ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၈။ ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူး(ကျောင်းသားကိုင်သို့)
348410ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၈။ ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၀)

သင်ခန်းစာခေါင်းစဉ်။ ။ ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူး

ယေဘုယျရည်ရွယ်ချက်။ ။ ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်ပြီး ပြန်လည်ကျေးဇူးတုံ့ပြန်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ဆရာမြတ်နှစ်ပါး၏ ဂုဏ်ကျေးဇူးကြောင့် တရားထူး ရရှိသွားပုံကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း၊

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကိုမေး၍ ကလေးများနှင့် အပြန်အလှန်ဆွေးနွေးပါ။

-ကလေးတို့ သင်ခဲ့ဖူးတဲ့ ကိုရင်လေးတွေအကြောင်း မှတ်မိသလောက်ပြောပြပါ။

-ကလေးတို့ ဆွေးနွေးခဲ့ဖူးတဲ့ ကိုရင်လေးတွေထဲက ဘယ်ကိုရင်လေးရဲ့ လုပ်ဆောင်ချက်ကို သဘော ကျလဲ။ ဘာကြောင့်လဲ။

֍ ကလေးများနှင့် ဆွေးနွေးပြီးသောအခါ ဆရာက “ဒီနေ့တော့ ကလေးတို့သိထားတဲ့ ကိုရင်လေးတွေလိုပဲ ကိုရင်လေးတစ်ပါး အကြောင်းကို ထပ်ပြီးလေ့လာကြည့်ရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် အုပ်စုအချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်း။

(၃၅ မိနစ်)

֍ ခြောက်ယောက်ခန့်ပါသော အုပ်စုများဖွဲ့ပြီး ဇာတ်လမ်းကို ဖတ်ကြပါစေ။ ဇာတ်လမ်းဖတ်ပြီးသောအခါ အုပ်စု လိုက် စုပေါင်းဆွေးနွေး၍ မိမိတို့အဖွဲ့က မေးလိုသောအကြောင်းအရာကို မေးခွန်းထုတ်ပါစေ။

֍ အုပ်စုလိုက် မေးခွန်းထုတ်ပြီးသောအခါ ဖြေစေလိုသော အဖွဲ့အမည်ကိုပါ ဆက်၍ ပြောပါ။

(ဥပမာ-အဖွဲ့(၁) က “သုဓသာမဏေလေးက ဘယ်သူနဲ့အတူ ဆွမ်းခံကြွပါသလဲ”ဟု မေးပြီးလျှင် ဖြေစေချင် သောအဖွဲ့၏ အမည်ကိုဆက်၍ ပြောပါစေ။ အဖွဲ့(၃) ဟု အော်လျှင် အဖွဲ့(၃) က ဖြေပါစေ။)

֍ ဤနည်းအတိုင်း အဖွဲ့အားလုံး မေးခွန်းမေးနိုင်၊ ဖြေနိုင်အောင် ဆရာက ကူညီပံ့ပိုးပေးပါ။ တစ်ဖွဲ့ပေးပြီးသော မေးခွန်းကိုလည်း ကျန်အဖွဲ့က ထပ်၍ မမေးရန် ဆရာက ကြိုတင်ပြောထားပါ။

ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူး

မြတ်စွာဘုရားရှင်လက်ထက်က အရှင်သာရိပုတ္တရာမထေရ်အား ပစ္စည်းလေးပါးထောက်ပံ့ လှူဒါန်းလေ့ရှိသည့် တပည့်ဒါယိကာမတစ်ဦး ရှိ၏။ ထိုဒါယိကာမသည် ကိုယ်ဝန်ဆောင်သောအချိန်တွင် အရှင်သာရိပုတ္တရာ မထေရ်နှင့်အတူ သံဃာတော် ၅၀၀တို့အား ဆွမ်းကပ်လှူရင်း မိမိကိုယ်တိုင် ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်လျက် သံဃာတော်တို့၏ ဆွမ်းကျန်ဟင်းကျန်ကို စားလိုသော ချင်ခြင်းဖြစ်ပေါ်လာ၏။ ထို့ကြောင့် အရှင်သာရိပုတ္တရာမထေရ် အမှူးရှိသော သံဃာတော် ၅၀၀တို့အား ဆွမ်းကပ်လှူပြီး သံဃာတော်တို့၏ ဆွမ်းကျန် ဟင်းကျန်ကို စားလိုက်ရသောအခါမှ ချင်ခြင်း ပြေပျောက်သွားလေသည်။

ထိုကလေး ပဋိသန္ဓေတည်နေသောအခါမှစ၍ အိမ်၌ ဆင်းရဲဒုက္ခဟူသည် မရှိ၊ ထို့ကြောင့် မွေးဖွားလာသောအခါ ‘သုခကုမာရဟု အမည်ပေးလိုက်၏။ သုခကုမာရသည် ခုနစ်နှစ်သားအရွယ်သို့ ရောက်သောအခါ ရှင်သာမဏေပြုလိုသောဆန္ဒ ဖြစ်ပေါ်လာလေ၏။ မိခင်ကလည်း သာမဏေပြုခွင့်ပေးလိုက်သည့်အတွက် အရှင်သာရိပုတ္တရာမထေရ်ကို ဥပဇ္ဈာယ်ပြု၍ သုခဟူသော ဘွဲ့အမည်ဖြင့် ရှင်သာမဏေ ဖြစ်လာ၏။

သာမဏေပြုပြီး ရှစ်ရက်မြောက်နေ့တွင် အရှင်သာရိပုတ္တရာမထေရ်၏ သပိတ်ကိုပိုက်ကာ ရွာတွင်းသို့ ဆွမ်းခံလိုက်၏။ ဆွမ်းခံကြွသည့် လမ်းခရီးတွင် သုခသာမဏေလေးသည် လယ်သမားများ မြောင်းတူးကာ ရေသွယ်ယူနေကြပုံ၊ လေးသမားများ မြားဖြောင့်နေကြပုံ၊ သစ်ခွဲသမားတို့ကလည်း သစ်ကို လိုရာပုံရအောင် ပြုလုပ်နေကြပုံတို့ကို တွေ့သောအခါ “သူတို့ ဘာတွေလုပ်နေကြတာလဲဘုရား”ဟု အရှင်သာရိပုတ္တရာမထေရ်ကို ပေး၏။

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “ကိုရင် ... ရေကို လယ်ထဲသွင်းဖို့ မြောင်းသွယ်ယူ နေကြတယ်၊ ကောက်နေတဲ့မြားကို မီးကင်ပြီး ဖြောင့်အောင်ပြုလုပ်နေကြတယ်၊ သစ်ကို လှည်းဘီးလုပ်ဖို့ ရွေ၊ နွှာ၊ ခွဲစိပ်နေကြတယ်”ဟု ရှင်းပြလေ၏။ “သူတို့လုပ်နေတဲ့ ရေတွေ၊ မြားတွေ၊ သစ်တွေမှာ စိတ်ရှိပါသလားဘုရား”ဟု ကိုရင်လေးက ထပ်မံမေးမြန်းလေ၏။ “ကိုရင် ... သူတို့မှာ စိတ်မရှိဘူး”ဟု မထေရ်မြတ်က ပြန်လည်ဖြေကြား၏။ ထိုအခါ သုခသာမဏေလေးက “စိတ်မရှိသော အရာတို့ကို မိမိလိုရာရောက်အောင် လုပ်ဆောင်နိုင်သေးလျှင် စိတ်ရှိသော လူတို့သည် စိတ်ကို မိမိအလိုသို့ လိုက်စေကာ လိမ္မာယဉ်ကျေးအောင် ပြုပြင်ဆုံးမ၍ ရနိုင်၏”ဟု တွေးတောဆင်ခြင်မိလေသည်။

ထိုသို့ဆင်ခြင်ပြီးနောက် သုဓသာမဏေလေးသည် ကျောင်းသို့ပြန်လိုကြောင်း မိမိအတွက် ဆွမ်း ဘောဇဉ်ကို ခံယူခဲ့စေလိုကြောင်း လျှောက်ထားကာ သူပိုက်လာသော သပိတ်ကိုလည်း အရှင်သာရိပုတ္တရာ မထေရ်အား ပြန်အပ်လိုက်၏။ အရှင်သာရိပုတ္တရာမထေရ်ကလည်း ခွင့်ပြုသဖြင့် သာမဏေလေးသည် ကျောင်းသို့ တစ်ပါးတည်း ပြန်ကြွခဲ့၏။ ကျောင်းသို့ ပြန်ရောက်သောအခါ အခန်းတံခါးကို ပိတ်၍ တည်ငြိမ်သော စိတ်ဖြင့် ဝိပဿနာတရားကို ကျင့်ကြံအားထုတ်နေ၏။

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ဆွမ်းခံကြွရင်း အချိန်အနည်းငယ်ကြာလာသောအခါ “ငါ့ကိုရင် လေး ဆာနေလောက်ပြီ”ဟု တွေးမိကာ ကျောင်းတော်သို့ အမြန်ပြန်ကြွလာခဲ့၏။ ထိုအချိန်တွင် မြတ်စွာဘုရားရှင်သည် တစ်ပါးတည်း ကျင့်ကြံအားထုတ်နေသော သုခသာမဏေလေး တရားထူးရရှိတော့မည်ကို သိရှိတော်မူ၏။ သာမဏေလေး တရားအားထုတ်နေစဉ် အရှင်သာရိပုတ္တရာ ရောက်လာပါက တရားထူးရရှိရေးအတွက် နှောင့်နှေးသွားမည်ကို သိရှိတော်မူသဖြင့် သာမဏေလေး... တရားအားထုတ်နေသည့် အခန်းရှေ့မှနေ၍ အရှင်သာရိပုတ္တရာကို စောင့်နေကာ မေးခွန်းပုစ္ဆာလေးခုကို ဆီးကြိုမေးတော်မူ၏။ မြတ်စွာဘုရားရှင်၏ အမေး ပုစ္ဆာများကို အရှင်သာရိပုတ္တရာ ဖြေဆိုနေသည်ကို ကြားနာလျက် ဆက်လက်ကြိုးစားအားထုတ်လေရာ သုခ သာမဏေလေးသည် တရားထူးကို သိမြင်သွားပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေသည်။ ထို့နောက် အရှင်သာရိပုတ္တရာမထေရ်မြတ်က မိမိကိုယ်တိုင် ခံယူလာခဲ့သောဆွမ်းကို သာမဏေဝလေးအား ဘုဉ်းပေးစေတော်မူ၏။

ဤသို့ဖြင့် သုခသာမဏေလေးသည် မိမိ၏ စိတ်အလိုကို ဖြည့်ဆည်းပေးတတ်သည့် လက်ဦးဆရာ အရှင်သာရိပုတ္တရာမထေရ်နှင့် တရားထူးရရှိရေးအတွက် မေတ္တာဖြင့် ကူညီစောင့်ရှောက်ပေးခဲ့သော မြတ်စွာဘုရားရှင်တို့၏ ကျေးဇူးကြောင့် ခုနစ်နှစ်သား ရဟန္တာလေးများထဲတွင် တစ်ပါးအပါအဝင် ဖြစ်ခဲ့လေ၏။

မှီငြမ်း။ ။ သုခသာမဏေရဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ တတိယတွဲ၊ ၂၆၇-၂၀၁၊ ဓမ္မ၊ဋ္ဌ၊၂၊၅၅၊

ခက်ဆစ်အဖွင့်

ဥပဇ္ဈာယ် (ဥပစ်ဇယ်) = အနီးကပ်ကြီးကြပ်၍ ဆုံးမသွန်သင်သော ဆရာ။

လုပ်ငန်း (၃) ကလေးများ၏နားလည်မှုကို မေးမြန်း၍ အနှစ်ချုပ်ခြင်း။

(၁ဝ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

-သုခသာမဏေလေးရဲ့ ဆန္ဒကို အရှင်သာရိပုတ္တရာမထေရ်မြတ်က ဘယ်လိုခွင့်ပြုဖြည့်ဆည်းပေးခဲ့သလဲ။
-မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ဘာကြောင့် မေးခွန်းပုစ္ဆာလေးခု မေးတာလဲ
-သုခသာမဏေလေးဟာ ဘယ်သူတွေရဲ့ ကျေးဇူးကြောင့် တရားထူးရတာလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ဆရာများ၏ ကျေးဇူးကို တုံ့ပြန်နိုင်သော နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ မဲလိပ်(၅) ခု။

လုပ်ငန်း (၁) အုပ်စုဖွဲ့ လုပ်ငန်းပေးခြင်း။

သင်ယူမှုလုပ်ငန်းစဉ်

(၅၀ မိနစ်)

֍ “ကလေးတို့ဟာ သုခသာမဏေလေး တရားထူးရသွားအောင် ကူညီပေးခဲ့တဲ့ ဆရာနှစ်ဦးအကြောင်းကို ဆွေးနွေးခဲ့ပြီးပြီ”ဟု ပြောပါ။ ထို့နောက် အောက်ပါမေးခွန်းကို မေး၍ ကလေးများနှင့် အပြန်အလှန် ဆွေးနွေးပါ။

-သားတို့သမီးတို့ကို ပညာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေထဲက အမြဲတမ်းသတိရနေတဲ့ ဆရာ၊ ဆရာမ ရှိသလား။
-ဆရာ၊ ဆရာမကို ဘာကြောင့် အမြဲသတိရနေတာလဲ။

֍ ဆရာက ကလေးများ ပြောသမျှကို နားထောင်ပြီး “ကလေးတို့မှာလည်း အမြဲတမ်းသတိရနေတဲ့ ဆရာရှိ သလို ဆရာ့မှာလည်း အမြဲတမ်းသတိရနေတဲ့ ဆရာရှိတယ်”ဟု ပြောပြီး ဆရာ၏ အတွေ့အကြုံကို ပြောပြပါ။

֍ ထို့နောက် ကလေးများကို အုပ်စု(၅) စုဖွဲ့ပြီး ထိုအုပ်စုများကို လက်ဖက်ရည်ဆိုင်ပုံစံ သဘောထား၍ မိမိတို့ဆိုင် (သို့) အဖွဲ့ကို ကလေးများကိုယ်တိုင် အမည်ပေးပြီး ဆိုင်ရှင် (သို့) ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပါစေ။

֍ အောက်ပါမေးခွန်း (၅) ခုကို အုပ်စု(၅) ခုအား မဲနှိုက်ရွေးချယ်စေပြီး မိမိအဖွဲ့ရရှိသော မေးခွန်းကို ပထမဦးဆုံး ဆွေးနွေးပါစေ။ ဆွေးနွေးမှုရလဒ်များကို ဆိုင်ရှင် (သို့) ကိုယ်စားလှယ်တစ်ဦးက မှတ်တမ်းတင်ထားပါစေ။

-ကလေးတို့အနေနဲ့ ဘယ်လိုလူတွေကို ဆရာအဖြစ်သတ်မှတ်ကြတာလဲ။
-ဆရာတွေကို ဘယ်လို သဘောထားကြသလဲ။
-ကလေးတို့ကိုယ်တိုင် ဆရာတွေကို ဘာတွေပြန်လုပ်ပေးခဲ့ဖူးသလဲ။
-ဆရာတွေကို ဘာကြောင့်ကျေးဇူးတင်ရတာလဲ။
-ဆရာတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဘာတွေလုပ်ပေးချင်သလဲ။

֍ မိမိအုပ်စုတွင် ဆွေးနွေးပြီးပါက ဒုတိယအကြိမ်အနေဖြင့် ဆိုင်ရှင် (သို့) ကိုယ်စားလှယ်က မိမိဝိုင်းတွင် နေခဲ့ပြီး ကျန်အဖွဲ့ဝင်များက အခြားအဖွဲ့များသို့ သွားရောက်၍ ထိုအဖွဲ့မှ ရရှိထားသော မေးခွန်းကို ဆွေးနွေးပါ စေ။ ဆွေးနွေးမှုရလဒ်များ ထပ်မံရရှိရန် ကိုယ်စားလှယ်က မေးမြန်း၍ ရေးမှတ်ပါစေ။ (ကလေးများကို အဖွဲ့ တိုင်းသို့ သွားရောက် ဆွေးနွေးစေရန် တစ်ဖွဲ့လျှင် အချိန်မည်မျှ ဆွေးနွေးရမည်ကို ဆရာက သတ်မှတ်ပေးပါ။)

֍ ပြီးနောက် အုပ်စုအတွင်းရှိ ကိုယ်စားလှယ် (သို့) ဆိုင်ရှင်က မှတ်တမ်းတင်ထားသော ဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြပါစေ။ တင်ပြသော အဓိကအချက်များကို ဆရာက မှတ်သားထားပါ။

လုပ်ငန်း (၂) အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများတင်ပြပြီးသောအခါ ဆရာက အောက်ပါမေးခွန်းကို မေး၍ ရည်ရွယ်ချက်နှင့် ချိတ်ဆက်ပြီး သင်ခန်းစာကို အနှစ်ချုပ်ပါ။

-ကလေးတို့ ဒီနေ့ဆွေးနွေးလိုက်တဲ့ သင်ခန်းစာကနေ ဘာတွေကို သင်ယူရရှိလိုက်လဲ။