ပဒုမဘုရားရှင်

From Wikisource
Jump to navigation Jump to search
364913နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၁၁) ပဒုမဘုရားရှင် -ပဒုမဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၁၁။ ပဒုမဗုဒ္ဓဝင်

[edit]

အနောမဒဿီဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် အန္တရကပ် တစ်ခု၏ဆုပ်ကပ် လူတို့၏ သက်တမ်းတစ်သိန်း သို့ရောက်သောအခါ အနောမဒဿီမှ အစ ဘုရားသုံးဆူပွင့်သော ဝရကမ္ဘာ၌ ဒုတိယမြောက် ပဒုမဘုရားရှင် ပွင့်တော် မူခဲ့သည်။

ပဒုမဘုရားအလောင်း ဖွားမြင်တော်မူခြင်း

[edit]

ပဒုမဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည်၏ အဆုံး၌ အလောင်း တော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာ တို့က အလောင်းတော် နတ်သားအား လောကတွင် ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက် ပဋိသန္ဓေယူရန် တောင်းပန်ခဲ့ကြသည်။ အလောင်း တော်သည် နတ်ဗြဟ္မာ တို့တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ ဆင်းသက်ကာ စမ္ပကနေပြည် တော် အသမမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ အသမာအမည်ရှိသော မိဖုရား ကြီး၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်း တော်မူခဲ့သည်။ ဆယ်လလွန်မြောက် အချိန်ကာလ ရောက်သောအခါ စမ္ပက ဥယျာဉ်တော်အတွင်း၌ မယ်တော် မိဖုရား ကြီးသည် အလောင်းတော် မင်းသားကို ဖွားမြင် တော်မူခဲ့သည်။ အလောင်းတော် မင်းသားကို ဖွားမြင် သောနေ့၌ ကောင်းကင်မှ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး သမုဒ္ဒရာဆုံး အောင် ပဒုမ္မာ ကြာပန်းမိုး ရွာသွန်း ဖြိုးခဲ့သည်။ ထို့ကြောင့် အလောင်းတော်မင်းသားကို အမည်မှည့် သောနေ့တွင် “မဟာပဒုမ မင်းသား”ဟု အမည်မှည့်ခဲ့ကြကုန်၏။ လောင်းတော်မင်းသားကို ပဋိသန္ဓေ နေတော်မူ သောအခါ၊ ဖွားမြင် တော် မူသောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်တို့၌ ဖြစ်ပေါ်လေ့ ရှိသည့် ဓမ္မတာအတိုင်း အထူးအံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော်မင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ်တော်သို့ ရောက်သောအခါ ဥတ္တရာဒေဝီ မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ တင့်တယ်လှပသော နန္ဒုတ္တရ ရွှေနန်းဆောင်၊ ဝသုတ္တရ ရွှေနန်း ဆောင်၊ ယသုတ္တရရွှေနန်းဆောင်ဟူသော နန်းပြာသာဒ် သုံးဆောင် တို့၌ ဥတ္တရာဒေဝီမိဖုရားအမှူးရှိသော ရံရွေတော် သုံးသောင်း သုံးထောင်တို့၏ ဖျော်ဖြေ လုပ်ကျွေး ခြင်းကို ခံယူလျက် နှစ်ပေါင်း တစ်သောင်းတို့ ကာလပတ်လုံး ခံစားတော်မူကာ ထီးနန်းစိုးစံတော် မူခဲ့၏။ အလောင်းတော်၏ သားတော်မှာ ရမ္မမင်းသားဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော် မဟာပဒုမမင်းသားသည် ထိုသို့ ထီးနန်းစည်းစိမ်ကို ခံစားတော်မူနေစဉ် ဥတ္တရာ ဒေဝီမိဖုရားကြီးမှ ရမ္မသားတော်ကို ဖွားမြင်တော် မူသောအခါ နတ်တို့ဖန်ဆင်းပြသခဲ့သည့် သူအို, သူနာ, သူသေ, ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့ပြီး ဖြစ်၍ သံဝေဂ ဉာဏ်ကြီး စွာ ဖြစ်လျက် အာဇာနည်မြင်းကသော ရထား ကိုစီးကာ တောထွက်၍ ရဟန်းပြုတော်မူခဲ့၏။ အလောင်းတော်မင်းသား ရဟန်းပြုကြောင်း ကြားမြင် တွေ့ရှိကြသော် တစ်ကုဋေအရေအတွက်ရှိသော လူအပေါင်းတို့သည်လည်း အလောင်းတော်နှင့်အတူ ရဟန်းပြုတော် မူခဲ့ကြသည်။ အလောင်းတော် မင်းသားသည် ထိုရဟန်းများနှင့်တကွ ရှစ်လပတ်လုံး ဒုက္ကရစရိယာ အကျင့်ကို ကျင့်တော်မူခဲ့၏။ ဒုက္ကရစရိယာ ရှစ်လကြာအောင် ကျင့်တော် မူခဲ့ပြီးနောက် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့ဝယ် ဓညဝတီမြို့ သုဓည သူဌေးကြီး၏သမီး ဓညဝတီသမီးပျို လှူဒါန်းအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူလျက် ထိုအရပ်ရှိ အင်ကြင်းတော၌ပင် နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက် သောအခါ အခြံအရံ ရဟန်း တို့ကို စွန့်ခွါ၍ မဟာဗောဓိပင်ရှိရာ အရပ်သို့ တစ်ပါးတည်း ကြွတော်မူခဲ့သည်။ လမ်းခရီး အကြား၌ တိတ္ထကအမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်ကို အလှူခံ တော်မူခဲ့ပြီး မဟာ ဗောဓိပင်သို့ ရောက်တော်မူလေလျှင် မဟာဗောဓိ ကြောင်လျှာကြီးပင် အရင်း၌ ဖြန့်ခင်းလိုက်သည် နှင့် တစ်ပြိုင်နက် သုံးဆယ့်ရှစ်တောင်ပမာဏရှိ သော အပရာဇိတ လ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါး ရှိသော ဝီရိယကို ဆောက်တည်တော်မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို နှင်ထုတ်အောင်မြင် တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယ ဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ ဘုရားဖြစ်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ပဒုမဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် တို့ပတ်လုံး အရဟတ္တဖိုလ် ချမ်းသာဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော်မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူလေလျှင် ကိုယ်တော မြတ် တောထွက်စဉ်က လိုက်ပါ ရဟန်းပြုခဲ့ကြသော တစ်ကုဋေသော ရဟန်းတို့ကို မြင်တော်မူ ခဲ့သည်။ ဘုရားရှင် ည် ထိုရဟန်းတော်များ နေထိုင်ရာ ဓညဝတီ မြို့အနီး ဓနဉ္ဇယဥယျာဉ်ကြီးသို့ ကောင်းကင်ခရီးဖြင့် ခဏချင်းကြွသွား တာ်မူခဲ့၏၊ ထိုဥယျာဉ်သို့ ရောက်လေသော် တစ်ကုဋေသော ရဟန်းတို့ ခြံရံလျက် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အလယ်၌ ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောတော် မူခဲ့၏။ ဒေသနာတော်ဆုံးသောအခါ ကုဋေတစ်ရာသော လူနတ် ဗြဟ္မာသတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကာ ကျွတ်တမ်းဝင်ခဲ့ကြ သည်။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

ပဒုမဘုရားရှင်သည် တစ်ခုသော တောအုပ်အတွင်း၌ သီတင်းသုံးနေတော်မူစဉ် ဂေါတမ မြတ်စွာ ဘုရားအလောင်းတော် သည် ထိုတောအုပ်၌ ခြင်္သေ့မင်းဖြစ်ခဲ့၏။ ထိုအလောင်းတော် ခြင်္သေ့မင်းသည် ခုနစ်ရက်ပတ်လုံး နိရောဓသမာ ပတ်ဝင်စားတော်မူနေသော ပဒုမဘုရားရှင်ကို ဖူးမြင်ရသော အခါ အလွန်ကြည်ညိုလျက် ဘုရားရှင်ကို သုံးကြိမ် လက်ယာရစ်လှည့်၍ အရိုအသေ ပြုခဲ့သည်။ ဝမ်းမြောက်ဝမ်းသာဖြင့် သုံးကြိမ်တိုင်တိုင် ဟောက်၍ အသံဖြင့် ပူဇော်ခဲ့သည်။ ခုနစ်ရက်ပတ်လုံး ဘုရားရှင်ကို အာရုံပြုလျက် အစာရှာရန် ထွက်ခွါသွားခြင်းမပြုဘဲ အသက်ကိုပင် စွန့်လှူကာ ဘုရားရှင်၏ အနီးတွင် ရိုသေစွာ ဆည်းကပ်ရပ်တည်နေခဲ့သည်။ ဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူသောအခါ ထိုအလောင်းတော်ခြင်္သေ့မင်းကို တွေ့တော်မူခဲ့၍ “ထိုခြင်္သေ့မင်းသည် သံဃာ တော်တို့၌လည်း ကြည်ညိုမှု သဒ္ဓါဖြစ်ပါစေ”ဟု ကြံစည်တော်မူကာ “ရဟန်းသံဃာတော်များ ဤအရပ်သို့ လာစေသတည်း”ဟု အဓိဋ္ဌာန် ပြုတော်မူခဲ့သည်။ ရဟန်းသံဃာတော် များလည်း ဘုရားရှင်၏ အဓိဋ္ဌာန်တော်အရ ကြွလာခဲ့ကြကုန်၏။ ထိုအခါ ပဒုမဘုရားရှင်သည် “ဤခြင်္သေ့ မင်းကား နောင်သောအခါ ဘဒ္ဒကမ္ဘာတွင် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ ခဲ့သည်။ အလောင်းတော် ခြင်္သေ့မင်းသည် ဘုရားရှင်၏ ဗျာဒိတ်စကား ကြားရ သောအခါ စိတ်ကို ကြည်လင်စေပြီး ဘုရားဖြစ်ရေးအတွက် ပါရမီတော်တို့ကို တိုးတက် ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်ခဲ့လေသည်။

ပဒုမဘုရားရှင်၏ တပည့်သာဝကများ

[edit]

ပဒုမဘုရားရှင်၏(အဂ္ဂသာဝက) မြတ်သော တပည့်အစုံတို့ကား အရှင်သာလမထေရ်နှင့် အရှင် ဥပသာလမထေရ် တို့ဖြစ်ခဲ့ကြပြီး အလုပ်အကျွေး ရဟန်းမှာ အရှင်ဝရုဏမထေရ်ဖြစ်ခဲ့သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံ တို့ကား အရှင်မ ရာဓာထေရီနှင့် အရှင်မ သုရာဓာထေရီတို့ ဖြစ်ခဲ့ကုန်လျက် ပွင့်တော်မူရာ ဗောဓိပင်ကား ကြောင်လျှာ ကြီးပင် ဖြစ်ခဲ့သည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာအစုံ တို့ကား ဘိယျသူဌေးနှင့် အသမသူဌေး တို့ဖြစ်ခဲ့ကြကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမအစုံတို့သည် ရုစီဥပါသိကာမနှင့် နန္ဒရာမာ ဥပါသိကာမတို့ဖြစ်ခဲ့ကြကုန်၏။ ပဒုမမြတ်စွာဘုရား၏ အရပ်တော်မှာ ငါးဆယ့်ရှစ်တောင်မြင့်ခဲ့၍ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်တို့သည် အလုံးစုံသော အရပ်မျက်နှာတို့သို့ အလိုတော် ရှိသမျှ ထွက်ကြွကွန့်မြူး တော်မူခဲ့လေသည်။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

ပဒုမဘုရားရှင်၏ ဓညဝတီမြို့အနီး ဓနဉ္ဇယဥယျာဉ်တော်ကြီး၌ လူနတ် ဗြဟ္မာသတ္တဝါတို့အား ဓမ္မစက္ကပဝတ္တန သုတ်တော်ကို ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီးတွင် ကုဋေတစ်ရာသော လူနတ်ဗြဟ္မာသတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။ ထိုမှတစ်ဖန် ပဒုမဘုရားရှင်သည် ဆွေတော် မျိုးတော်တို့၏ အစည်းအဝေး၌ ဖတူမိကွဲညီတော် များဖြစ်ကြသော သာလမင်းသားနှင် ဥပသာလ မင်းသား (အဂ္ဂသာဝက) အလောင်းလျာတို့ကို အခြံအရံ ပရိသတ် နှင့်တကွ ရဟန်းပြုစေတော်မူ၍ ထိုအစည်းအဝေး၌ဟောသော တရားပွဲသည် ဒုတိယမြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့ သည်။ ထိုတရားပွဲ ကြီး၌ ကုဋေကိုးဆယ်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်လျက် ကျွတ်တမ်းဝင်ခဲ့ကြ၏။ ထို့နောက်တစ်ဖန် ပဒုမ ဘုရားရှင်သည် သားတော်ဖြစ်သော အရှင်ရမ္မအား အဆုံးအမတရား ဟောကြား တော်မူခဲ့သော တရားပွဲသည် တတိယအကြိမ် မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ ကုဋေ ရှစ်ဆယ်သော လူနတ် ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါးတရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

ပဒုမဘုရားရှင်၏ လက်ထက်တော်တွင် သာဝကအစည်းအဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ အခါ တစ်ပါး၌ သုဘာဝိတတ္တ မင်းသားသည် ပဒုမဘုရားရှင်အထံတော်၌ အခြံအရံပရိသတ် ကုဋေ တစ်သိန်းတို့နှင့်တကွ ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန်းပြုခဲ့ကြကုန်၏။ ထိုအစည်း အဝေးကြီး၌ ဘုရားရှင်သည် ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်း အဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ)အစည်းအဝေးကြီးဖြစ်ခဲ့သည်။ ထို့နောက် ပဒုမဘုရား ရှင်သည် ဥသဘဝတီ မြို့ကို အမှီပြု၍ ဝါကပ်တော် မူစဉ် ဘုရားဖူးရန် လာရောက်ကြကုန်သော မြို့သူမြို့သား အပေါင်း တို့အား တရားဟောတော်မူခဲ့၏။ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ထိုရဟန်းတော် တို့နှင်တကွ အခြားသော ရဟန်း တော်များ စုစုပေါင်း ရဟန္တာသုံးသိန်းတို့နှင့် ပဝါရဏာ ပြုတော် မူခဲ့သည်။ ထိုအစည်းအဝေးသည် ဒုတိယ အကြိမ် မြောက် သာဝက (သန္နိပါတ) အစည်းအဝေး ကြီးဖြစ်ခဲ့သည်။ ပဒုမဘုရားရှင်သည် အခါတစ်ပါး၌ ဂေါသိင်္ဂ အင်ကြင်း တော နှင့်တူသော တောကြီး တစ်ခုအတွင်း၌ ဝါကပ်တော်မူခဲ့၏။ ထိုတောကြီး အတွင်း၌ ရဟန်း သံဃာများ နှင့်အတူ ဝါကပ် တော်မူသော ဘုရားရှင်ကို လူအပေါင်းတို့ ဖူးမြင် ကြရ၍ တရားတော်ကို ကြားနာရ သောအခါ သဒ္ဓါကြည် ညိုဖြစ်ခဲ့ကြကုန်ပြီး ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်း ပြုခဲ့ကြကုန်၏။ ထိုအခါ နှစ်သိန်းသော ရဟန္တာများနှင့်အတူ ပဝါရဏာ ပြုတော်မူခဲ့၏။ ထိုအစည်း အဝေး သည် သုံးကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ပဒုမဘုရားရှင်၏သက်တမ်းတော်သည် အနှစ်တစ်သိန်းဖြစ်ခဲ့၏။ ထိုအနှစ်တစ်သိန်းသော ကာလ ပတ်လုံး သတ္တဝါ တို့ကို သံသရာရေအလျဉ်မှ ကယ်တင်တော်မူခဲ့၏။ ဘုရားရှင်သည် ဣန္ဒြေရင့်ကျက် သော သတ္တဝါတို့ကို အကြွင်းမဲ့ အားဖြင့် သစ္စာလေးပါးကို သိမြင်စေ၍ ကြွင်းသော ဣန္ဒြေမရင့်ကျက် သေးသော သတ္တဝါတို့ကို အကြိမ်ကြိမ် ဆုံးမကာ တပည့်သာဝကတို့နှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူ ခဲ့သည်။ မြွေသည် အရေဟောင်းကို စွန့်သကဲ့သို့ လည်းကောင်း၊ သစ်ပင်သည် အရွက်ဟောင်းကို စွန့်သကဲ့သို့ လည်းကောင်း ပဒုမဘုရားရှင်သည် သင်္ခါရတရားအားလုံးစွန့်ကာ မီးပုံကြီးကဲ့သို့ ငြိမ်းအေးတော်မူခဲ့ပြီ။

ဓါတ်တော်များ တည်ရှိခြင်း

[edit]

ပဒုမဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် “ငါဘုရားမရှိသည့်နောက် အလုံးစုံသော သတ္တဝါတို့ နတ်ရွာ နိဗ္ဗာန် ရောက်ကြစေရန် ငါဘုရား၏ ဓါတ်တော်တို့သည် သက်တော်ရှည်ဘုရားတို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္နဓါတ်တော်မဖြစ်စေဘဲ အစိတ်စိတ် အ>မာ>မာ ကွဲပြား ပျံ့နှံ့၍ တည်ကြပါစေ သတည်း”ဟု ဓိဋ္ဌာန်တော်မူခဲ့ပြီး ဓမ္မာရာမ ကျောင်းတော် ကြီး၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။ ဘုရားရှင်၏ ဓါတ်တော် တို့သည် ဘုရားရှင်၏ အဓိဋ္ဌာန် အတိုင်း ဇမ္ဗူဒိပ်ကျွန်း တစ်ခွင်၌ ပျံ့နှံ့တည်ရှိ ကုန်၍ လူနတ်ဗြဟ္မာသတ္တဝါတို့၏ အပူဇော်ကို ခံယူတော် မူခဲ့လေသတည်း။