အနောမဒဿီဘုရားရှင်

From Wikisource
Jump to navigation Jump to search
364912နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၁၀) အနောမဒဿီဘုရားရှင် -အနောမဒဿီဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၁၀။ အနောမဒဿီဗုဒ္ဓဝင်

[edit]

သောဘိတဘုရားရှင်ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံးပြီးသည်နောက် မရေမတွက်နိုင်လောက်အောင် များပြားသော ဘုရားမပွင့်သည့် သုညကမ္ဘာ တစ်သင်္ချေကို လွန်ပြီးမှ တစ်ခုသော ဝရကမ္ဘာတွင် ဘုရားသုံးဆူပွင့်တော်မူ ခဲ့သည်။ ထိုဝရကမ္ဘာသည် ဤဘဒ္ဒကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်ဖြစ်သည်။ ထိုဝရကမ္ဘာ၌ အနောမဒဿီ မြတ်စွာဘုရား၊ ပဒုမမြတ်စွာဘုရားနှင့် နာရဒမြတ်စွာဘုရားတို့ ပွင့်တော်မူခဲ့ကြရာ ရှေးဦးစွာ ပွင့်တော်မူသော ဘုရားရှင်မှာ အနောမဒဿီ ဘုရားရှင်ဖြစ်ခဲ့သည်။

အနောမဒဿီဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

အနောမဒဿီဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား လောကတွင် ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော်သည် နတ်ဗြဟ္မာ တို့၏ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် စန္ဒဝတီ နေပြည်တော် ယသဝါ မည်သော မင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ယသောဓရာ မိဖုရားကြီး၏ ဝမ်းကြာ တိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော် မူခဲ့သည်။ ဆယ်လလွန်မြောက် အချိန်ရောက်သောအခါ မယ်တော် မိဖုရာကြီးသည် အလောင်းတော်မင်းသားကို သုစန္ဒန ဥယျာဉ်တော်၌ ဖွားမြင် တော်မူခဲ့ သည်။ အလောင်းတော်မင်းသား ပဋိသန္ဓေ နေသော နေ့၌ ကောင်းကင်မှ ရတနာခုနစ်ပါးတို့ တဖွားဖွား ကျရောက်လာခဲ့၍ အနောမမည်သော ရတနာ တို့ဖြစ်ကြောင်းကို အစွဲပြုကာ “အနောမဒဿီ မင်းသား”ဟု မှည့်ခေါ်ခဲ့ကြသည်။ အလောင်း တော်မင်းသား ပဋိသန္ဓေ နေတော်မူသော အခါ၊ ဖွားမြင်တော်မူသောအခါတို့၌ နိမိတ် ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်တို့၌ ဖြစ်ပေါ်လေ့ ရှိသည့် ဓမ္မတာအတိုင်း အထူးအံ့ဩ ဖွယ်ရာ များဖြစ်ပေါ်ခဲ့သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် အနောမဒဿီမင်းသားသည် တရွေ့ရွေ့ ကြီးမြောက် အရွယ်တော်ရောက်သောအခါ သီရိမာဒေဝီ မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ တင့်တယ်လှပသော သိရီရွှေနန်းဆောင်၊ ဥပသိရီ ရွှေနန်းဆောင်၊ ဝဍ္ဎုရွှေနန်းဆောင်ဟူသော နန်းပြာသာဒ်သုံးဆောင် တို့၌ သီရိမာမိဖုရားအမှူးပြုသော ရံရွေတော် နှစ်သောင်းသုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်းတစ်သောင်းတို့ပတ်လုံး နတ်စည်း စိမ်နှင့် တူသော စည်းစိမ်ချမ်းသာကို ခံစား တော်မူကာ ထီးနန်းစိုးအုပ် မင်းလုပ်ခဲ့သည်။ အလောင်းတော်၏ သားတော်မှာ ဥပဝါဏမင်းသား ဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်သည် ထိုသို့ထီးနန်းစည်းစိမ်ကို ခံစားနေတော်မူစဉ်၊ သီရိမာမိဖုရားကြီးမှ ဥပဝါဏ သားတော်ကို ဖွားမြင်တော်မူသောအခါ နတ်တို့ ဖန်ဆင်းပြသခဲ့သည့် သူအို, သူနာ, သူသေ, ရဟန်း ဟူသော နိမိတ်ကြီးလေးပါး တို့ကို မြင်တော်မူခဲ့ပြီးဖြစ်၍ သံဝေဂဉာဏ် ကြီးစွာဖြစ်လျက် ရွှေထမ်း စင်စီးကာ တောထွက်၍ ရဟန်းပြုတော်မူခဲ့၏။ အလောင်းတော် မင်းသား ရဟန်းပြုလေ လျှင် အလောင်းတော်မင်းသားကို အတုလိုက်၍ သုံးကုဋေရှိသော ယောကျ်ား တို့သည် လိုက်ပါ ရဟန်း ပြုခဲ့ကြကုန်၏။ ထိုရဟန်းတို့ ခြံရံလျက် အလောင်းတော်သည် ဆယ်လတိုင်တိုင် ဒုက္ကရ စရိယာ အကျင့်ကို ကျင့်တော်မူခဲ့သည်။ ဒုက္ကရစရိယာ ဆယ်လကြာအောင် ကျင့်တော်မူပြီးနောက် ဘုရား ဖြစ်မည့် ကဆုန်လပြည့်နေ့ဝယ် အနုပမ ပုဏ္ဏားရွာသို့ ဆွမ်းခံဝင်ခဲ့သည်။ အနူပမာ အမည်ရှိသော ပုဏ္ဏားသူဌေးသမီး လှူဒါန်း အပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူလျက် ထိုအရပ်ရှိ အင်ကြင်း တော အတွင်း၌ နေခိုခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွါ၍ မဟာဗောဓိပင်ရှိရာသို့ တစ်ပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ အနောမတက္ကတွန်း လှူဒါန်း သော မြက်ရှစ်ဆုပ်ကို အလှူခံတော်မူခဲ့၏။ ထောက်ကြံ့ဗောဓိပင်သို့ ရောက် လေလျှင် အလှူခံခဲ့သော မြက်ရှစ်ဆုပ်ကို ထောက်ကြံ့ဗောဓိပင်ရင်း၌ ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် သုံးဆယ့်ရှစ်တောင်ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက်လာခဲ့သည်။ ထိုအပရာဇိ တပလ္လင်ထက်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အင်္ဂါလေးပါး ရှိသော ဝီရိယကို ဆောက် တည်တော်မူခဲ့၏။ ထိုနေ့နေမဝင်မီ မာရ်စစ်သည်ဗိုလ်ပါတို့ကို အောင်မြင် တော်မူကာ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင် နက် အာသဝက္ခယဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ ဘုရားဖြစ် တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

အနောမဒဿီဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် သတ္တသတ္တာဟ- လေးဆယ့်ကိုးရက် မဟာဗောဓိပင် အနီးမှာပင် အရဟတ္တဖိုလ် ချမ်းသာဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော်မူ၍ တရားဟောရန် သတ္တလော ကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူသော် ကိုယ်တော်မြတ် တောထွက်စဉ်က လိုက်ပါ ရဟန်းပြုခဲ့ကြသော သုံးကုဋေသော ရဟန်းတို့ကို မြင်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုရဟန်းတော်များနေထိုင်ရာ သုဒဿနဥယျာဉ်ကြီးသို့ ကောင်းကင်ခရီးဖြင့် တစ်ခဏချင်း ကြွရောက်တော်မူခဲ့သည်။ သုဒဿန ဥယျာဉ်ကြီးသို့ ရောက်လေလျှင် ထိုရဟန်းတော် သုံးကုဋေနှင့်အတူ နတ်လူ ပရိသတ်တို့၏ အလယ်၌ ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောတော်မူခဲ့၏။ ဒေသနာတော်ဆုံးသောအခါ ကုဋေတစ်ရာ သော သတ္တဝါတို့ သစ္စာ လေးပါးတရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

အနောမဒဿီဘုရားရှင်၏ လက်ထက်တော်၌ ဂေါတမဘုရားအလောင်း တော်သည် တန်ခိုးအာနု ဘော်ကြီးမားလှသည့် ကုဋေပေါင်းများစွာသော ဘီလူးတို့ကို အစိုးရသော ဘီလူးစစ်သူကြီး ဖြစ်ခဲ့သည်။ ဘီလူးစစ်သူကြီးသည် လောက၌ အနောမဒဿီဘုရား ပွင့်တော်မူကြောင်း ကြားသိလေ လျှင် အလွန်တင့်တယ် ရှုချင်ဖွယ်ရာ ရတနာခုနစ်ပါးဖြင့် ပြီးသော မဏ္ဍပ်ကြီးကို ဖန်ဆင်း၍ ဘုရား အမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ဆွမ်းအဖျော်စသည်တို့ဖြင့် လှူဒါန်း ပူဇော်ခဲ့သည်။ ထိုအခါ အနောမဒဿီ ဘုရားရှင်သည် အလောင်းတော် ဘီလူးစစ်သူကြီးအား “ဤကမ္ဘာမှ နောက် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်သောအခါ ဘဒ္ဒကမ္ဘာ၌ ဂေါတမဘုရား ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့သည်။ ဘုရားရှင်၏ ဗျာဒိတ်စကား ကြားရလေလျှင် ဝမ်းသာပီတိဖြစ်ခဲ့ပြီး ဘုရားဖြစ်ဖို့ရန် ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်တော်မူခဲ့သည်။

အနောမဒဿီဘုရားရှင်၏ တပည့်သာဝကများ

[edit]

အနောမဒဿီဘုရားရှင်၏ (အဂ္ဂသာဝက) မြတ်သော တပည့်အစုံ တို့ကား အရှင်နိသဘမထေရ်နှင့် အရှင်အနောမ, မထေရ်တို့ဖြစ်ခဲ့ကြပြီး အလုပ်အကျွေး ရဟန်းကား အရှင်ဝရုဏမထေရ် ဖြစ်လေ သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံတို့သည် အရှင်မသုန္ဒရီထေရီနှင့် အရှင်မ သုမနာ ထေရီတို့ဖြစ်ခဲ့ကုန်၍ ပွင့်တော်မူရာ ဗောဓိပင်ကား ထောက်ကြံ့ဗောဓိပင်ဖြစ်ခဲ့သည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာအစုံတို့မှာ နန္ဒိဝဍ္ဎုသူဌေးနှင့် သီရိဝဍ္ဎသူဌေး တို့ဖြစ်ခဲ့ကြကုန်ပြီး (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမအစုံတို့သည် ဥပ္ပလာဥပါသိ ကာမ နှင့် ပဒုမာ ဥပါသိကာမတို့ ဖြစ်ခဲ့ကြကုန်သည်။ ဘုရားရှင်၏ အရပ်တော်မှာ ငါးဆယ့်ရှစ်တောင်မြင့်လျက် ဘုရားရှင်သက်တမ်းမှာ တစ်သိန်းတမ်းဖြစ်ခဲ့သည်။ ထိုမျှလောက်သော ကာလပတ်လုံး သတ္တဝါတို့အား သံသရာ ရေအလျဉ်မှ ကယ်တင်တော်မူခဲ့သည်။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

အနောမဒဿီဘုရားရှင်၏ သုဘဝတီမြို့အနီး သုဒဿနဥယျာဉ်တော်ကြီး၌ သုံးကုဋေသော ရဟန်း တော်တို့နှင့် နတ်လူတို့အား ဓမ္မစကြာ တရားဟောသော တရားပွဲသည် ရှေးဦးစွာ (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့၏။ ထိုတရားပွဲ၌ ကုဋေတစ်ရာသော သတ္တဝါတို့ သစ္စာလေးပါးသိမြင် ကျွတ်တမ်းဝင်ခဲ့ကြသည်။ တစ်ဖန် အခါတစ်ပါး၌ ဩသဓိမြို့အနီး ပိတောက်ပင်ကြီးအရင်း၌ ရေမီး အစုံ အစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် တာဝတိံသာ နတ်ပြည် သို့ကြွကာ ပင်လယ် ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဝါတွင်းသုံးလ ပတ်လုံး အဘိဓမ္မာ ဒေသနာ ဟောကြား တော်မူသော တရားပွဲသည် ဒုတိယ အကြိမ်မြောက်(ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ ကုဋေရှစ်ဆယ်သော နတ်ဗြဟ္မာတို့ သစ္စာလေးပါးတရားသိမြင် ကျွတ်တမ်း ဝင် ခဲ့ကြ သည်။ ထိုနောက် အခါတစ်ပါး၌ မင်္ဂလာပုစ္ဆာပြဿနာကို ခွဲခြမ်းစိတ်ဖြာ၍ ဟောကြား ဖြေဆိုတော်မူ သော တရားပွဲသည် တတိယ အကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ခုနစ်ဆယ့်ရှစ် ကုဋေသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင်ကျွတ်တမ်း ဝင်ခဲ့ကြသည်။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

အနောမဒဿီဘုရားရှင် လက်ထက်တော်တွင် သာဝက အစည်းအဝေး ကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ ထိုသုံးကြိမ်တို့တွင် အနောမဒဿီဘုရားရှင်သည် သောရေယျမြို့၌ ဣသိဒတ္တမင်းအား တရားဟော သည်ရှိသော် မင်းနှင့်တကွသော သူတို့သည် သဒ္ဓါတရားကြီးစွာ ဖြစ်ကြကုန်လျက် ဧဟိဘိက္ခုရဟန်း အဖြစ်ဖြင့် ရဟန်းပြုခဲ့ကြသည့် ရဟန္တာရှစ်သိန်း တို့၏အလယ်၌ ဩဝါဒ ပါတိမောက်ကို ပြတော် မူခဲ့သည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ တစ်ဖန် အနောမဒဿီဘုရားရှင်သည် ရာဓဝတီမြို့၌ သုန္ဒရိန္ဓရ မည်သော မင်းအား တရားဟောသည်ရှိသော် မင်းနှင့်တကွသော သူတို့သည် သဒ္ဓါတရားကြီးစွာဖြစ်၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုခဲ့ကြသော ရဟန္တာခုနစ်သိန်းတို့၏ အလယ်၌ ဩဝါဒပါတိမောက် ကို ပြတော်မူခဲ့ပြန်၏။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်း အဝေး ကြီးဖြစ်ခဲ့သည်။ တစ်ဖန် အခါတစ်ပါးဝယ် သောရေယျမြို့၌ပင် သောရေယျမင်း နှင့်တကွ ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန်းပြုခဲ့ကြသော ရဟန္တာခြောက်သိန်းတို့၏ အလယ်၌ ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့ပြန်၏။ ထိုအစည်းအဝေးသည် တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်း

[edit]

တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာတို့ကြောင့် အနောမဒဿီဘုရားရှင် ၏သာသနာတော်သည် ကောင်းစွာပွင့်လင်း ခဲ့၏။ သာသနာတော်သည် ရဟန္တာတို့ဖြင့် တင့်တယ်ခဲ့၏။ အနောမဒဿီ ဘုရားရှင်သည် အနှစ်တစ်သိန်း သက်တမ်း အတိုင်း သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၍ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ “မနှိုင်းယှဉ်အပ်သော အခြံအရံ အကျော်အစော ရှိတော်မူသော ဘုရားရှင်သည်လည်းကောင်း၊ တပည့်သာဝကတို့သည်လည်းကောင်း ကွယ်ပျောက်ခဲ့ လေပြီ။ သင်္ခါရ တရားတို့သည် ခိုင်မြဲသော အနှစ်သာရမရှိကုန်။ အချည်းအနှီးတို့သာ ဖြစ်ကြ လေကုန်စွ”

စေတီတည်ထား ကိုးကွယ်တော်မူခြင်း

[edit]

မာရ်ငါးပါးကို အောင်မြင်တော်မူသော အနောမဒဿီဘုရားရှင်သည် ဓမ္မာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။ ထိုကျောင်းတိုက်အတွင်း၌ပင် စေတီတော်ကို တည်ထား ကိုးကွယ် တော်မူခဲ့ကြရာ စေတီတော်သည် နှစ်ဆယ့်ငါးယူဇနာ မြင့်တော်မူခဲ့၏။ သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္န ဓါတ်တော်ကို ထိုစေတီတော်အတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာ ခုနစ်ပါးဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေ ခဲ့ကြကုန် သတည်း။