နာရဒဘုရားရှင်

From Wikisource
Jump to navigation Jump to search
364914နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၁၂) နာရဒဘုရားရှင် -နာရဒဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၁၂။ နာရဒဗုဒ္ဓဝင်

[edit]

ပဒုမဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် အန္တရကပ်တစ်ခု၏ ဆုတ်ကပ် လူတို့၏သက်တမ်း ကိုးသောင်းသို့ ရောက်သောအခါ အနောမဒဿီ မှအစ ဘုရားသုံးဆူပွင့်သော ဝရကမ္ဘာ၌ တတိယ မြောက် နာရဒဘုရားရှင် ပွင့်တော် မူခဲ့သည်။

နာရဒဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

နာရဒဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည်၏ အဆုံး၌ အလောင်းတော် တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား လောကတွင် ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းသက် ပဋိသန္ဓေယူရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော် သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ ဆင်းသက်ကာ ဓညဝတီမြို့တော် သုဒေဝမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ အနောမာအမည်ရှိသော မိဖုရားကြီး၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်း တော်မူခဲ့သည်။ ဆယ်လလွန် မြောက် အချိန်ကာလ ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော်မင်းသားကို ဓနဉ္ဇယဥယျာဉ်တော်၌ ဖွားမြင်တော် မူခဲ့သည်။ အလောင်း တော်မင်းသား ကို အမည်မှည့်အံ့သောနေ့၌ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် လူတို့အသုံး အဆောင်ဖြစ် သော အဝတ်တန်ဆာအမျိုးမျိုးတို့သည် ကောင်းကင်မှ မိုးကြီးရွာချသည့်ပမာ အလိုလို ကြွေကျလာခဲ့ ကုန်၏။ ပညာရှိ တို့သည် လူတို့အား လျောက်ပတ်သော အဝတ်တန်ဆာတို့ကို ပေးတတ်သည် ဟူသော အကြောင်း ဗျုပ္ပတ်ကို အစွဲပြု၍ အလောင်းတော်မင်းသားအား “နာရဒ”ဟူသော အမည်ကို မှည့်ခေါ်ခဲ့ကြကုန်၏။ အလောင်းမင်းသား ပဋိသန္ဓေနေ တာ်မူသောအခါ ဖွားမြင်တော် မူသောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟ သမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် ဓမ္မတာအတိုင်း အထူးအံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် နာရဒမင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ်တော်သို့ ရောက်သောအခါ ဝိဇိတသေနာဒေဝီ မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့် လိုက်အောင် ဆောက်လုပ် ထားသော ဇိတရွှေနန်းတော်၊ ဝိဇိတရွှေနန်းတော်၊ အဘိရာမ ရွှေနန်းတော်တည်းဟူသော နန်းပြာသာဒ်သုံးဆောင်တို့၌ ဝိဇိတသေနာမိဖုရား အမှူးပြုသော ရံရွေတော် တစ်သိန်းနှစ်သောင်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် ဝိဇိတသေနာ မိဖုရားကြီးနှင့်အတူ နှစ်ပေါင်းကိုးထောင်တို့ကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားစံစားတော်မူ ခဲ့သည်။ အလောင်းတော်၏ သားတော်မှာ နန္ဒုတ္တရမင်းသားဖြစ်၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်နာရဒမင်းသားသည် ထိုသို့မင်းစည်းစိမ်ကို ခံစားတော်မူ နေစဉ် ဝိဇိတသေနာ မိဖုရားကြီးမှ နန္ဒုတ္တရ သားတော်ကို ဖွားမြင်တော်မူသော အခါ နတ်တို့ ဖန်ဆင်း ပြသခဲ့သည့် သူအို, သူနာ, သူသေ, ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့ပြီး သတိသံဝေဂ ကြီးစွာ ရလျက် စစ်အင်္ဂါလေးပါး ခြံရံကာ မင်္ဂလာ ဥယျာဉ်တော်သို့ ခြေလျင်ထွက်ကြွ တော်မူခဲ့သည်။ ဥယျာဉ်တော်သို့ ရောက်လေလျှင် အဆင်တန်ဆာတို့ကို ချွတ်၍ ဘဏ္ဍာစိုးလက်သို့ အပ်နှင်းပြီး လက်သုံးတော်သန်လျက်ဖြင့် ဆံတော်ကို ပယ်ကာ ကောင်းကင်သို့ ပစ်လွှတ်တော် မူခဲ့သည်။ သိကြားမင်းသည် ထိုဆံတော်ကို ရွှေပန်းတောင်းဖြင့် ခံယူတော်မူ၍ တာဝတိံသာနတ်ပြည်၌ သုံးယူဇနာအမြင့်ရှိသော စေတီတော်ကြီးတည်ထားခဲ့သည်။ အလောင်းတော် မင်းသားသည် ဗြဟ္မာကြီးလှူဒါန်းသော သင်္ကန်းကို ဝတ်ရုံကာ ရဟန်းပြုတော် မူခဲ့သည်။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို ကြားသိခဲ့ကြကုန်သော ယောကျ်ားပေါင်းတစ်သိန်းတို့လည်း လိုက်ပါရဟန်း ပြုခဲ့ကြကုန်၏။ နာရဒ ဘုရားအလောင်းတော်သည် ထိုမင်္ဂလာဥယျာဉ်တော်၌ပင် ခုနစ်ရက် ပတ်လုံး ဒုက္ကရစရိယာကျင့်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့် နေ့၌ ဝိဇိတသေနာ မိဖုရားကြီးလှူသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူလျက် ထိုမင်္ဂလာဥယျာဉ်တော်၌ပင် နေခို တော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

ဘုရားအလောင်းတော်သည် မင်္ဂလာဥယျာဉ်တော်၌ နေခိုတော်မူပြီးနောက် ညနေချမ်း အချိန်သို့ရောက် သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွါခဲ့ပြီး ဗောဓိပင်ရှိရာအရပ်သို့ တစ်ပါး တည်းကြွတော်မူခဲ့၏။ လမ်းခရီးအကြား၌ သုဒဿနအမည်ရှိသော ဥယျာဉ်မှူးလှူဒါန်းသည့် မြက်ရှစ်ဆုပ်တို့ကို အလှူခံ တော်မူကာ မဟာဗောဓိ ကြောင်လျှာကြီး ပင် အရင်း၌ ထိုမြက် ရှစ်ဆုပ်ကို ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် ငါးဆယ့် ခုနစ်တောင် ပမာဏ ရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်တော် မူလာခဲ့သည်။ ထိုအပရာဇိတ ပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီး အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်တော်မူခဲ့၏။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို ပယ်နှင် အောင်မြင် တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ သမ္မာသမ္ဗုဒ္ဓ အစစ် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

နာရဒဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် ပတ်လုံး အရဟတ္တဖိုလ် ချမ်းသာဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက် သော အခါ ဗြဟ္မာမင်း၏ တောင်းပန်မှုို လက်ခံတော်မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူလေလျှင် ကိုယ်တော်မြတ် တောထွက်စဉ်က လိုက်ပါ ရဟန်းပြုခဲ့ကြသော ရဟန်းတော်တစ်သိန်းတို့ကို မြင်တော်မူ၍ ထိုရဟန်းတို့ရှိရာ ဓနဉ္ဇယ ယျာဉ်တော်ကြီးသို့ ကောင်းကင် ခရီးဖြင့် တစ်ခဏချင်း ကြွသွားတော်မူခဲ့၏။ ဓနဉ္ဇယဥယျာဉ်တော်ကြီးသို့ ရောက်လေလျှင် ရဟန်း တစ်သိန်းခြံရံလျက် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ အလယ်၌ ဓမ္မစက္က ပဝတ္တနသုတ် ဒေသနာတော်ကို ဟောတော်မူခဲ့သည်။ ဒေသနာတော်အဆုံး၌ ကုဋေတစ်သိန်း သော လူနတ်ဗြဟ္မာ သတ္တဝါတို့ တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

နာရဒဘုရားရှင်လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် ရသေ့ဖြစ်၍ ဟိမဝန္တာ တောင်ယံ၌ သင်္ခမ်းကျောင်းဆောက်လုပ်နေထိုင်ခဲ့၏။ အလောင်းတော်ရသေ့သည် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့၌ လေ့လာနိုင်နင်းတော်မူခဲ့၏။ နာရဒ ဘုရားရှင်သည် ရဟန္တာပေါင်းကုဋေ ရှစ်ဆယ်၊ အနာဂါမ်ဥပါသကာ ဒါယကာ ပေါင်း တစ်သောင်းခြံရံလျက် အလောင်းတော်ရသေ့၏ သင်္ခမ်းကျောင်းသို့ ကြွလာတော်မူခဲ့၏။ အလောင်း တော် ရသေ့သူမြတ်သည် ဘုရားရှင်ကို ဖူးမြင် ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ဘုရားရှင်သီတင်းသုံးရန် သင်္ခမ်းကျောင်းကို ဖန်ဆင်း၍ ဘုရားနှင့်တကွ အခြံအရံတပည့်သာဝကနှင့် ဒါယကာများကို သီတင်းသုံးစေတော် မူခဲ့သည်။ တစ်ညဉ့်ပတ်လုံး မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ချီးကျူးလျှောက်ထားခဲ့၏။ နံနက် မိုးသောက် အလင်းရောက်သော် မြောက်ကျွန်းသို့ အဘိညာဉ် တန်ခိုးဖြင့် သွားရောက်ပြီး ဆွမ်းစသော အစာ အာဟာရ ကို ဆောင်ယူခဲ့၍ အခြံအရံသံဃာ၊ ဥပါသကာ တို့နှင့်တကွ ဘုရားရှင်အား ဆွမ်းအလှူ ကြီးကို ပေးလှူတော်မူခဲ့သည်။ ထိုနည်းအတိုင်း ခုနစ်ရက်ပတ်လုံး ဆွမ်းအလှူကြီးကို ပေး၍ ဟိမဝန္တာမှ အဖိုးများစွာ ထိုက်တန်သော စန္ဒကူးနီကို ဆောင်ယူကာ ထိုစန္ဒကူးနီဖြင့် ဘုရားရှင်ကို ပူဇော်ခဲ့၏။ ဘုရားရှင်သည် တရားဟောတော်မူပြီးနောက် “ဤရသေ့သည် နောင်အခါ ဘဒ္ဒကမ္ဘာဝယ် ဂေါတမဘုရားစင်စစ် ဖြစ်လတံ့”ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူခဲ့သည်။ အလောင်းတော် ရှင်ရသေ့သည် ဗျာဒိတ်စကားကို ကြားရလေလျှင် လွန်မင်းစွာ ရွှင်လန်း ဝမ်းမြောက်လျက် ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်ခဲ့လေသည်။

နာရဒဘုရားရှင်၏ တပည့်သာဝကများ

[edit]

နာရဒဘုရားရှင်၏(အဂ္ဂသာဝက) တပည့်မြတ်အစုံတို့သည် အရှင်ဘဒ္ဒသာလ မထေရ်နှင့် အရှင် ဇိတမိတ္တ မထေရ် တို့ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေး ရဟန်းမှာ အရှင်ဝါသေဋ္ဌမထေရ်ဖြစ်ခဲ့သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံ တို့ကား အရှင်မ ဥတ္တရာထေရီနှင့် အရှင်မ ဖဂ္ဂုနီထေရီ တို့ဖြစ်ကြကုန်ပြီး ပွင့်တော်မူရာ ဗောဓိပင်သည် ကြောင်လျှာနီပင် ဖြစ်ခဲ့၏။ (အဂ္ဂဥပဋ္ဌာက) မြတ် သော အလုပ်အကျွေးဒါယကာတို့မှာ ဥဂ္ဂရိန္ဒသူဌေးနှင့် ဝသဘသူဌေးတို့ ဖြစ်ခဲ့ကြကုန်၍ (အဂ္ဂ ဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ဣန္ဒာဝရီ ဥပါသိကာမနှင့် ဝဏ္ဍီဥပါသိ ကာမတို့ဖြစ်ခဲ့ကြသည်။ နာရဒဘုရားရှင်၏ အရပ်တော်မှာ ရှစ်ဆယ့်ရှစ်တောင်မြင့်၍ ရွှေတိုင်ကြီး အလား တင့်တယ်တော်မူခဲ့ပါ၏။ ကိုယ်တော်မှထွက်သော ရောင်ခြည်တော် တို့သည် နေ့ညဉ့် စဉ်ဆက်မပြတ် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့ကွန့်မြူး နေတော်မူခဲ့သည်။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

နာရဒဘုရားရှင်၏ ဓနဉ္ဇယဥယျာဉ်တော်ကြီး၌ လူနတ်ဗြဟ္မာသတ္တဝါ တို့အား ဓမ္မစကြာတရား ဦးဟောတော်မူသော တရားပွဲသည် ရှေးဦးစွာ (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေ တစ်သိန်းသော လူနတ်ဗြဟ္မာသတ္တဝါတို့ တရားထူးကို ရကြကာ ကျွတ်တမ်း ဝင်ခဲ့ကြသည်။ ထို့နောက် ဒေါဏမည်သော နဂါးမင်း သည် မဟာဒေါဏမြို့အနီး ဂင်္ဂါ မြစ်ကမ်း၌ စိုးမိုး၍နေခဲ့၏။ ထိုအရပ်၌ နေသော သူတို့သည် အကယ်၍ နဂါးမင်းကို ပူဇော်မှုမပြုကြကုန်အံ့။ ထိုသူတို့၏ နေရာအရပ်ကို မိုးမရွာခြင်း ဖြင့်လည်းကောင်း၊ အလွန်အမင်း မိုးရွာခြင်း ဖြင့်လည်း ကောင်း၊ ကျောက်စရစ် ခဲမိုးရွာစေခြင်းဖြင့်လည်းကောင်း ပျက်စီးစေခဲ့၏။ လူတို့ကို အလွန်ညှင်းဆဲ နှိပ်စက်ခဲ့၏။ နာရဒဘုရားရှင်သည် ထိုလူအပေါင်းကို ကယ်မခြင်းငှာ နဂါးမင်း နေရာသို့ ရဟန်းတော်များခြံရံ၍ ကြွတော်မူလာခဲ့၏။ နဂါးမင်းသည် ၎င်းင်းအတွက်ခင်းထားသော ပန်းအခင်း ထက်၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို တွေ့ရသည့်အခါ ဒေါသအမျက်ထွက်၍ အခိုးလွှတ် ကာ ဘုရားရှင်ကို ညှင်းဆဲတော့သည်။ ဘုရားရှင် သည် အဘိညာဉ်တန်ခိုးဖြင့် အခိုးပြန် လွှတ်ကာ နဂါးမင်းကို ဆုံးမခဲ့၏။ နဂါးမင်းသည် မီးတောက်မီးလျှံ လွှတ်ပြန်၏။ ဘုရားရှင်ကလည်း မီးတောက်မီးလျှံပြန်လှန် လွှတ်၍ နဂါးမင်းကို ဆုံးမခဲ့၏။ နောက်ဆုံးတွင် နဂါးမင်းသည် ဘုရားရှင်ကို အဆိပ်လွှတ်၍ တိုက်ခိုက်သော်လည်း ဘုရားရှင်၏ မွေးညင်းတော် တစ်ပင်မျှကိုပင် တုန်လှုပ်စေခြင်းငှာ မစွမ်းနိုင်ခဲ့၍ နဂါးမင်းကြီး အရှုံးပေးကာ ဘုရားရှင်ကို ဆည်းကပ်ခဲ့ ရလေတော့သည်။ နာရဒဘုရားရှင်၏ နဂါးမင်းကို ဆုံးမ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့အား တန်ခိုးပြာဋိဟာပြ၍ တရားဟောသော တရားပွဲသည် ဒုတိယမြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးသောင်းသော လူနတ် ဗြဟ္မာ သတ္တဝါတို့ တရားထူးရကြကာ ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။ ထို့နောက် နာရဒဘုရားရှင်၏ သားတော် နန္ဒုတ္တရမင်းသားကို ဆုံးမ သည့်တရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲ ကြီးဖြစ် ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေရှစ်သောင်းသော နတ်လူဗြဟ္မာသတ္တဝါတို့ မဂ်ဖိုလ် တရားထူးကို ရကြကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

ထုလ္လကောဋ္ဌိတမြို့တွင် အဂ္ဂသာဝကဖြစ်တော်မူကြမည့် ဘဒ္ဒသာလနှင့် ဇိတမိတ္တပုဏ္ဏားလုလင် နှစ်ယောက်တို့သည် အမြိုက်တရားကို ရှာစဉ် နာရဒဘုရားရှင်ကို ဖူးတွေ့ခဲ့ရ၏။ ဘုရားရှင်၌ သဒ္ဓါတရားကြီးစွာဖြစ်ကုန် လျက် အခြံအရံ ပရိသတ်နှင့်တကွ ရဟန်းပြုခဲ့ကြကုန်၏။ ထိုရဟန်းတော် တို့ အရဟတ္တဖိုလ်သို့ ရောက်သောအခါ ရဟန်းတော်ပေါင်း ကုဋေတစ်သန်းတို့၏ အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့၏။ ထိုအစည်းအဝေးကား ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင်ဖြစ်ခဲ့၏။ အခါတစ်ပါးဝယ် နာရဒဘုရားရှင်သည် ဆွေတော်မျိုးတော်တို့၏ အလယ်၌ ကိုယ်တော်မြတ် ဘုရားဆုကိုတောင်းတော်မူသည်မှစ၍ ဗုဒ္ဓဝင် ဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။ ထိုအစည်း အဝေး၌ ရဟန္တာပေါင်း ကုဋေကိုးသောင်းတို့ စုဝေးမိခဲ့ကြကုန်၏။ ထိုအစည်းအဝေးသည် ဒုတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးဖြစ်ခဲ့၏။ ထို့နောက် အခါတစ်ပါးဝယ် မဟာဒေါဏ နဂါးမင်းကို ဆုံးမ တော်မူရာတွင် ဝေရောစန နဂါးမင်း သည် ဘုရားရှင်အား လွန်စွာကြည်ညိုခဲ့၏။ ဂင်္ဂါမြစ် ကမ်းအနီးသုံးဂါဝုတ် ပမာဏရှိသော မဏ္ဍပ်ကြီးကို ဖန်ဆင်းဆောက်လုပ်၍ အခြံအရံ သံဃာတော်များနှင့် တကွ ဘုရားရှင်ကို သီတင်းသုံးစေတော်မူခဲ့၏။ ဇနပုဒ်နေ လူအပေါင်းတို့ အားလည်း အလှူ မဏ္ဍပ်သို့ လာရောက် ကြည့်ရှုကြရန် ဖိတ်ကြားခဲ့၏။ နဂါးကချေသည် အပေါင်းတို့ကို တီးမှုတ်ကခုန်စေလျက် ခြိမ့်ခြိမ့် သဲသဲ ပူဇော်ပွဲကျင်းပခဲ့၏။ အလှူကြီးကိုလည်း ပေးလှူခဲ့သည်။ ထိုအခါ နာရဒ ဘုရားရှင်သည် သတ္တဝါအပေါင်း တို့အား တရားဟောတော် မူခဲ့ရာ ကြည်ညိုသဒ္ဓါရှိသူ လူအပေါင်းတို့က ရဟန်းပြုခွင့်တောင်းခံခဲ့ရာ ဘုရားရှင်က ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန်းပြု ပေးတော်မူခဲ့သည်။ ထိုအခါ ဧဟိဘိက္ခုရဟန်းရှစ်သန်းတို့၏ အလယ်၌ ဩဝါဒပါတိမောက် ပြတော် မူခဲ့သည်။ ထိုအစည်းအဝေးသည် တတိယအကြိမ်မြောက် သာဝက(သန္နိပါတ) အစည်း အဝေးကြီး ဖြစ်သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ကောင်းကင်သည် ကြယ်တာရာတို့ဖြင့် ဆန်းကြယ်လျက် တင့်တယ်သကဲ့သို့ နာရဒဘုရားရှင်၏ သာသနာတော်သည် ရဟန္တာတို့ဖြင့် တင့်တယ်တော် မူခဲ့၏။ ရဟန္တာတို့မှ ကြွင်းသော ကျင့်ဆဲ ပုဂ္ဂိုလ်တို့ကို သံသရာရေအလျဉ်ကို ကူးမြောက်စေခြင်းငှာ မဂ်တရားတည်းဟူသော တံတားကို မြဲမြံစွာ တည်ဆောက်၍ ပရိနိဗ္ဗာန်ပြုတော်မူခဲ့လေပြီ။ “နာရဒဘုရားရှင်သည်လည်းကောင်း၊ တန်ခိုး ကြီးသော ဘုရားရှင်၏ တပည့်ရဟန်းတို့သည်လည်းကောင်း ထိုအားလုံးတို့ပင် ကွယ်ပျောက် ခဲ့လေပြီ ခပ်သိမ်းသော သင်္ခါရတရားတို့သည် ခိုင်မြဲသော အနှစ်သာရမရှိကုန်။ အချည်းနှီး သာဖြစ်ကုန်စွ”

စေတီတည်ထား ကိုးကွယ်တော်မူခြင်း

[edit]

မာရ်ငါးပါးကို အောင်မြင်တော်မူသော နာရဒဘုရားရှင်သည် သုဒဿန မြို့တော်၌ ပရိနိဗ္ဗာန်စံ လွန်တော်မူခဲ့၏။ ထို့မြို့တော်၌ပင် စေတီတော်ကို တည်ထားကိုးကွယ်တော်မူခဲ့ကြရာ စေတီတော် သည် လေးယူဇနာမြင့်တော်မူ ခဲ့၏။ သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ် မကွဲ၊ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္န ဓါတ်တော်ကို ထိုစေတီတော် အတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာ ခုနစ်ပါးဖြင့် မွမ်းမံခြယ် လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ ကြကုန်သတည်း။