စကားခြောက်ခွန်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၉။ စကားခြောက်ခွန်း(ကျောင်းသားကိုင်သို့)
348411ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၉။ စကားခြောက်ခွန်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

သင်ခန်းစာခေါင်းစဉ်။ ။ စကားခြောက်ခွန်း

ယေဘုယျရည်ရွယ်ချက်။ ။ စကားပြောဆိုရာတွင် ဆင်ခြင် ရင့်ချိန်၍ အကျိုးရှိသောစကားကို ပြောဆိုတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မြတ်စွာဘုရား ဖော်ထုတ်ဟောကြားတော်မူခဲ့သော စကားခြောက်ခွန်း အကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ကလေးများ၏ အသိကို ဖော်ထုတ်ခြင်း၊

(၂၀ မိနစ်)

֍ ကလေးများအားလုံးကို စာရွက်ပိုင်း နှစ်ရွက်စီ ဝေပေးပါ။ ထို့နောက် အောက်ပါမေးခွန်း နှစ်ခုကို တစ်ဦးချင်း စဉ်းစား၍ စာရွက်ပိုင်းတစ်ခုစီတွင် တစ်ချက်စီသာ ရေးကြပါစေ။ (ရေးသားရာတွင် အားလုံးမြင်သာအောင် စာလုံးကြီးကြီးရေးရန် ဆရာက ညွှန်ကြားပေးပါ။)

-တစ်ယောက်နဲ့ တစ်ယောက်စကားပြောတဲ့အခါ ဘယ်လို စကားမျိုးတွေကို ပြောသင့်တယ်လို့ထင်သလဲ။
-တစ်ယောက်နဲ့ တစ်ယောက်စကားပြောတဲ့အခါ ဘယ်လိုစကားမျိုးတွေ မပြောသင့်ဘူးလို့ ထင်သလဲ။

֍ ရေးသားပြီးလျှင် ကလေးများကို (၅)ယောက်တစ်ဖွဲ့စီ ဖွဲ့ပါ။ ထို့နောက် မိမိတို့ရေးသားထားသော စာရွက်ပိုင်းများကို အုပ်စုအတွင်း လဲလှယ်ဖတ်စေပြီး တူသောအချက်၊ မတူသောအချက်များကို စုစည်း၍ ကိုယ်စားလှယ် တစ်ဦးစီက အတန်းရှေ့ထွက်၍ ဖတ်ပြစေပြီး သင်ပုန်းတွင် ကပ်ကြပါစေ။

֍ ကိုယ်စားလှယ် တစ်ဦးဖတ်နေစဉ် ကျန်အဖွဲ့များက မိမိတို့အဖွဲ့နှင့် တူသောအချက်များကို လိုက်၍ မှတ်သား ကြပါစေ။ ပြီးနောက် မတူသောအချက်များကိုသာ ပြန်လည်တင်ပြပါစေ။

֍ ထို့နောက် ဆရာက “ကလေးတို့ ... သူတစ်ပါးကို ပြောသင့်တဲ့စကား၊ မပြောသင့်တဲ့ စကားတွေနဲ့ ပတ်သက်ပြီး အတော်သိကြတာပဲ၊ အခုဆက်ပြီး မြတ်စွာဘုရား ဖော်ထုတ်ဟောကြားတော်မူခဲ့တဲ့ စကား ခြောက်ခွန်းအကြောင်းကို လေ့လာဆွေးနွေးကြည့်ကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) သံတမန်နည်းဖြင့် လုပ်ငန်းပေးဆွေးနွေးတင်ပြခြင်း၊

(၃၀ မိနစ်)

֍ ကလေးများကို အုပ်စု(၆) စု ဖွဲ့ပါ။ ထို့နောက် မိမိတို့အုပ်စု၏ အမည်ကို မိမိတို့ ကြိုက်နှစ်သက်ရာ နိုင်ငံ အမည်များ ပေးကြပါစေ။

֍ ပြီးလျှင် ဆရာက အောက်ပါစကားခြောက်ခွန်းထဲမှ တစ်ခုစီကို အုပ်စုတစ်စုစီအားပေးပါ။ ထို့နောက် မိမိတို့ ကျရာ စကားတစ်ခွန်းအကြောင်းကို နားလည်သည့်အတိုင်း ဥပမာများနှင့်တကွ အုပ်စုအတွင်း ဆွေးနွေး၍ ဆွေးနွေးမှုရလဒ်များကို စာရွက်လွတ်တွင် ရေးသားကြပါစေ။

စကားခြောက်ခွန်း

(၁) မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတစ်ပါး မကြိုက်တဲ့စကား။
(၂) ဟုတ်မှန်တယ်၊ အကျိုးမရှိ၊ သူတစ်ပါး မကြိုက်တဲ့စကား။
(၃) ဟုတ်မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်တဲ့စကား။
(၄) မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတစ်ပါး ကြိုက်တဲ့စကား။
(၅) ဟုတ်မှန်တယ်၊ အကျိုးမရှိ၊ သူတစ်ပါး ကြိုက်တဲ့စကား။
(၆) ဟုတ်မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တဲ့စကား။

မှီငြမ်း။ ။ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မြန်မာပြန်၊ ၆၂-၆၃။ မ၊၂၊၅၇-၅၈။

֍ ဆွေးနွေးရေးသားပြီးလျှင် မိမိတို့ နိုင်ငံ(အုပ်စု)၏ ဆွေးနွေးမှုရလဒ်များကို သံတမန်(ကိုယ်စားလှယ်)များက အခြားနိုင်ငံ(အုပ်စု)များသို့ သွားရောက်တင်ပြ၍ ဆွေးနွေးဖလှယ်ကြရမည်ဖြစ်ကြောင်း ပြောပါ။

֍ ထို့နောက် ဆရာက အုပ်စုတစ်စုစီမှ ကိုယ်စားလှယ်(၅)ယောက်စီကို ဖိတ်ခေါ်၍ သံတမန်များအဖြစ် သတ်မှတ်ပေးပြီး အုပ်စုအတွင်းကျန်သူများကို အိမ်ရှင်နိုင်ငံများအဖြစ် သတ်မှတ်ပေးပါ။ပြီးလျှင် သံတမန် တစ်ဦးစီက မိမိနိုင်ငံ၏ ဆွေးနွေးမှုရလဒ်များကို မိမိနိုင်ငံနှင့်မတူသော အခြားနိုင်ငံများသို့ သွားရောက် တင်ပြ၍ ဆွေးနွေးဖလှယ်ကြပါစေ။

֍ အုပ်စု(၁) ၏ ကိုယ်စားလှယ်(၅)ယောက်မှ တစ်ယောက်စီက အုပ်စု(၂)၊ (၃)၊ (၄)၊ (၅)၊ (၆) သို့ သွားရောက်၍ ဆွေးနွေးဖလှယ်ကြပါစေ။ အုပ်စု(၂) ၏ ကိုယ်စားလှယ်(၅)ယောက်မှ တစ်ယောက်စီက အုပ်စု(၁)၊ (၃)၊ (၄)၊ (၅)၊ (၆) သို့ ပြန်လည်သွားရောက်တင်ပြ၍ ဆွေးနွေးဖလှယ်ကြပါစေ။ အခြားအုပ်စုများ၏ ကိုယ်စားလှယ်များ ကလည်း ဤနည်းအတိုင်း အပြန်အလှန် သွားရောက်တင်ပြ၍ ဆွေးနွေးဖလှယ်ကြပါစေ။

֍ အုပ်စုများ ဆွေးနွေးနေစဉ် ဆရာက အုပ်စုဝင် အားလုံးပါဝင်မှုနှင့် အဓိကအချက်များ ပါ/မပါ လှည့်လည် ကြည့်ရှုပေးပါ။

֍ ဆွေနွေးဖလှယ်ပြီးလျှင် သံတမန်များအားလုံးက မိမိတို့နိုင်ငံ(မူလအုပ်စု)သို့ ပြန်လာ၍ အခြားနိုင်ငံများနှင့် ဆွေးနွေးခဲ့သော အတွေ့အကြုံများကို မိမိနိုင်ငံတွင်(အုပ်စုအတွင်း)ပြန်လည်ပြောပြကြပါစေ။

֍ ပြီးလျှင် ဆရာက အောက်ပါမေးခွန်းတစ်ခုစီကို အုပ်စုတစ်စုစီအား မေးပါ။ မေးခွန်းမေးရာတွင် မေးခွန်းပါ အကြောင်းအရာအား ဆွေးနွေးခဲ့ပြီးသော မူလအုပ်စုကို တိုက်ရိုက်မမေးဘဲ အခြားအုပ်စုများကို မေးပေးပါ။ မဟုတ်မှန်၊ အကျိုးမရှိ၊ သူတစ်ပါး မကြိုက်တဲ့စကားတွေက ဘာတွေလို့ သိရှိသွားလဲ။ ဒီစကားကို ပြောရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်သလဲ။

-ဟုတ်မှန်တယ်၊ အကျိုးမရှိ၊ သူတစ်ပါး မကြိုက်တဲ့စကားတွေက ဘာတွေလို့ သိရှိသွားလဲ။ ဒီစကားကို ပြောရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်သလဲ။
-ဟုတ်မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်တဲ့စကားတွေက ဘာတွေလို့ သိရှိသွားလဲ။ ဒီစကားကို ပြောရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်သလဲ။
-မဟုတ်မှန်၊ အကျိုးမရှိ၊ သူတစ်ပါး ကြိုက်တဲ့စကားတွေက ဘာတွေလို့ သိရှိသွားလဲ။ ဒီစကားကို ပြောရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်သလဲ။
-ဟုတ်မှန်တယ်၊ အကျိုးမရှိ၊ သူတစ်ပါး ကြိုက်တဲ့စကားတွေက ဘာတွေလို့ သိရှိသွားလဲ။ ဒီစကားကို ပြောရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်သလဲ။
-ဟုတ်မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တဲ့စကားတွေက ဘာတွေလို့ သိရှိသွားလဲ။ ဒီစကားကို ပြောရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်သလဲ။

လုပ်ငန်း (၃) ချိတ်ဆက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများဖြေဆိုပြီးလျှင် ဆရာက မှတ်သားထားပြီး အောက်ပါအချက်များနှင့် ချိတ်ဆက်ဆွေးနွေးပေး၍ စာသင်ချိန်ကို အနှစ်ချုပ်ပါ။

ဆရာသိရန်-

(၁) မဟုတ်မှန်၊ အကျိုးမရှိ၊ သူတစ်ပါး မကြိုက်တဲ့စကား
-သီလရှိသူကို သီလမရှိသူဟုပြောသော စကားမျိုး။
ဥပမာ-ကိုယ်ကျင့်တရား ကောင်းမွန်စွာပြုမူသော လူတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုကို မဟုတ်မမှန် လုပ်ကြံ အပုပ်ချသောစကား၊ ဆဲရေးတိုင်းထွာသော စကား။

(၂) ဟုတ်မှန်တယ်၊ အကျိုးမရှိ၊ သူတစ်ပါး မကြိုက်တဲ့စကား
-ဒုဿီလပုဂ္ဂိုလ်ကို ဆုံးမလို၍ မဟုတ်ဘဲ နှလုံးနာ၍ “ဒုဿီလပုဂ္ဂိုလ်”ဟု ပြောအပ်သော စကားမျိုး။
ဥပမာ-ကိုယ်ကျင့်သီလမရှိသူကို ကောင်းစေလိုသည့်ဆန္ဒဖြင့်မဟုတ်ဘဲ အပြစ်တင်လိုသည့်သဘောဖြင့် ပြောသောစကား။

(၃) ဟုတ်မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်တဲ့စကား
-အပါယ်ငရဲသို့ ကျရောက်မည့် ဒေဝဒတ်ကို မဟာကရုဏာတော်ဖြင့် “အပါယ်ငရဲသို့ ကျရောက်မည့် ဒေဝဒတ်”ဟု ပြောအပ်သောစကားမျိုး။ ဤစကားမျိုးကို မြတ်စွာဘုရားသည် အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်က မိန့်ကြား ပြောဆိုတော်မူ၏။
ဥပမာ -ကျောင်းပြေး၊ စာမကျက်ဘဲ ဂိမ်းဆော့၊ လိမ်ပြော၊ စွပ်စွဲပြောဆိုတတ်၊ အတင်းပြောတတ်သော သူငယ်ချင်းကို စေတနာထား၍ လမ်းမှန်ရောက်အောင် ပြောဆိုသော စကား။ မိဘ၊ ဆရာသမားများက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေချင်သော သားသမီးများ၊ တပည့်များကို မကောင်းတာ မလုပ်မိအောင်ဆုံးမ ပြောဆို တားမြစ်သောစကား။

(၄) မဟုတ်မှန်၊ အကျိုးမရှိ၊ သူတစ်ပါး ကြိုက်တဲ့စကား
-ဗေဒင်ကျမ်းလာအစီမံအတိုင်း ပါဏာတိပါတ-စသည်အမှု ပြုလုပ်ခြင်းသည် နတ်ရွာသုဂတိသို့ ပို့ဆောင် နိုင်သည်ဟူသော စကားမျိုး၊
ဥပမာ မဟုတ်မမှန်သော အရာများလုပ်နေသောသူကို မဟုတ်မမှန်လုပ်မှန်း သိလျက်နှင့် ထိုသူ့ဆီမှမိမိ အကျိုးရလိုမှုကြောင့် မြှောက်ပင့်၊ ဖော်လံဖားပြီး ပြောသောစကား။

(၅) ဟုတ်မှန်တယ်၊ အကျိုးမရှိ၊ သူတစ်ပါး ကြိုက်တဲ့စကား
-မှန်ကန်၍ တစ်ဦးနှင့် တစ်ဦး အချစ်ဆိတ်သုဉ်း အမုန်းပွားမည့် ကုန်းတိုက်စကားမျိုး။
ဥပမာ-ပြိုင်ဘက် နှစ်ဦးကြား အမုန်းပွား၍ ခိုက်ရန်ဖြစ်ပွားအောင် တစ်ဦး၏ အားနည်းချက်၊ မကောင်းကွက်များကို အခြားတစ်ဦးအား ကုန်းတိုက်ပြောဆိုသော စကား။

(၆) ဟုတ်မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တဲ့စကား
-သင့်တင့်လျောက်ပတ်သော နေရာဌာန၌ ဟောကြားအပ်သော ဒါန၊ သီလ စသည်တို့နှင့် ဆက်စပ်သော စကားမျိုး။ ဤစကားမျိုးကို မြတ်စွာဘုရားသည် အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ မိန့်ကြားပြောဟောတော်မူ၏။
ဥပမာ-ကိုယ်ကျင့်သီလ(သူများပစ္စည်း မခိုးဘူး၊ သူငယ်ချင်းက အကူညီလိုရင် ကူညီပေးတယ်၊ ကိုယ့်မှာရှိတဲ့ အရာတွေကို အခြားသူတွေနဲ့ မျှဝေသုံးစွဲတယ် စသည်) ကောင်းမွန်သောသူကို အခြေနေအချိန်ခါကို ကြည့်၍ ချီးမွမ်းပေးသော စကား။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ အခြေအနေ အချိန်ခါကိုလိုက်၍ မှန်ကန်အကျိုးရှိသောစကားကို ပြောဆိုမည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ဖြစ်ရပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းပေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများ မေး၍ စာသင်ချိန်ကို စတင်ပါ။

-မြတ်စွာဘုရားဟာ စကားခြောက်ခွန်းထဲက ဘယ်စကားတွေကို ပြောကြားခဲ့သလဲ။
-သားတို့သမီးတို့ရော ဘယ်စကားတွေကို ပြောကြားသင့်တယ်လို့ ထင်သလဲ။ ဘာကြောင့်လဲ။
(ဆရာသိရန်-စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကို ပယ်၊ နှစ်ခွန်းတည်။ အမှတ်စဉ်-၃ နှင့် အမှတ်စဉ်-၆ စကားများကိုသာ မြတ်စွာဘုရား ပြောကြားတော်မူခဲ့သည်)

လုပ်ငန်း (၂) အုပ်စုဖွဲ့ လုပ်ငန်းပေးဆွေးနွေးတင်ပြခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို အနည်းဆုံး ၆-ယောက်ခန့်ပါသော အုပ်စု(၆) စု ဖွဲ့ပါ။ ထို့နောက် အောက်ပါဖြစ်ရပ်ကို အုပ်စု လိုက် ဆွေးနွေးတိုင်ပင် ညှိနှိုင်းကာ ဆွေးနွေးမှုရလဒ်များကို စာရွက်လွတ်တွင် ရေးသား၍ ကိုယ်စားလှယ် တစ်ဦးစီက အတန်းသို့ ပြန်လည်တင်ပြပါစေ။

ဖြစ်ရပ်

ဝဏ္ဏနဲ့ မင်းခန့်တို့ဟာ ဆဋ္ဌမတန်းကျောင်းသားလေးတွေ ဖြစ်ကြတယ်။ သူတို့နှစ်ယောက်က ငယ်ငယ် ကတည်းက အတူကြီးပြင်းလာတော့ တစ်ယောက်နဲ့တစ်ယောက် အလွန်သံယောဇဉ်ကြီးကြတယ်။ အတန်းကြီး လာတော့ ဝဏ္ဏက စာကြိုးစားမှု အားနည်းပြီး အပေါင်းအသင်းများတယ်၊ မင်းခန့်ကတော့ အတန်းထဲမှာ စာတော်တဲ့သူတွေထဲက တစ်ယောက် အပါအဝင်ပေါ့။ တစ်နေ့ ကျောင်းဆင်းချိန်မှာ ဝဏ္ဏနဲ့ သူငယ်ချင်းတစ်စုက မင်းခန့်ကို သူတို့နဲ့ အတူ ဆေးလိပ်စမ်းသောက်ကြည့်ဖို့ တိုက်တွန်းတယ်။ မင်းခန့်ဟာ ဆေးလိပ်သောက်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်နိုင်တယ်ဆိုတာ သိနေတယ်။ ငယ်သူငယ်ချင်းဖြစ်တဲ့ ဝဏ္ဏက မခံချင်အောင်ပြောပြီး စည်းရုံးနေတော့ မင်းခန့်တစ်ယောက် ငြင်းဖို့ စဉ်းစားရခက်နေတယ်။

-အဲဒီအချိန်မှာသားတို့သမီးတို့သာ မင်းခန့်နေရာမှာဆိုရင် ဘယ်လိုပြောပြီး ဖြေရှင်းမလဲ။
-အဲဒီလိုဖြေရှင်းရင် ဝဏ္ဏက ဘယ်လိုပြန်ပြီး တုံ့ပြန်ပြောဆိုမယ်ထင်သလဲ။
-ဒီဖြစ်ရပ်ကို ဆွေးနွေးပြီးတဲ့နောက် ကလေးတို့ ဘာတွေကို သင်ယူရရှိသွားလဲ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများတင်ပြပြီးသောအခါ ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး အောက်ပါအတိုင်း ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။

“ကလေးတို့ ... ဆရာတို့ရဲ့ မြတ်စွာဘုရားဟာ ဒီစကားခြောက်ခွန်းထဲမှာ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တဲ့စကားနဲ့ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးမကြိုက်တဲ့စကား နှစ်ခွန်းကိုသာ ပြောတော်မူတယ်၊ မှန်လည်းမှန်တယ်၊ အကျိုးလည်းရှိတယ်၊ သူများလည်း ကြိုက်တယ်ဆိုတဲ့ စကားကတော့ ဘာမှပြောစရာမရှိ အားလုံး နှစ်သက်သဘာကျတဲ့ စကားဖြစ်တယ်၊ ဒါပေမယ့် မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးမကြိုက်တဲ့ စကားကျတော့ ပြောစရာရှိတယ်၊ မြတ်စွာဘုရားက သူများမကြိုက်တဲ့စကား ပြောသလားပေါ့၊ ဒါကို ကြည့်ခြင်းအားဖြင့် မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် မြတ်စွာဘုရားက သူများကြိုက်ကြိုက် မကြိုက်ကြိုက် ပြောတယ် ထိုတာ သားတို့သမီးတို့ သဘောပေါက်ထားရမယ်၊ မြတ်စွာဘုရားက လူတွေနဲ့ ဆက်ဆံရေး အဆင်ပြေ အောင်ဆိုပြီး လူတွေအကြိုက် လိုက်မပြောဘူးဆိုတာကို နားလည်ထားရမယ်၊ ဒီလိုပဲ ဆရာတို့ သားတို့သမီးတို့ ဟာ အတတ်နိုင်ဆုံးတော့ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးကြိုက်တဲ့ စကားကိုတော့ အများဆုံး ပြောရ မယ်၊ ဒါပေမယ့် အကြောင်းပြချက်ခိုင်လုံရင် အခြေအနေအချိန်ခါကို ကြည့်ပြီး သူများမကြိုက်တဲ့ စကားကိုလည်း ပြောရမယ်၊ ဒါဟာ မြတ်စွာဘုရားကြိုက်တဲ့ စကားပြောနည်းပဲ”