာတယ်။ မကြည်ကြည် ဘယ်အရွက်ကို လှူမယ်လို့ ထင်သလဲ။ သားတို့သမီးတို့ဆိုရင်ရော ဘယ်အရွက်ကို လှူမလဲ။ ဘာကြောင့်လဲ။

ဖြစ်ရပ် (၂)။ ။ မောင်မောင်တို့အိမ်မှာ နေထိုင်မကောင်းတဲ့အခါ စားဖို့ ဆန်ကောင်းတစ်ပြည် ရှိတယ်။ အမြဲတမ်းတော့ ဆန်ကြမ်းကိုပဲ စားတယ်။ တစ်နေ့မှာ သီလရှင်တစ်ပါး ဆန်အလှူ လာခံတယ်။ မောင်မောင်တို့ မိသားစုက ဘယ်ထန်ကို လှူမယ်လို့ ထင်သလဲ။ သားတို့သမီးတို့ဆိုရင်ရော ဘယ်ဆန်ကို လှူမလဲ။ ဘာကြောင့်လဲ။

ဖြစ်ရပ် (၃)။ ။ မောင်ရှိုင်းကို သူ့အဖေက ဘုန်းကြီးကျောင်းကို သွားပြီး ပန်းသီးလှူဝိုင်းတယ်။ မောင်ရှိုင်းက ကိုယ်တိုင်မသွားဘဲ အခြားသူငယ်ချင်းတစ်ယောက်ကို လှူခိုင်းလိုက်တယ်။ သားတို့ သမီးတို့သာ မောင်ရှိုင်းနေရာမှာဆိုရင် ဘယ်လိုလှူမလဲ။ ဘာကြောင့်လဲ။

ဖြစ်ရပ် (၄)။ ။ အောင်အောင်တို့ အိမ်ကို ရဟန်းတစ်ပါးနေ့တိုင်း ဆွမ်းခံကြွလေ့ရှိတယ်။ တစ်နေ့ တော့ အောင်အောင်ရဲ့ မိဘတွေဟာ ကိစ္စတစ်ခုနဲ့ အပြင်သွားစရာရှိတယ်။ မသွားခင် အောင်အောင်ကို ဆွမ်း လောင်းဖို့ မှာထားခဲ့တယ်။ ရဟန်းတော်ကြွလာတဲ့အခါ အောင်အောင်က သူငယ်ချင်းတွေနဲ့ ကစားနေတယ်။ အောင်အောင် ဘယ်လို ဆွမ်းလောင်းမယ်လို့ ထင်သလဲ။ အောင်အောင်နေရာမှာ သားတို့သမီးတို့သာဆိုရင် ဘယ်လို ဆွမ်းလောင်းလှူမလဲ။ ဘာကြောင့်လဲ။

ဖြစ်ရပ် (၅)။ ။ ဆဋ္ဌမတန်းကျောင်းသားလေး မင်းခန့်ဟာ ကျောင်းနဲ့အိမ်က အလှမ်းကွာဝေးလို့ ကျောင်းသွားတိုင်း ထမင်းချိုင့် ယူသွားရတယ်။ တစ်ဝနေ့တော့ ထမင်းစားချိန်မှာ အတန်းထဲက အတန်းဖော် သူငယ်ချင်းဖြစ်တဲ့ ကိုရဲဟာ ထမင်းချိုင့်မပါတော့ ထမင်းမစားရဘဲနေတာကို မင်းခန့်သိသွားတယ်၊ သူလည်း အိပ်ရာထ နောက်ကျတဲ့အတွက် ဘာမှမစားရသေးဘူး၊ သူမှာလည်း စားစရာအပိုမပါဘူး။ မင်းခန့် ဘာဆက် လုပ်မယ် ထင်သလဲ၊ သားတို့သမီးတို့သာ မင်းခန့်နေရာမှာဆိုရင် ဘာလုပ်မလဲ၊ ဘယ်လိုလုပ်ရင် အကောင်း ဆုံးဖြစ်မယ်လို ထင်သလဲ။

֍ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြသည့်အခါ ဖြစ်ရပ်ကို အရင်ပြောပြပြီး ဆုံးဖြတ်ချက်နှင့် အကြောင်းရင်းကို ဆက်၍ ပြောပြပါစေ။

֍ အုပ်စုတစ်စု တင်ပြပြီးလျှင် အခြားအုပ်စုများက သဘောတူခြင်း ရှိ၊ မရှိ၊ အခြားအဖွဲ့များ၏ ထပ်မံအကြံပြု ဆွေးနွေးချက် များကိုလည်း ဆရာက ဖိတ်ခေါ်ပေးပါ။

လုပ်ငန်း (၂) ဇာတ်လမ်းနှင့်ချိတ်ဆက်၍ သင်ခန်းစာကို အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ဆရာက အောက်ပါအတိုင်း ဖြည့်စွက်ဆွေးနွေး၍ အနှစ်ချုပ်ပါ။

“ကလေးတို့ ... အလှူတစ်ခု လုပ်တော့မယ်ဆိုရင် အကျိုးရှိရှိလှူဒါန်းနည်းကို သိဖို့လိုတယ်၊ ဇာတ်လမ်းထဲက ပါယာသိမြို့စားကြီးကိုပဲ ကြည့်ပါ၊ လှူနည်းမတတ်တော့ အများကြီးလှူ ပေမယ့် အကျိုး နည်းနည်းပဲ ရတယ်၊ ဒီနေ့ခေတ်မှာလည်း ပိုက်ဆံတွေ အများကြီး အကုန်ကျခံပြီး အလှူဒါနတွေ ပြုလုပ်ကြပေမယ့် လှူဒါန်းသူကိုယ်တိုင် မွန်မြတ်တဲ့စိတ်ထားနဲ့ လေးလေးစားစား မလှူဒါန်းတတ်ကြတဲ့ အတွက် ငွေကုန် သလောက် အကျိုးမရှိတဲ့ အလှူတွေ အများကြီးပဲ၊ ဒါကြောင့် အလှူဒါနပြုတိုင်း မှန်မှန်ကန်ကန် ရှာဖွေ ရရှိထားတဲ့ ပစ္စည်းတွေနဲ့ စိတ်ထားမွန်မွန်မြတ်မြတ်ထားပြီး လေးလေးစားစား ကိုယ်တိုင်ကိုယ်ကျ လှူဒါန်း ကြရမယ်၊ ဒါမှသာ အကျိုးများတဲ့ အလှူတွေဖြစ်မှာ သေချာမယ်”