ပဒုမုတ္တရဘုရားရှင်

From Wikisource
Jump to navigation Jump to search
364915နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၁၃) ပဒုမုတ္တရဘုရားရှင် -ပဒုမုတ္တရဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၁၃။ ပဒုမုတ္တရဗုဒ္ဓဝင်

[edit]

နာရဒဘုရားရှင်၏ သာသနာကွယ်ခဲ့ပြီးနောက် နာရဒဘုရားရှင် အပါအဝင် ဘုရားသုံးဆူ ပွင့်တော် မူရာ ဝရကမ္ဘာသည် ပျက်ခဲ့လေသည်။ ထိုကမ္ဘာမှနောက် မရေမတွက် နိုင်လောက်အောင် များပြား သော ဘုရားမပွင့်သည့် သုညကမ္ဘာ တစ်သင်္ချေကို လွန်ပြီးမှ ဘုရားတစ်ဆူသာ ပွင့်သော သာရ ကမ္ဘာတွင် ပဒုမုတ္တရဘုရားရှင်ပွင့်တော်မူခဲ့သည်။ ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတစ်သိန်း အထက်၌ ဖြစ်ခဲ့၏။

ပဒုမုတ္တရဘုရားအလောင်း ဖွားမြင်တော်မူခြင်း

[edit]

ပဒုမုတ္တရဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည့် အဆုံး၌ အလောင်းတော် တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေ တော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာ တို့က အလောင်းတော်နတ်သားအား လောကသုံးပါးတွင် ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေတော်မူရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော်သည် နတ်ဗြဟ္မာတို့ တောင်းပန်မှုကို ဝန်ခံတော်မူ၍ တုသိတာနတ်ပြည်မှ စုတေ ကာ လူ့ပြည် ဟံသာဝတီ နေပြည်တော် အာနန္ဒမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုဇာတာ မိဖုရားကြီး ၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်း တော်မူခဲ့သည်။ ဆယ်လ လွန်မြောက် အချိန်ကာလရောက်သောအခါ မိဖုရားကြီးသည် အလောင်း တော်မင်းသားကို ဟံသာဝတီ မင်္ဂလာဥယျာဉ် တော်ကြီး အတွင်း၌ မီးရှူးသန့်စင် ဖွားမြင် တော်မူခဲ့၏။ အလောင်းတော် မင်းသား ဖွားမြင်တော် မူသောနေ့၌ ပဒုမာကြာပန်းမိုး ရွာသွန်းဖြိုး သောကြောင့် အလောင်းတော် မင်းသားအား ပဒုမုတ္တရမင်းသားဟု အမည် မှည့်ခေါ်ခဲ့ ကြကုန်၏။ အလောင်း တော်မင်းသား ပဋိသန္ဓေနေတော်မူသောအခါ၊ ဖွားမြင်တော် မူသောအခါတို့၌ နိမိတ်ကြီး များ ထင်ခဲ့သည့် အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် ဓမ္မတာအတိုင်း အထူး အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် ပဒုမုတ္တရမင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ် တော်သို့ ရောက်သောအခါ ဝသုဒတ္တာဒေဝီ မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီ နှင့်လိုက်အောင် ဆောက်လုပ် ထားသော နရဝါဟနရွှေနန်းဆောင်၊ ယသဝါဟန ရွှေနန်းဆောင်၊ ဝသဝတီရွှေနန်းဆောင်ဟူသော နန်းပြာသာဒ် သုံးဆောင်တို့၌ ဝသုဒတ္တာဒေဝီ မိဖုရားအမှူးရှိသော ရံရွေတော်တစ်သိန်းနှစ်သောင်းတို့၏ ဖျော်ဖြေ လုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်း တစ်သောင်း တို့ ကာလပတ်လုံး ထီးနန်း စည်းစိမ်ကို ခံစား စံစားတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ ဥတ္တရမင်းသားဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော် ပဒုမုတ္တရမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားတော် မူနေစဉ် ဝသုဒတ္တာ မိဖုရားကြီးမှ သားတော် ဥတ္တရမင်းသားကို ဖွားမြင် တော်မူသောအခါ နတ်တို့ဖန်ဆင်းပြသခဲ့သည့် သူအို, သူနာ, သူသေ, ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး သတိသံဝေဂကြီးစွာ ဖြစ်ခဲ့၏။ ထိုအခါ “မြတ်သော တောထွက်ခြင်း အမှု ငါပြုတော့အံ့”ဟု ကြံစည်တော် မူသည်နှင့် တစ်ပြိုင်နက် ဝသဝတီ ရွှေနန်းပြာသာဒ်သည် အိုးထိန်းစက်ပမာ ချာချာလည်၍ ကောင်းကင်သို့ ပျံတက်ခဲ့၏။ နန်းပြာသာဒ်သည် ကောင်းကင် အပြင်ဖြင့် အစဉ်အတိုင်းသွား၍ မဟာ ဗောဓိပင်ကို အလယ်ဗဟို ပြုကာ မြေအပြင်သို့ သက်ဆင်းခဲ့၏။ အလောင်းတော်သည် ပြာသာဒ်တော်မှ သက်ဆင်း၍ ဗြဟ္မာကြီး လှူဒါန်းသည့် ကြာသင်္ကန်းကို ဆင်မြန်းဝတ်ရုံကာ ရဟန်းပြုတော်မူခဲ့၏။ ပြာသာဒ်တော်သည် တိုင်းပြည်သို့ ပြန်သွား၍ ၎င်းင်း၏မူလတည်နေရာ၌ပင် တည်ခဲ့လေသည်။ အလောင်းတော်နှင့် အတူတကွ ပါလာခဲ့ ကြသည့် ယောကျ်ားအားလုံးတို့သည် ရဟန်းပြု ခဲ့ကြသည်။ ပဒုမုတ္တရဘုရား အလောင်း တော်သည် ခုနစ်ရက် ပတ်လုံး ဒုက္ကရ စရိယာ အကျင့်မြတ်ကို ကျင့်တော်မူခဲ့၏။ ကဆုန်လပြည့် ဘုရားဖြစ် မည့်နေ့တွင် ဥဇ္ဇေနီနိဂုံး၌ ရုစာနန္ဒသူဌေးသမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင် တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတော ၌ နေခိုတော် မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

ဘုရားအလောင်းတော်သည် အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွါခဲ့ပြီး ဗောဓိပင်ရှိရာ အရပ်သို့ တစ်ပါး တည်းကြွ တော်မူခဲ့၏။ လမ်းခရီးအကြားတွင် သုမိတ္တ တက္ကတွန်း လှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံတော်မူခဲ့၍ မဟာဗောဓိ(ထင်းရှူး)ပင်အရင်း၌ ဖြန့်ခင်းလေ လျှင် သုံးဆယ့်ရှစ်တောင် ပမာဏ ရှိသော အပရာဇိတပလ္လင်ပေါ်ပေါက်တော်မူလာခဲ့သည်။ ထိုအပရာဇိတ ပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ၊ ထိုင်နေတော်မူခဲ့ပြီး အင်္ဂါလေးပါး ရှိသော ဝီရိယတော်ကို ဆောက်တည် တော်မူခဲ့၏။ ထိုနေ့ နေမ ဝင်မီ မာရ်စစ်သည်တို့ကို ပယ်နှင်၍ အောင်မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသ ဝက္ခယဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ သမ္မာသမ္ဗုဒ္ဓ အစစ် ဘုရားအဖြစ်သို့ ရောက် တော်မူခဲ့ လေသည်။ ဘုရားဖြစ်သည်နှင့် တစ်ပြိုင်နက် စကြဝဠာ တိုက်ပေါင်း တစ်သောင်းအတွင်း ပဒုမာကြာပန်းမိုး ရွာသွန်းဖြိုးခဲ့ပြန်သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ပဒုမုတ္တရဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် ပတ်လုံး အရဟတ္တဖိုလ်ချမ်း သာဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန် မှုကို လက်ခံတော်မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူလေလျှင် ကိုယ်တော်မြတ်နှင့် (မိကွဲဖတူ) ဒေဝလမင်းသားနှင့် သုဇာတ မင်းသား “အဂ္ဂသာဝက” အလောင်းလျာတို့ကို မြင်တော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်သည် ထိုမင်းသား နှစ်ပါးနေထိုင်ရာ မိထိလာမြို့တော်ဥယျာဉ်သို့ ကောင်းကင် ခရီးဖြင့် တစ်ခဏချင်း ကြွသွားတော် မူခဲ့၏။ ဥယျာဉ်တော်သို့ ရောက်လျှင် ဥယျာဉ်မှူးကို စေလွှတ်ကာ မင်းသား နှစ်ယောက်တို့ကို ခေါ်စေတော် မူခဲ့သည်။ ထိုမင်းသား နှစ်ယောက် တို့သည် အခြံအရံများနှင့်တကွ ပဒုမုတ္တရ ဘုရားရှင်ကို ချဉ်းကပ်၍ အရိုအသေပြုကာ သင့်တင့်လျောက်ပတ်သော နေရာအရပ်၌ ထိုင်နေခဲ့ကြကုန်၏။ ကြယ်တာရာအပေါင်းခြံရံကာ တင့်တယ် လှပသော လပြည့်ဝန်းကြီး ကဲ့သို့ မင်းသားအခြံအရံတို့ဖြင့် တင့်တယ်တော် မူလှသည့် ပဒုမုတ္တရဘုရားရှင် သည် လာရောက်ကြ ကုန်သော နတ်လူဗြဟ္မာ သတ္တဝါ တို့အား ရှေးရှေး ဘုရားရှင်တို့ဟောကြား တော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တန သုတ်တော်ကို ဟောကြားတော်မူခဲ့သည်။ ထိုအခါ ကုဋေတစ်သိန်းသော နတ်လူ ဗြဟ္မာတို့သည် မဂ်ဖိုလ်တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် ပစ္စည်းဥစ္စာများစွာ ကြွယ်ဝသော ဇဋိလမည် သော သူဌေးတစ်ဦးဖြစ် တော်မူခဲ့၍ ဘုရားအမှူးရှိသော တပည့်သံဃာ တော်တို့အား ဆွမ်းဘောဇဉ် နှင့်တကွ သင်္ကန်းလျာအဝတ်ပုဆိုးတို့ကို ပေးလှူ တော်မူခဲ့၏။ ဘုရားရှင်သည် အလောင်းတော် ဇဋိလသူဌေးကြီးအား “နောင်အခါ ကမ္ဘာတစ်သိန်း အထက်၌ ဂေါတမမည်သော ဘုရားဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သည်။ အလောင်းတော် ဇဋိလသူဌေးကြီးသည် ဘုရားရှင်၏ ဗျာဒိတ်စကားကို ကြားတော်မူရသောအခါ လွန်မင်းစွာ ရွှင်လန်းဝမ်းမြောက်လှသဖြင့် ပါရမီ ဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူခဲ့၏။

ပဒုမုတ္တရဘုရားရှင်၏ တပည့်သာဝကများ

[edit]

ပဒုမုတ္တရဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်အစုံတို့သည် အရှင်ဒေဝလမထေရ်နှင် အရှင် သုဇာတမထေရ်တို့ ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေးရဟန်းတော်မှာ အရှင်သုမနမထေရ်ဖြစ်ခဲ့၏။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံ တို့မှာ အရှင်မ အမိတာထေရီနှင့် အရှင်မအသမာ ထေရီတို့ဖြစ်ခဲ့ကြကုန်ကာ ပွင့်တော်မူရာ ဗောဓိပင်မှာ ထင်းရှူးပင် ဖြစ်ခဲ့သည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေးဒါယကာတို့သည် ဝိတိဏ္ဏသူဌေးနှင့် တိဿသူဌေး တို့ဖြစ်ခဲ့ကြကုန်ပြီး (အဂ္ဂဥပဋ္ဌိကာ)မြတ်သော အလုပ်အကျွေး ဒါယိကာမတို့ကား အဋ္ဌာဥပါသိကာမနှင့် ဝိစိတ္တာ ဥပါသိကာမတို့ ဖြစ်ခဲ့ကြ ကုန်၏။ ပဒုမုတ္တရဘုရားရှင်၏ အရပ်တော်မှာ ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၍ သုံးဆယ့် နှစ်ပါးသော ယောကျ်ားမြတ်တို့၏ လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူကာ ပူဇော်ဖွယ်ရာ စိုက်ထောင်ထားသော ရွှေတိုင်ကြီးနှင့် တူတော်မူခဲ့၏။ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်သည် ကျောက်တောင်စသည်တို့သည် ပိတ်ပင်တားဆီးမှု မပြုနိုင်ဘဲ ထက်ဝန်းကျင် တစ်ဆယ့်နှစ်ယူဇနာအတွင်း ထွန်းလင်းပျံ့နှံ့တော်မူခဲ့၏။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

ပဒုမုတ္တရဘုရားရှင်၏ မိထိလာမြို့တော် ဥယျာဉ်အတွင်း၌ လူနတ် ဗြဟ္မာသတ္တဝါတို့အား ဓမ္မစကြာတရား ဦးဟော တော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲ ကြီး၌ ကုဋေတစ်သိန်းသော နတ်လူတို့ မဂ်ဖိုလ် တရားထူးကို ရကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။ ပဒုမုတ္တဘုရားရှင်သည် သရဒရသေ့၏ အယူဝါဒ တူမျှသော ပုဂ္ဂိုလ်တို့ စည်းဝေးရာ အစည်းအဝေးသို့ ကြွတော်မူ၍ ငရဲသို့ ကျရောက် မည့်ဘေးကို ပြတော်မူကာ တရားဟော တော်မူခဲ့၏။ ထိုတရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ သရဒရသေ့၏ တပည့်များနှင့်တကွ နတ်လူဗြဟ္မာသုံးသန်း ခုနစ်သိန်းတို့ မဂ်ဖိုလ်တရား ထူးကို ရကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။ အခါတစ်ပါး၌ ခမည်းတော် အာနန္ဒမင်းကြီးသည် အမတ်နှစ်ဆယ်တို့ကို မင်းချင်းယောကျ်ားနှစ်သောင်းတို့နှင့်အတူ ပဒုမုတ္တရဘုရားရှင်ရှိတော်မူရာ မိထိလာမြို့သို့ စေလွှတ်၍ ဘုရားရှင်အား မင်းကြီးနန်းတည်ရှိရာ ဟံသာဝတီ မြို့သို့ ကြွရောက် ချီးမြှောက်တော်မူစေရန်အတွက် ပင့်ဖိတ်ရန် စေလွှတ်ခဲ့၏။ အမတ် များနှင့် မင်းချင်းယောကျ်ားများ ဘုရားရှင်ထံရောက်သောအခါ ဘုရားရှင်က တရားဟော တော်မူပြီး၊ ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန်းပြု ပေးတော်မူခဲ့သည်။ ထိုရဟန်းအပေါင်းခြံရံလျက် ဘုရားရှင် သည် ဟံသာဝတီ မြို့တော်သို့ ကြွတော်မူကာ ခမည်းတော်မင်းကြီးအား ချီးမြှောက်လို၍ ထိုမြို့မှာပင် သီတင်းသုံးနေတော်မူခဲ့၏။ ဆွေတော် မျိုးတော်တို့ စုံညီအစည်း အဝေးတွင် ကောင်းကင်၌ ရတနာစင်္ကြံတော်ကို ဖန်ဆင်းကာ စင်္ကြံကြွတော် မူလျက် ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော်မူခဲ့၏။ ထိုတရားပွဲသည် တတိယ အကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ နတ်လူဗြဟ္မာငါးသန်းတို့ မဂ်ဖိုလ်တရား ထူးကို ရကြကာ ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

ပဒုမုတ္တရဘုရားရှင် လက်ထက်တော်တွင် သာဝက(သန္နိပါတ) အစည်းအဝေးကြီး သုံးကြိမ် ဖြစ်ခဲ့သည်။ ပဒုမုတ္တရ ဘုရားရှင်သည် တပို့တွဲလပြည့်နေ့၌ မိထိလာမြို့တော်အနီး မိထိလာ ဥယျာဉ်တော်ကြီးအတွင်း ကုဋေတစ်သိန်းသော ရဟန်းတို့၏အလယ်တွင် သီတင်းသုံးတော်မူလျက် ဩဝါဒပါတိမောက် ကို ပြတော်မူခဲ့၏။ ထိုအစည်းအဝေးကား ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင် ဖြစ်ခဲ့သည်။ အခါတစ်ပါး၌ ဘုရားရှင်သည် ဝေဘာရ တောင်ထွတ်၌ ဝါကပ်တော်မူခဲ့၏။ ဝေဘာရတောင်ကို ကြည့်ရှုရန် လာရောက်ကြကုန်သော လူများအပေါင်းအား တရားဟောတော်မူ၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုတော်မူပေးခဲ့၏။ ထိုကုဋေကိုးသောင်း သော ရဟန်းတို့၏ အလယ်တွင် ဘုရားရှင်သည် သီတင်းသုံးတော်မူလျက် ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့၏။ ထိုသံဃာ့အစည်း အဝေးကား ဒုတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင် ဖြစ်ခဲ့သည်။ ပဒုမုတ္တရဘုရားရှင်သည် လူအပေါင်းတို့အား ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ချီးမြှောက်လိုသော ဆန္ဒတော်ဖြင့် မြို့ရွာနိဂုံးတို့သို့ ဒေသစာရီ လှည့်လည် တော်မူခဲ့၏။ ထိုအခါ မြို့ရွာနိဂုံးနေ လူအပေါင်းတို့သည် အိမ်ရာတည်ထောင် လူ့ဘောင် ကိုစွန့်ခွာ၍ ရဟန်း ပြုခဲ့ကြကုန်၏။ ထိုသံဃာ့အစည်းအဝေးသည် သုံးကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေး ကြီးပင် ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ပဒုမုတ္တရဘုရားရှင်သည် များစွာသော သတ္တဝါတို့ကို သံသရာရေအလျဉ်မှ ကယ်တင်တော်မူခဲ့၍ သတ္တဝါအားလုံးတို့၏ ခပ်သိမ်းသော ယုံမှားမှုကို ပယ်ဖျောက်တော်မူခဲ့ကာ မီးပုံကြီးကဲ့သို့ တောက်ပ ၍ တပည့်သာဝကများနှင့် အတူ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့၏။ စေတီတည်ထားကိုးကွယ်ကြခြင်း မာရ်ငါးပါးကို အောင်မြင်တော်မူသော ပဒုမုတ္တရဘုရားရှင်သည် နန္ဒာရာမ ဥယျာဉ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်စံတော်မူ ခဲ့၏။ ထိုဥယျာဉ်တော်၌ပင် စေတီ တော်ကို တည်ထားကိုးကွယ်တော်မူခဲ့ကြရာ စေတီတော်သည် တစ်ဆယ့်နှစ် ယူဇနာမြင့်တော်မူခဲ့၏။ သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ၊ တစ်လုံးတစ်ခဲ တည်းသော အသမ္ဘိန္နဓါတ်တော်ကို ထိုစေတီတော် အတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်း တို့သည် ရတနာ ခုနစ်ပါးဖြင့် ချယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြ ကုန်သတည်း။