မြေကြီးပမာ သည်းခံနိုင်သူ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၁။ မြေကြီးပမာ သည်းခံနိုင်သူ(ကျောင်းသားကိုင်သို့)
348413ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၁။ မြေကြီးပမာ သည်းခံနိုင်သူ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁)

သင်ခန်းစာခေါင်းစဉ်။ ။ မြေကြီးပမာ သည်းခံနိုင်သူ

ယေဘုယျရည်ရွယ်ချက်။ ။ သူတော်ကောင်းတို့၏ သည်းခံခွင့်လွှတ်တတ်သောစိတ်ကို အတုယူတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ အရှင်သာရိပုတ္တရာ၏ သည်းခံခွင့်လွှတ်တတ်သောစိတ်ကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း၊

(၁၀ မိနစ်)

֍ “သားတို့သမီးတို့ ... ဘုရားရှင်လက်ထက်က ထင်ရှားခဲ့တဲ့ ရဟန်းတော်တွေကို ပြောပြပါ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများပြောသောအမည်များကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားပါ။ (အရှင်သာရိပုတ္တရာ အမည်ပါသည်အထိ မေးပေးပါ။)

-အရှင်သာရိပုတ္တရာဆိုတာ ဘယ်လို ရဟန်းမျိုးလဲ သိသလောက်ပြောပြပါ။

֍ ကလေးများပြောပြီးသောအခါ “ကလေးတို့သိထားတဲ့ အချက်တွေအပြင် အရှင်သာရိပုတ္တရာရဲ့ အခြားကောင်းမွန်တဲ့ အချက်တွေကို ဆက်ပြီးလေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် လုပ်ငန်းပေးဆွေးနွေးခြင်း။

(၃၅ မိနစ်)

֍ ကလေးများအားလုံးကို ဇာတ်လမ်းတွင် ပါဝင်သည့် ဖတ်ရန်အခက်အခဲရှိသော စကားလုံးများ ရှာပြီး မှတ်သားကြပါစေ။ ထို့နောက် ဖတ်တတ်၍ အဓိပ္ပာယ်နားလည်သော ကလေးများကို ပြောပြခွင့်ပေးပါ။ လိုအပ်မှသာ ဆရာက ဖြည့်စွက်ဆွေးနွေးပါ။

֍ ပြီးနောက် ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများဖွဲ့၍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

မြေကြီးပမာ သည်းခံနိုင်သူ

တစ်ခုသော ဝါကျွတ်ကာလ၌ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားရှင်ကို ရှိခိုး၍ ဒေသစာရီ လှည့်လည်တော်မူလိုကြောင်း ပန်ကြားလျှောက်ထားလေသည်။ ထို့နောက် ခရီးစတင်တော်မူရာ လိုက်ပါပို့ ဆောင်ကြသော ရဟန်းများအနက် အမည်မှတ်မိသော ရဟန်းတို့ကို အမည်ခေါ်၍ နှုတ်ဆက်တော်မူ၏။ ရဟန်းငယ်တစ်ပါးသည် “မထေရ်မြတ်အနေဖြင့် သူ၏အမည်ကို ခေါ်၍နှုတ်ဆက်လျှင် ကောင်းမည်”ဟု တွေးကြံ လျက်နေ၏။ သို့သော် အရှင်သာရိပုတ္တရာမထေရ်သည် ထိုရဟန်း၏ အမည်ကို မမှတ်မိသောကြောင့် အမည် မခေါ်ဘဲ ထားမိလေ၏။

ထိုကဲ့သို့ အမည်ခေါ်၍ နှုတ်ဆက်မခံရသောကြောင့် ရဟန်းငယ်သည် အရှင်သာရိပုတ္တရာမထေရ်အပေါ် ရန်ငြိုးဖွဲ့လေ၏။ ထိုအချိန်မှာပင် အရှင်မြတ်၏ နှစ်ထပ်သင်္ကန်းစွန်းဖြင့် ထိုရဟန်းငယ်၏ ပခုံးကို မတော်တဆ ထိမိသွားပြန်၏။ ဤသည်ကိုပင် ရဟန်းငယ်က မကျေနပ်စိတ်ဖြင့် ထပ်မံရန်ငြိုးဖွဲ့လေ၏။ အရှင်သာရိပုတ္တရာ မထေရ် ကျောင်းဝင်းအပြင်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရဟန်းငယ်သည် မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်၍ “အရှင်ဘုရား ...အရှင်သာရိပုတ္တရာမထေရ်သည် မိမိကိုယ်မိမိ ဘုရားရှင်၏ အဂ္ဂသာဝကကြီး ဖြစ်သည်ဟူသော မာန်ဖြင့် တပည့်တော်၏ပခုံးစွန်းကို ထိပါးပုတ်ခတ်၍ ထွက်သွားပါသည်”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာမထေရ်ကို လိုက်၍ ခေါ်စေ၏။

ရဟန်းအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ ဆုံးမဩဝါဒစကားကို နာယူရန် စုဝေးလာကြ၏။ အရှင်သာရိပုတ္တရာမထေရ်လည်း ပြန်လာပြီးလျှင် မြတ်စွာဘုရားရှင်ကို ရှိခိုးလျက် ထိုင်နေတော်မူ၏။ မြတ်စွာဘုရားရှင်က “သာရိပုတ္တရာ ... ဤရဟန်း လျှောက်ထားလာသည့်အတိုင်း မှန်ပါသလော”ဟု သံဃာ့ပရိသတ် ရှေ့မှောက်တွင် မေးစစ်တော်မူ၏။

ထိုအခါ အရှင်သာရိပုတ္တရာမထေရ်က “တပည့်တော်သည် ဤရဟန်းကို မပုတ်ခတ် မတိုးဝှေ့ပါ ဘုရား”ဟူ၍ မဖြေဆိုဘဲ မိမိ၏ ဂုဏ်ကျေးဇူးစကားကို လျှောက်ထားလေ၏။ “အရှင်ဘုရား... ဤသာသနာတော်၌ မိမိခန္ဓာကိုယ်ကို သတိဖြင့် မရှုမဆင်ခြင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော်တစ်ပါးပါးကို ထိပါးပုတ်ခတ် တိုးဝှေ့ပြီးနောက် မတောင်းပန်ဘဲ ဒေသစာရီခရီး ထွက်ခွာသွားနိုင်ပေရာ၏”ဟု လျှောက်ထားလေ၏။

ထို့နောက် မထေရ်က “အရှင်ဘုရား ... ဥပမာအားဖြင့် ပထဝီမြေကြီးပေါ်၌ စင်ကြယ်သော ပစ္စည်းကိုလည်း စွန့်ပစ်ကုန်၏၊ မစင်ကြယ်သောပစ္စည်းကိုလည်း စွန့်ပစ်ကုန်၏၊ ထိုသို့စွန့်ပစ်ကြသော်လည်း မြေကြီးသည် နှစ်သက်ခြင်း၊ မုန်းတီးခြင်းမရှိ၊ ပကတိသဘောအတိုင်း တည်နေသကဲ့သို့ တပည့်တော်၏ စိတ်သည် ဤမဟာပထဝီမြေကြီးနှင့်လည်းကောင်း၊ ရေနှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ လေနှင့် လည်းကောင်း၊ ခြေသုတ်ပုဆိုးနှင့်လည်းကောင်း၊ ဒွန်းစဏ္ဍားလူငယ်နှင့်လည်းကောင်း၊ ချိုကျိုးနွားလားနှင့် လည်းကောင်း တူညီပါသည်ဘုရား၊ ခန္ဓာကိုယ်ကို မြွေသေကောင်ပုပ်ကဲ့သို့ ငြီးငွေ့သည်ကိုလည်းကောင်း၊ ခန္ဓာကိုယ်ကို ရွက်ဆောင်ထားရသည်မှာ အပုပ်အိုးကို သယ်ဆောင်နေရသကဲ့သို့လည်းကောင်း ထင်မှတ်မိပါ၏”ဟု ဆက်လက်လျှောက်ထားလေ၏။

မထေရ်သည် မိမိ၏ဂုဏ်တို့ကို ဤဥပမာကိုးခုတို့ဖြင့် လျှောက်ထားသောအခါ ဥပမာတစ်ခုလျှောက်ပြီးတိုင်း မဟာပထဝီမြေကြီးသည် တုန်လှုပ်လေ၏။ ခြေသုတ်ပုဆိုး၊ ဒွန်းစဏ္ဍားလူငယ်၊ အပုပ်အိုးတို့ကို ဥပမာဆောင်၍ လျှောက်ထားသောအခါ ပုထုဇဉ်ရဟန်းတို့သည် မျက်ရည်မဆည်နိုင် ဖြစ်ကြကုန်၏၊ ရဟန္တာ ပုဂ္ဂိုလ်တို့ကား တရားသံဝေဂ ဖြစ်ကြလေ၏။

မထေရ်သည် မိမိ၏ဂုဏ်ကျေးဇူးတို့ကို လျှောက်ထားနေစဉ် စွပ်စွဲသောရဟန်းငယ်မှာ တစ်ကိုယ်လုံး ပူလောင်နေ၏။ ထိုအခါ ရဟန်းငယ်သည် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်တွား၍ စွပ်စွဲမိသော မိမိ၏ အပြစ်ကို ဝန်ခံ၍ တောင်းပန်လေ၏။

မြတ်စွာဘုရားက “ချစ်သားသာရိပုတ္တရာ ... ဤရဟန်းငယ်ကို သည်းခံလေလော့၊ သည်းမခံပါက ဤရဟန်းငယ်၏ ဦးခေါင်းသည် ခုနစ်စိပ် ကွဲလေရာ၏”ဟု မိန့်တော်မူ၏။ ထိုအခါ မထေရ်သည် လက်အုပ်ချီပြီးလျှင် “အရှင်ဘုရား ... တပည့်တော်သည် ထိုအရှင်အား သည်းခံပါ၏။ အကယ်၍ တပည့်တော်မှာ အပြစ်ရှိခဲ့ပါလျှင် ထိုအရှင်ကလည်း တပည့်တော်အား သည်းခံပါလော့”ဟူ၍ လျှောက်ထား၏။

ထိုအခါ အခြားရဟန်းတို့က “ငါ့ရှင်တို့ ... ယခုပင်လျှင် မထေရ်မြတ်၏ မနှိုင်းယှဉ်အပ်သော ဂုဏ်ကျေးဇူးကို ရှုကြကုန်လော့၊ မုသာဝါဒဖြင့် စွပ်စွဲသော ရဟန်းအပေါ်၌ အနည်းငယ်မျှ အမျက်ဒေါသ မထွက်ဘဲ ထိုင်၍ လက်အုပ်ချီကာ တောင်းပန်ပေပြီ”ဟူ၍ ဆိုကြကုန်၏။

မြတ်စွာဘုရားရှင်ကလည်း အရှင်သာရိပုတ္တရာမထေရ်အပေါ် ရဟန်းတို့၏ ချီးမွမ်းစကားတို့ကို ထောက်တော်မူသောအားဖြင့် “ချစ်သားတို့ သာရိပုတ္တရာကဲ့သို့သော ပညာရှိသူတော်ကောင်းပုဂ္ဂိုလ်တို့သည် အမျက်ဒေါသ လုံးဝမထွက်တော့ချေ၊ ရဟန်းတို့ ... ငါ၏သားတော် သာရိပုတ္တရာသည် မြေကြီးကဲ့သို့ တည်ကြည်ငြိမ်သက်သော စိတ်ရှိ၏၊ မြဲမြံစွာစိုက်ထူထားသော ကျောက်တိုင်ကြီးကဲ့သို့ တုန်လှုပ်ရွေ့လျားခြင်း မရှိ၊ ရေကြည်အိုင်ကဲ့သို့ အေးမြကြည်လင်ဖြူစင်သော စိတ်ထားလည်းရှိ၏”ဟု မိန့်တော်မူလေ၏။

မှီငြမ်း။ ။ အရှင်သာရိပုတ္တရာဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ တတိယတွဲ၊ ၅၈-၆၂။ ဓမ္မ၊ဋ္ဌ၊၁၊၃၉၀။

ခက်ဆစ်အဖွင့်

ဒေသစာရီ = ဘုရား၊ ရဟန္တာတို့ အရပ်ရပ်သို့ လှည့်လည်သွားလာခြင်း။
အဂ္ဂသာဝက = အမြတ်ဆုံးတပည့်။
ဒွန်းစဏ္ဍား = သူတောင်းစား။

֍ ကလေးများဖတ်ပြီးသောအခါ (မြေကြီး၊ ရေ၊ မီး၊ လေ၊ ခြေသုတ်ပုဆိုး၊ ဒွန်းစဏ္ဍား၊ ချိုကျိုးနွား)များ၏ သည်းခံနိုင်မှုနှင့် (မြွေသေကောင်ပုပ်၊ အပုပ်အိုး)များ၏ အဓိပ္ပါယ်ကို အုပ်စုလိုက် နားလည်သည့်အတိုင်း ဆွေးနွေးကြပါစေ။ပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

֍ ကလေးများ၏ တင်ပြချက်များကို ဆရာက မှတ်သားထားပြီး လိုအပ်လျှင် ဖြည့်စွက်ဆွေးနွေးပါ။

လုပ်ငန်း (၃) နားလည်မှုကိုဆန်းစစ်ခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ရဟန်းငယ်က အရှင်သာရိပုတ္တရာကို ဘယ်လို ရန်ငြိုးတွေ ဖွဲ့ခဲ့သလဲ။
-အရှင်သာရိပုတ္တရာက မိမိကိုယ်ကိုယ် ဘယ်လို နှိမ့်ချပြီး နေထိုင်သလဲ။
-ရဟန်းငယ်ရဲ့ တောင်းပန်လျှောက်ထားမှုကို အရှင်သာရိပုတ္တရာက ဘယ်လို တုံ့ပြန်ခဲ့သလဲ။
-မြတ်စွာဘုရားရှင်က ရဟန်းတွေကို အရှင်သာရိပုတ္တရာနဲ့ ပတ်သက်ပြီး ဘယ်လို မိန့်တော်မူခဲ့သလဲ။
-အရှင်သာရိပုတ္တရာဟာ သူရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဘယ်လိုဖြေရှင်းခဲ့သလဲ။
-ဘယ်လို အကျိုး ဆက်တွေ ဖြစ်လာသလဲ။
-ဇာတ်လမ်းထဲက ဘာတွေသိရှိသွားသလဲ။ လက်တွေ့မှာ ဘာတွေကို ပြန်လည်အသုံးချမလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သည်းခံစိတ်ထားပြီး အရာရာကို စဉ်းစားဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီးများ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ “အရှင်သာရိပုတ္တရာက ဘယ်လိုစိတ်ထားမျိုးနဲ့ ကျင့်ကြံနေထိုင်တဲ့ ရဟန်းတစ်ပါးဖြစ်သလဲ”ဟု မေး၍ ကလေးများပြောသမျှကို နားထောင်ပေးပြီး အောက်ပါမေးခွန်းများကို မေးပါ။ (ကလေးများက မိမိတို့၏ အတွေ့အကြုံများကို ပြောပြကြပါစေ။)

-သည်းခံတယ်ဆိုတာကို ကလေးတို့အနေနဲ့ ဘယ်လိုနားလည်သလဲ။
-သားတို့သမီးတို့ ပတ်ဝန်းကျင်မှာလည်း သည်းခံစိတ်ရှိတဲ့သူတွေကိုမြင်ဖူးလား။ သူတို့ ဘယ်လို သည်းခံ စိတ်ထားကြသလဲ ပြောပြပါ၊ -သည်းခံတဲ့အတွက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်လာသလဲ။
-သည်းခံစိတ်မရှိတဲ့လူတွေရော မြင်ဖူးလား၊ သည်းခံစိတ်မထားတဲ့အတွက် ဘာတွေဆက်ဖြစ်လာသလဲ။

လုပ်ငန်း (၂) ဉာဏ်ဖွင့်ဆွေးနွေးခြင်းနှင့် အုပ်စုလုပ်ငန်းပြုလုပ်ခြင်း။

֍ အောက်ပါမေးခွန်းကို မေးပြီး ကလေးများပြောသော ပြစ်တင်ဝေဖန်မှုများကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

-သားတို့သမီးတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြစ်တင်ဝေဖန်မှုတွေက ဘာတွေလဲ။

֍ ထို့နောက်ကလေးများကို ၆-ယောက်ခန့်ပါသော အုပ်စုများဖွဲ့ပြီး သင်ပုန်းတွင် ရေးထားသော ပြစ်တင်ဝေဖန်မှုများမှ လက်တွေ့ဘဝနှင့် ချိတ်ဆက်နိုင်သော ပြဿနာတစ်ခုစီကို အုပ်စုလိုက်ဆွေးနွေး ရေးသားပါ။

အုပ်စုလုပ်ငန်းပြုလုပ်ရာတွင် အောက်ပါနမူနာအတိုင်း ပြုလုပ်ပါစေ။

နမူနာ-

ပြစ်တင်ဝေဖန်မှု ဖြေရှင်းမည့်နည်းလမ်း ရရှိလာမည့် အကျိုးဆက်

֍ အုပ်စုလိုက် ဆွေးနွေးရေးသားထားသော စာရွက်များကို သင့်လျော်သောနေရာတွင် ကပ်ပါစေ။ ထို့နောက် ကလေးများအားလုံးက အခြားအဖွဲ့များ၏ ပြဿနာဖြေရှင်းနည်းများကို လိုက်လံကြည့်ရှု၍ မိမိအဖွဲ့နှင့် မတူသော အချက်များကို မှတ်သားထားပြီး ကိုယ်စားလှယ်တစ်ဦးစီက အတန်းသို့ ပြန်လည်တင်ပြပါစေ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ကလေးများ၏ တင်ပြချက်များကို ဆရာကမှတ်သားထားပြီး လိုအပ်လျှင်ဖြည့်စွက်ဆွေးနွေး၍ အောက်ပါ အတိုင်း အနှစ်ချုပ်ပါ။

“ကလေးတို့ရဲ့ နေ့စဉ်ဘဝမှာလည်း ပြဿနာတွေ၊ ကဲ့ရဲ့ ပြစ်တင်မှုတွေ ဝေဖန်မှုတွေ စတဲ့ အခက်အခဲတစ်ခု မဟုတ်တစ်ခုနဲ့ တွေ့ကြုံနိုင်တယ်၊ ဒီလိုကြုံတွေ့လာတဲ့အခါတိုင်း ဒေါသကို ရှေ့ထားပြီး မဖြေရှင်းဘဲ နှစ်ဦး နှစ်ဖက် အကျိုးရှိပြီး ပြေလည်နိုင်မယ့် နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်အောင် ကြိုးစားသွားကြပါ”