သောဘိတဘုရားရှင်

From Wikisource
Jump to navigation Jump to search
364911နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၉) သောဘိတဘုရားရှင် -သောဘိတဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၉။ သောဘိတဗုဒ္ဓဝင်

[edit]

ဘုရားရှင်လေးဆူပွင့်သော သာရမဏ္ဍကမ္ဘာတွင် တတိယမြောက် ပွင့်တော်မူသည့် ရေဝတဘုရားရှင် ပရိနိဗ္ဗာန်စံလွန် တော်မူပြီးနောက် ဆုတ်ကပ် လူတို့၏အသက်ကိုးသောင်းတမ်းသို့ ရောက်သောအခါ သောဘိတ ဘုရားရှင်ပွင့် တော်မူခဲ့သည်။

သောဘိတဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

သောဘိတဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည့်အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား လောကတွင် ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော်သည် နတ်ဗြဟ္မာ တို့၏ တောင်းပန် ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် သုဓမ္မနေပြည်တော် သုဓမ္မမင်းကြီး၏ အဂ္ဂမဟေသီ သုဓမ္မာအမည်ရှိသော မိဖုရားကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်း တော်မူခဲ့ သည်။ ဆယ်လလွန်မြောက် အချိန်ရောက်သောအခါ သုဓမ္မဥယျာဉ်၌ မိုးတိမ်တိုက်မှ လပြည့်ဝန်းကြီး ထွက်ပေါ်လာ သကဲ့သို့ မယ်တော်၏ ဝမ်းကြာတိုက်မှ ထွက်ကြွ ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်မင်းသား ပဋိသန္ဓေ နေတော်မူ သောအခါ ဖွားမြင် တော်မူသောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ ရှိသည့် ဓမ္မတာ အတိုင်း အထူးအံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် သောဘိတမင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ်တော်ရောက်သောအခါ မဏိလာဒေဝီ မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ တင့်တယ်လှပသော ကုမုဒရွှေနန်းဆောင်၊ နာဠိနရွှေနန်းဆောင်၊ ပဒုမရွှေနန်းဆောင်ဟူသော နန်းပြာသာဒ်သုံးဆောင် တို့၌ မဏိလာဒေဝီမိဖုရားအမှူးရှိသော ရံရွေတော် သုံးသောင်းခုနစ်ထောင်တို့၏ ဖျော်ဖြေ လုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်းကိုး ထောင်တို့ပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ် ချမ်းသာကို ခံစားတော်မူကာ ထီးနန်း စိုးအုပ်မင်းလုပ်ခဲ့သည်။ အလောင်းတော်၏ သားတော် မှာ သီဟမင်းသား ဖြစ်ခဲ့သည်။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်သည် ထိုသို့ ထီးနန်းစည်းစိမ်ကို ခံစားနေတော်မူစဉ် မဏိလာဒေဝီမိဖုရားကြီးမှ သီဟမင်းသားကို ဖွားမြင်တော်မူသောအခါ နတ်တို့ဖန်ဆင်းပြသခဲ့သည့် သူအို, သူနာ, သူသေ, ရဟန်း ဟူသော နိမိတ်ကြီး လေးပါး တို့ကို မြင်တော်မူခဲ့ပြီးဖြစ်၍ သံဝေဂဉာဏ် ကြီးစွာဖြစ်လျက် နန်းတော်မှာပင် ရဟန်းပြုတော်မူခဲ့သည်။ အာနာပါန ဘာဝနာကို ပွားများ၍ စတုတ္ထဈာန်တိုင်အောင် ရရောက်တော်မူသောအခါ နန်းတော်မှာပင် ခုနစ်ရက်ပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်တော် မူခဲ့သည်။ အလောင်းတော် သည် ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့၌ မဏိလာ ဒေဝီမိဖုရားကြီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူပြီးနောက် ]ငါနေသော ပြာသာဒ်သည် တန်ဆာဆင်မြဲအတိုင်း လူအများ ကြည့်ရှုနေစဉ် ကောင်းကင်သို့ ပျံတက်၍ ဗောဓိပင်ကို ဗဟိုထားပြီး မြေအပြင်သို့ သက်ပါစေသတည်း။ နန်းတွင်းသူ မင်း, မိန်းမတို့ သည်လည်း ငါအလောင်းတော် ဗောဓိပင်အနီး၌ နေသည်ရှိသော် တစ်စုံတစ်ရာ မပြောဆိုရဘဲ ပြာသာဒ်မှ ထွက်ခွါသွားကြစေကုန် သတည်း”ဟု တောထွက်ဖို့ရန် စိတ်သန် အဓိဋ္ဌာန်ပြု တော်မူခဲ့သည်။ လောင်းတော်သည် အဓိဋ္ဌာန်ပြုသည်နှင့် တစ်ပြိုင်နက် အလောင်း တော်စံရာ နန်းပြာသာဒ် သည် ကောင်းကင်သို့ ပျံတက်ခဲ့သည်။ နန်းပြာသာဒ်သည် ကောင်းကင်အလယ်၌ အလွန် ထွန်းလင်းတောက်ပခဲ့၏။ လှပ တင့်တယ် ရှုချင်စဖွယ်ဖြစ်ခဲ့၏။ မြင်ရသူလူအပေါင်းတို့သည် ရင်သပ်ရှုမော အံ့ဩချီး ကျူးခဲ့ကြကုန်၏။ အလောင်း တော်၏ အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးသည်လည်း နတ်စစ် တပ်ကြီးပမာ ရှုမငြီးဖွယ် ဖြစ်လျက် မြေအပြင်မှာ ကဲ့သို့ပင် ကောင်းကင်အပြင်မှာလည်း ပြာသာဒ် တော်ကို ဝန်းရံလိုက်ပါလာခဲ့သည်။ ပြာသာဒ်ကြီးသည် ကောင်းကင် ခရီးဖြင့် သွား၍ ရှစ်ဆယ့် ရှစ်တောင်အမြင့်ရှိသော မဟာဗောဓိ ကံ့ကော်ပင်ကို အလယ်ဗဟိုပြုကာ မြေသို့ သက်၍ တည်ခဲ့ လေသည်။ မောင်းမအပေါင်းတို့သည်လည်း အလောင်းတော်က တစ်စုံတစ်ရာမပြောဆိုရဘဲ ပြာသာဒ် တော်မှ သက်ဆင်း၍ ထွက်ခွါသွားခဲ့ကြကုန်၏။ အထက်ပါအတိုင်းပင် အလောင်းတော်သည် ပြာသာဒ်ယာဉ်ဖြင့် တောထွက် တော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

သောဘိတဘုရားအလောင်းတော်သည် များစွာသော လူအပေါင်းခြံရံလျက်ပင် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်ကို ရတော်မူ ကာ ဘုရားဖြစ်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

သောဘိတဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် အရဟတ္တဖိုလ် ချမ်းသာဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ရောက်သောအခါ တရားဟောတော်မူရန် ဗြဟ္မာမင်း ၏တောင်းပန်ခြင်းကို လက်ခံတော်မူခဲ့ပြီး “အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်လေသော် ကိုယ်တော်မြတ်၏ ဖတူမိကွဲ ညီတော်များ ဖြစ်သော အဿမမင်းသားနှင့် သုနေတ္တမင်းသား တို့ကို မြင်တော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်သည် ကောင်းကင်ခရီးဖြင့် တစ်ခဏခြင်း ကြွသွားခဲ့၍ သုဓမ္မ ဥယျာဉ်အတွင်း သက်ဆင်း တော်မူကာ မင်းသားနှစ်ဦးတို့ကို ဥယျာဉ်မှူးအား အခေါ်လွှတ်တော်မူခဲ့၏။ ထိုမင်းသားနှစ်ဦးတို့သည် အခြံ အရံများ နှင့်တကွ ဥယျာဉ်သို့ ရောက်ရှိလာသောအခါ အထက်ဘဝဂ် အောက်အဝီစိ တိုင်များ မြောင်လှစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အလယ်၌ ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာ တော်ကို ဟောကြား တော်မူခဲ့သည်။ ဒေသနာတော်ဆုံးသော အခါ မရေမတွက်နိုင်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါးတရားကို သိမြင်ခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

သောဘိတဘုရားရှင်၏ လက်ထက်တော်၌ ဂေါတမဘုရား အလောင်းတော်သည် သုဇာတပုဏ္ဏား ဖြစ်၍ ဘုရားရှင်၏ တရားတော်ကို ကြားနာရ သဖြင့် သရဏဂုံ တည်ခဲ့သည်။ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့အား ဝါတွင်း သုံးလပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူတော်မူခဲ့၏။ သောဘိတဘုရားရှင်သည် သုဇာတပုဏ္ဏားအား “နောင်အခါ ဘဒ္ဒကမ္ဘာ၌ ဂေါတမအမည်ရှိသော ဘုရား ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ ခဲ့သည်။ ဂေါတမဘုရားအလောင်းတော် သုဇာတပုဏ္ဏားသည် ဗျာဒိတ်စကား ကြားရလေလျှင် အလွန် ဝမ်းမြောက်စွာဖြင့် ဘုရားအဖြစ်သို့ ရောက်ရန် အတွက် တိုးတက်၍ ဝီရိယကို ပြုတော်မူခဲ့သည်။

သောဘိတဘုရားရှင်၏ တပည့်သာဝကများ

[edit]

သောဘိတဘုရားရှင်၏ (အဂ္ဂသာဝက)မြတ်သော တပည့်အစုံတို့ကား အရှင်အသမမထေရ်နှင့် အရှင်သုနေတ္တမထေရ် တို့ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေးရဟန်းတော်မှာ အရှင်အနောမ မထေရ်ဖြစ် ခဲ့သည်။ (အဂ္ဂသာဝိကာ) တပည့်မ အစုံတို့ကား အရှင်မနကုလာထေရီနှင့် အရှင်မသုဇာတာ တို့ဖြစ်ခဲ့ကြကုန်ပြီး ပွင့်တော်မူရာ ဗောဓိပင်ကား ကံ့ကော်ပင် ဖြစ်ခဲ့လေသည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ရမ္မသူဌေးနှင့် သုဒတ္တသူဌေး တို့ဖြစ်ခဲ့ကြ ကုန်၍ (အဂ္ဂဥပဋ္ဌိကာ)မြတ်သော အလုပ်အကျွေး ဒါယိကာမအစုံတို့ကား နကုလ ဥပါသိကာမနှင့် စိတ္တာ ဥပါသိကာမ တို့ဖြစ်ခဲ့ကြကုန်၏။ သောဘိတဘုရားရှင်၏ အရပ်တော်မှာ ငါးဆယ့်ရှစ်တောင် မြင့်၍ ထွန်းလင်း တောက်ပသော နေလုလင်ပမာ အလုံးစုံသော အရပ်မျက်နှာတို့ကို အလိုတော်ရှိသမျှ တောက်ပနိုင်သော ကိုယ်တော်ရောင်တို့ဖြင့် လွန်မင်းစွာ တင့်တယ်တော်မူခဲ့၏။

(ဓမ္မာဘိသမယ)တရားပွဲကြီးများ

[edit]

သောဘိတဘုရားရှင်၏ သုဓမ္မဥယျာဉ်၌ ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောကြားတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲကြီး၌ မရေမတွက်နိုင်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါးတရားကို သိကြကာ ကျွတ်တမ်းဝင် ခဲ့ကြသည်။ ထို့နောက် အခါတစ်ပါးဝယ် သုဒဿန မြို့တံခါးအနီး သခွတ်ပင်ကြီး အရင်း၌ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် တာဝတိံသာ နတ်ပြည်သို့ ကြွကာ ပင်လယ် ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ သီတင်းသုံး၍ အဘိဓမ္မာ တရားကို ဟောတော်မူခဲ့သော တရားပွဲကြီးကား ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။

ထိုတရားပွဲ၌ ကုဋေကိုးသောင်းသော နတ်ဗြဟ္မာအပေါင်းတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြ၏။ ထို့နောက် တစ်ဖန် သုဒဿနမြို့၌ ဇယသေနမင်းသားသည် တစ်ယူဇနာ ပမာဏရှိသော ကျောင်းတော်ကို ဆောက်လုပ် ၍ အရာမ်နှင့်တကွသော ဇယသေန ကျောင်းတော်ကြီး ကို သောဘိတဘုရားရှင်နှင့် သံဃာတော်တို့အား လှူဒါန်း ခဲ့သည်။ ထိုကျောင်းလွှတ် ပူဇော်ပွဲကြီး၌ မဟာဒါနကို ချီးမွမ်း ဟောကြားသော တရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်းသော လူနတ် ဗြဟ္မာသတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

သောဘိတဘုရားရှင် လက်ထက်တော်တွင် သာဝကအစည်းအဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ သုနန္ဒမြို့၌ ဥဂ္ဂတမင်းသည် သုနန္ဒာရာမကျောင်းတိုက်ကြီး တည်ဆောက်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့အား လှူဒါန်း ခဲ့သည်။ ထိုကျောင်းလွှတ်အလှူပွဲကြီး၌ ဧဟိဘိက္ခုရဟန်း ဖြစ်ကြကုန်သော ရဟန္တာပေါင်း ကုဋေတစ်ရာတို့အလယ်၌ သောဘိတ ဘုရားရှင် သည် ပါတိ မောက်ပြတော်မူခဲ့၏။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်း အဝေး ကြီးပင် ဖြစ်ခဲ့၏။ တစ်ဖန် မေခလမြို့ ဓမ္မဂဏခေါ် သူတော်ကောင်း အသင်းကြီးသည် ဓမ္မဂဏာ ရာမမည်သော မြတ်သောကျောင်းတိုက်ကြီးကို တည်ဆောက်၍ ဘုရားအမှူးရှိသော သံဃာတော် တို့အား လှူဒါန်းခဲ့သည်။ ပရိက္ခရာ မျိုးစုံ ကိုပါ လှူဒါန်းခဲ့ကြပြန်သည်။ ထိုကျောင်း အလှူပွဲ၌ ဧဟိဘိက္ခု ရဟန္တာပေါင်း ကုဋေကိုးဆယ် စည်းဝေးမိခဲ့ကြ လေသည်။ ထိုအစည်းအဝေး၌ သောဘိတဘုရားရှင်သည် ဩဝါဒပါတိမောက် ပြတော်မူခဲ့၏။ ထိုအစည်းအဝေးကား ဒုတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေး ကြီးပင်ဖြစ်ခဲ့သည်။ သောဘိတ ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောတော်မူပြီး ဝါကျွတ်၍ ပဝါရဏာ ပြုတော်မူရန် နတ်ဗြဟ္မာ အပေါင်းခြံရံ လျက် လ့ူပြည်သို့ ဆင်းသက်တော်မူခဲ့သည်။ လူ့ပြည်သို့ ရောက်တော်မူ သည့်အခါ ရဟန္တာပေါင်း ကုဋေရှစ်ဆယ် တို့နှင့်တကွ အင်္ဂါလေးပါးရှိသော အစည်း အဝေး၌ ပဝါရဏာပြုတော်မူခဲ့သည်။ ထိုအစည်းအဝေးကား သုံးကြိမ်မြောက် သာဝက (သန္နိပါတ) အစည်း အဝေး ကြီးဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

သောဘိတဘုရားရှင်သည် သက်တမ်းကိုးသောင်းပတ်လုံး တည်နေလျက် များစွာသော သတ္တဝါတို့ကို ကယ်တင် တော်မူခဲ့၏။ ကိုယ်တော့်မျက်မှောက် ကျွတ်တမ်းမဝင်ရောက်ကြကုန်သေးသော ဝေနေယျ သတ္တဝါတို့အား တစ်ကြိမ်ဆုံးမခြင်း၊ အကြိမ်ကြိမ်ဆုံးမခြင်းကို ပေးတော်မူပြီး၍ မီးသည် ထွန်း တောက်ပ၍ ငြိမ်းသွားသကဲ့သို့ တပည့်သာဝကများနှင့်တကွ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ “ရှေးဘုရားရှင်တို့နှင့်သာ တူတော်မူသော သောဘိတ ဘုရားရှင်သည်လည်းကောင်း၊ အဘိညာဉ်စသော စွမ်းအားသို့ ရောက်တော်မူကြကုန်သော တပည့်သာဝက တို့သည် လည်းကောင်း အလုံးစုံတို့ သည် ချုပ်ဆုံးကွယ်ပျောက်ခဲ့လေပြီ။ ခပ်သိမ်းသော သင်္ခါရတရား တို့သည် ခိုင်မြဲသော အနှစ် မရှိကုန်။ အချည်းနှီးသာ ဖြစ်ကုန်စွ”

ဓါတ်တော်များ တည်ရှိခြင်း

[edit]

သောဘိတဘုရားရှင်သည် ပရိနိဗ္ဗာန် စံဝင်ခါနီးတွင် “ငါဘုရားမရှိသည့် နောက် အလုံးစုံသော သတ္တဝါတို့ နတ်ရွာ နိဗ္ဗာန်ရောက်ကြစေရန် ငါဘုရား၏ ဓါတ်တော်တို့သည် တစ်လုံးတစ်ခဲတည်း မတည်ကြကုန်ဘဲ အစိတ်စိတ် အ>မာ>မာ ကွဲပြား ပျံ့နှံ့တည်ကြစေကုန်သတည်း”ဟု ဓိဋ္ဌာန်တော်မူခဲ့ပြီး သီဟဥယျာဉ်တော်ကြီး၌ ပရိနိဗ္ဗာန်စံ ဝင်တော်မူခဲ့သည်။ ဘုရားရှင်၏ ဓါတ်တော်တို့သည် ဇမ္ဗူဒိပ် ကျွန်းတစ်ခွင်၌ ပျံ့နှံ့တည်ရှိကုန်၍ လူနတ် ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော် မူခဲ့လေသတည်း။