သောမာထေရီ (ဆရာ)

From Wikisource
Jump to navigation Jump to search
348412ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၀။ သောမာထေရီ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၀)

သင်ခန်းစာခေါင်းစဉ်။ ။ သောမာထေရီ

ယေဘုယျရည်ရွယ်ချက်။ ။ သောမာထေရီအကြောင်းကို သိရှိပြီး အမျိုးသားအမျိုးသမီးမရွေး တရားထူး တရားမြတ်ရရှိနိုင်ကြောင်း ရှင်းပြတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ သောမာထေရီအကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်း၍ ကလေးများပြောသောအချက်များကို ဆရာက မှတ်သားထားပါ။ မြတ်စွာဘုရားကို ကြည်ညိုပြီး သာသနာတော်အကျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ အမျိုးသမီးတွေကို ကြားဖူးလား။ သိသလောက်ပြောပြပါ။

֍ ထို့နောက်ဆရာက “ကလေးတို့ပြောသွားတဲ့ သာသနာတော်အကျိုးကို ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးတွေ ရှိသလို ကိုယ်တိုင်လည်း တရားထူးရအောင် ကျင့်ကြံအားထုတ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကို အခု လေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးစေခြင်း။

(၃၅ မိနစ်)

֍ သောမာထေရီဇာတ်လမ်းကို ကလေးများအားလုံး ဖတ်ကြပါစေ။

သောမာထေရီ

သောမာထေရီသည် ပညာရှိအမတ်ကြီး၏ သမီးဘဝမှ ရဟန်းပြုလာသူ ဖြစ်၏။ မာရ်နတ်၏ နှောင့်ယှက် ကဲ့ရဲ့မှုကို ရဲရင့်ပြတ်သားစွာ ချေပနိုင်ခဲ့သော ရဟန္တာထေရီမကြီးလည်း ဖြစ်၏။ သောမာထေရီ အလောင်းလျာသည် သိရီမြတ်စွာဘုရားရှင်လက်ထက်တော်၌ ကုသိုလ်ကောင်းမှုများစွာကို ပြုလုပ်၍ ပါရမီဖြည့်ခဲ့၏။ ထိုဘဝမှ စုတေ၍ သံသရာ၌ ကျင်လည်လာခဲ့ရာ ဂေါတမမြတ်စွာဘုရားရှင်၏ လက်ထက်တော်တွင် ရာဇဂြိုဟ်ပြည်၌ မင်းတိုင်ပင် ပုရောဟိတ်အမတ်ကြီး၏ သမီးဖြစ်လာ၏။ ငယ်စဉ်ကပင် အလှူဒါန ပြုလုပ်ရခြင်းကို နှစ်သက် မွေ့လျော်၏။ ကိုယ်ကျင့်သီလ ဆောက်တည်ရခြင်းကိုလည်း နှစ်သက်သဘောကျ၏။ လူကြီးမိဘများကိုလည်း ရိုသေလေးစား၏။ ဆရာသမားများ၏ စကားကို နားထောင်ပြီး ပညာကိုလည်း ကြိုးစားသင်ယူ၏။ သောမာ အရွယ်ရောက်လာသောအခါ ယဉ်ကျေးသိမ်မွေ့သူလေး ဖြစ်လာ၏။

တစ်နေ့တွင် ရာဇဂြိုဟ်မြို့ မင်းလမ်းမကြီး၌ မြတ်စွာဘုရားရှင်သည် နာဠာဂီရိဆင်ကြမ်းကြီးကို ယဉ်ကျေး လိမ္မာအောင် ဆုံးမနေသည်ကို တွေ့မြင်ခဲ့ရ၏။ ထိုအခါ မြတ်စွာဘုရားရှင်၏ ကြီးမားလှသော မေတ္တာနှင့် ဉာဏ်ပညာကို ကြည်ညိုလှသောကြောင့် သောမာသည် ရတနာသုံးပါးအပေါ်၌ ပိုမိုသက်ဝင် ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်လာတော့၏။

ထို့နောက် လူ့ဘောင်လောကတွင် အနှောင်အဖွဲ့ဖြင့် ဆက်လက်နေထိုင်ရန် ဆန္ဒမရှိတော့၍ ရဟန်းမ အဖြစ် ခံယူလိုက်လေသည်။ သောမာထေရီသည် ရဟန်းမဖြစ်လာပြီးနောက် တရားကို အထူး လုံ့လစိုက်၍ အားထုတ်ရာ မကြာမီပင် တရားထူးရရှိ၍ ရဟန္တာဖြစ်သွားလေသည်။

တရားထူးရရှိပြီးလျှင် တရားဓမ္မဖြင့် အေးချမ်းစွာ နေထိုင်ရန် သာဝတ္ထိပြည်အနီးရှိ တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။ သောမာထေရီသည် ထိုတောအုပ်ထဲ၌ ချမ်းသာစွာ သီတင်းသုံးနေ၏။ ထိုအခါ မာရ်နတ် ရောက်ရှိလာပြီးသောမာထေရီ၏ သမာဓိချမ်းသာ ပျက်ပြားစေရန် ရည်ရွယ်၍ “ဘုရား၊ ရဟန္တာအရှင်မြတ်ကြီး တို့သာ ရရှိနိုင်တဲ့ တရားထူးကို သင့်လို မိန်းမသားတစ်ယောက်ရဲ့ လက်နှစ်သစ်လောက်သာရှိတဲ့ ဉာဏ်လေးကို သုံးပြီး ရနိုင်ပါ့မလား”ဟု ကဲ့ရဲ့ ပြောဆိုလေသည်။

ထိုစကားကို ကြားသောအခါ သောမာထေရီသည် “အသင်မာရ်နတ် ... မိန်းမသား ဖြစ်ပေမယ့်လည်း တည်ကြည်မှန်ကန်တဲ့စိတ်၊ ဉာဏ်နဲ့ယှဉ်တဲ့စိတ်တို့နဲ့ လုံ့လစိုက်ပြီး အားထုတ်ရင် သစ္စာလေးပါးကို ကောင်းစွာ သိမြင်ပြီး တရားထူးကို ရရှိနိုင်တယ်”ဟု တည်ငြိမ်စွာဖြင့် ပြန်လည်ချေပလိုက်လေသည်။

ထိုအခါ မာရ်နတ်ကြီးသည် ဘာမှပြန်မပြောနိုင်ဘဲ နှုတ်ဆိတ်နေစဉ် ထေရီက “ငါဟာ စွဲလမ်းခြင်း တဏှာနဲ့ တွယ်တာခြင်းသံယောဇဉ်တွေကို အပြီးတိုင် ပယ်သတ်ခဲ့ပြီ”ဟု ထပ်မံ၍ ပြောလိုက်ရာ မာရ်နတ်ကြီးမှာ စိတ်နှလုံး မသာမယာဖြစ်ပြီး “ဘုရားသမီးတော်များဟာ လွန်စွာ သတ္တိရှိပါလား”ဟု ညည်းတွားကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။

သောမာထေရီသည် ကိလေသာကင်းစင်ပြီးသော ရဟန္တာထေရီမကြီးဖြစ်၏။ ထို့ကြောင့် သူသည် မာရ်နတ်ကိုကြောက်ရွံ့ခြင်းကင်းစွာ အံတုနိုင်ခဲ့၏။ ဗုဒ္ဓသာသနာတော်၌ တရားထူးတရားမြတ်ကို ရရှိရာတွင် အမျိုးသား အမျိုးသမီးဖြစ်ခြင်းသည် အဓိကမကျဘဲ တည်ကြည်သော သမာဓိနှင့် အသိဉာဏ်ပညာသည်သာ အဓိကကျကြောင်းသောမာထေရီက ရဲဝံ့စွာ ထုတ်ဖော်ပြသခဲ့၏။

မှီငြမ်း။ ။ ပုံတော်စုံ ထေရီအပဒါန် ဝတ္ထုတော်ကြီး၊ အရှင်ဓမ္မဿာမီဘိဝံသ၊ ၅၄၃-၅၅၀။ ထေရီ၊ဋ္ဌ၊၆။

֍ ကလေးများဖတ်ပြီးနောက် သောမာထေရီဇာတ်လမ်းမှ မိမိအကြိုက်ဆုံး အချက်တစ်ချက်စီနှင့် အကြိုက်ဆုံး ဖြစ်ရခြင်း၏ အကြောင်းပြချက်ကို ကလေးတစ်ဦးချင်းစီက အလှည့်ကျပြောပါစေ။

֍ ကလေးများပြောသောအချက်များကို ဆရာကနားထောင်ပေးပြီး အရေးကြီးသောအချက်များ ပါလာပါက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။ ထို့နောက် ဆရာက အရေးကြီးသောအချက်များကို ကလေးများနှင့် အပြန်အလှန်ဆွေးနွေးပါ။

လုပ်ငန်း (၃) နားလည်မှု စစ်ဆေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၅ မိနစ်)

֍ ကလေးများနှင့် ဆွေးနွေးပြီးနောက် အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

-သောမာထေရီ အလောင်းလျာဟာ ဘယ်လို အမျိုးသမီးဖြစ်သလဲ။ ဘာတွေ လုပ်ဆောင်ခဲ့သလဲ။
-သောမာဟာ ရတနာသုံးပါးကို ဘာကြောင့် ပိုမိုသက်ဝင်ယုံကြည်ခဲ့သလဲ။
-သောမာဟာ တရားထူးကို ပိုင်ဆိုင်ရရှိအောင် ဘယ်လို ကြိုးစားအားထုတ်ခဲ့သလဲ။
-မာရ်နတ်က သောမာထေရီကို ဘယ်လို နှောင့်ယှက်ကဲ့ရဲ့ ပြောဆိုခဲ့သလဲ။
-သောမာထေရီဟာ အမျိုးသမီးဖြစ်ပေမယ့် ဘာကြောင့် ရဟန္တာထေရီမ ဖြစ်သွားတာလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သောမာထေရီ၏ လုပ်ဆောင်ချက်များကို အားကျအတုယူပြီး လက်တွေ့ဘဝတွင် ကိုယ်တိုင်ပြုလုပ်နိုင်သော အလုပ်များကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းပေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ “သောမာထေရီအကြောင်းကို ဆွေးနွေးခဲ့ပြီးပြီ၊ အခုအချိန်မှာလည်း သောမာထေရီရဲ့အကြောင်းကို ဆက်လက်နွေးကြရအောင်”ဟု ပြော၍ အောက်ပါမေးခွန်းကို မေးပြီး ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

သောမာထေရီရဲ့ လုပ်ဆောင်ချက်တွေထဲက အားကျအတုယူသင့်တဲ့ အချက်တွေက ဘာတွေလဲ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ဆွေးနွေးစေခြင်းနှင့်ပြန်လည်တင်ပြခြင်း။

(၄၀ မိနစ်)

֍ ပြီးနောက် ဆရာက ကလေးများကို ရှစ်ယောက်ထက်မပိုသော အုပ်စုများ ဖွဲ့ပါ။ ထို့နောက် အောက်ပါမေးခွန်းကို မေး၍ ကလေးတစ်ဦးချင်းစီအား လက်တွေ့ဘဝတွင် မိမိပြုလုပ်မည့်အချက်များကို စဉ်းစား၍ မှတ်စု စာအုပ်တွင် ရေးကြပါစေ။

-သောမာထေရီရဲ့ လုပ်ဆောင်ချက်တွေထဲက လက်တွေ့ဘဝမှာဘယ်အချက်တွေကို လုပ်ဆောင်သွား ကြမလဲ။ ဘယ်လို လုပ်ဆောင်သွားကြမလဲ။

֍ တစ်ဦးချင်း စဉ်းစားပြီးနောက် မိမိစဉ်းစားထားသောအချက်များကို အုပ်စုအတွင်း ... ပြန်လည်စုစည်း၍ ဆွေးနွေးမှုရလဒ်များကို စာရွက်ကြီးပေါ်တွင် ရေးသားကြပါစေ။ ထို့နောက် ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ (ကလေးများ ဆွေးနွေးရေးသားနေစဉ်တွင် တရားအားထုတ်ခြင်းစသော အချက်များ ပါလာအောင် ဆရာက ကူညီပေးပါ။)

֍ ဆရာက ကလေးများတင်ပြထားသော အချက်များပေါ် မူတည်၍ လက်တွေ့ဘဝတွင် အမှန်တကယ် လုပ်ဆောင်နိုင်သော အချက်များကို ကလေးများနှင့် သဘောတူညီမှုယူပြီး ဖြည့်စွက်ဆွေးနွေးပေးပါ။ ထို့နောက် “သောမာထေရီရဲ့ လုပ်ဆောင်ချက်တွေထဲက ကလေးတို့ မလုပ်ဆောင်နိုင်တဲ့ အရာတွေက ဘာတွေလဲ”ဟု ဆက်မေးပြီး မလုပ်ဆောင်နိုင်သေးသော အလုပ်များကိုလည်း လုပ်ဆောင်နိုင်အောင် ကြိုးစားကြရန် တိုက်တွန်းပါ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် သင်ခန်းစာ အနှစ်ချုပ်ခြင်း၊

(၁၀ မိနစ်)

֍ ကလေးများ၏ မှတ်စုစာအုပ်တွင် ရေးသားထားသော အချက်များအပြင် လိုအပ်ချက်ရှိလျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပေးပြီး အောက်ပါအတိုင်း သင်ခန်းစာကို အနှစ်ချုပ်ပါ။

“သားတို့သမီးတို့ရဲ့ မှတ်စုစာအုပ်ထဲမှာ ရေးသားထားတဲ့ အချက်တွေထဲက လက်တွေ့ဘဝမှာ အမှန်တကယ် လုပ်ကိုင်နိုင်တဲ့ အချက်တွေကို ဒီနေ့ကစပြီး လုပ်ဆောင်စေချင်တယ်၊ မလုပ်နိုင်တဲ့အချက်တွေ ရှိသေးရင်လည်း လုပ်ဆောင်နိုင်အောင် ကြိုးစားစေချင်တယ်၊ ဗုဒ္ဓသာသနာတော်မှာ တရားထူးတရားမြတ် ရရှိအောင် ကြိုးစားတဲ့အခါ အမျိုးသားဖြစ်ခြင်း အမျိုးသမီးဖြစ်ခြင်းက အဓိကမဟုတ်ဘူး၊ စင်ကြယ်တဲ့သီလ၊ တည်ကြည် တဲ့ သမာဓိနဲ့ အသိဉာဏ်ပညာတွေရှိဖို့သာ အဓိကကျတယ်၊ ဒါကြောင့် ကလေးတို့လည်း ဝိပဿနာတရား အားထုတ်ပြီး စင်ကြယ်တဲ့ သီလ၊ တည်ကြည်တဲ့ သမာဓိနဲ့ အသိဉာဏ်ပညာတွေကို ရရှိအောင် တဖြည်း ဖြည်း ကြိုးစားလုပ်ဆောင်သွားကြပါ၊ ဒါမှသာ တရားထူးတရားမြတ်တွေကို ရရှိတဲ့သူတွေ ဖြစ်လာကြမှာ ဖြစ်တယ်”