သိမ်မျိုးစုံမဟာဋီကာ/ဥဒကုက္ခေပဒအဇ္ဈောတ္ထရဏာဒိဋီကာ

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၂၆။ ဥဒကုက္ခေပဒအဇ္ဈောတ္ထရဏာဒိဋီကာ

     ထို ဥဒကုက္ခေပသိမ်၌ ကံပြုဆဲ သံဃာနှစ်သင်းတို့သည် ဒုတိယ ဥဒကုက္ခေပ-တစ်ခုစာကို မလွန်မူ၍ ကံပြုခဲ့သော် နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှစ၍ ယင်းထက်အလွန် သိမ်နယ်ချင်း ထပ်မိခဲ့သော် အဇ္ဈောတ္ထရဏ ဒေါသ -ဖြစ်၏။ နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှ အောက်လျှော့၍ လက်တစ်သစ်,နှစ်သစ်မျှ သိမ်နယ်ချင်း ထပ်မိငြားအံ့ သမ္ဘေဒဒေါသသင့်၏။ သိမ်နယ်တွင်း ပေါက်ရောက်သော သစ်ပင် ချုံ နွယ် စသည် ကူးယှက် ထိပါးခဲ့သော် သင်္ကရဒေါသ -သင့်၏။ ထိုကြောင့် ဧကဝီသတိ ဘိက္ခူ၊ နိသီဒိတုံ သက္ကောန္တိ-ဟူ၍လည်းကောင်း၊ အတ္တနော သီမာယ ပရေသံ သီမံ သမ္ဘိန္ဒတိ-ဟူ၍လည်းကောင်း၊ အတ္တနော သီမာယ ပရေသံ သီမံ အဇ္ဗေတ္ထရတိ-ဟူ၍လည်းကောင်း၊ ပရိဝါ အဋ္ဌကထာ စသည်၌ မိန့်သတည်း။

     ဥပေါသထက္ခန္ဓက အဋ္ဌကထာ၊ နှာ (၃၃၇) ၌လည်း -

     သီမာယ သီမံ သမ္ဘိန္ဒန္တီတိ အတ္တနော သီမာယ ပရေသံ ဗဒ္ဓသီမံ သမ္ဘိန္ဒန္တိ။ ပ။  ဧကရုက္ခောပိ စ ဒွိန္နံ သီမာနံ နိမိတ္တံ ဟောတိ, သော ပန ဝဍ္ဎန္တော သီမာသင်္ကရံ ကရောတိ, တသ္မာ န ကာတဗ္ဗော။ ဟု မိန့်သတည်း။

     ဗဒ္ဓသိမ်၌ နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်မှ အပ်သည်။ နဒီ,ဇာတဿရတို့၌ကား နှစ်ကျိပ်တစ်ယောက် မစည်းဝေးလောက်စေကာမူ ဥဒကုက္ခေပ အဖြစ်ဖြင့် အပ်၏။ ( စံကျောင်းဆရာတော်ဘုရားကြီး ဝါဒ။) ဝိမတိဝိနောဒနီ၊ ဝိနယာလင်္ကာရတို့၌ ရဟန်းလေးပါး စည်းဝေးလောက်သည်ကစ၍ ၎င်းထက်လွန်အောင် သိမ်နယ်ခြင်းထပ်လျှင် အာဇ္ဈောတ္ထရဏ၊ ၎င်းအောက် အယုတ် သိမ်နယ်ချင်းထပ်မိလျှင် သမ္ဘေဒ -ဟု အထူးကို ဆို၏။ သံဃာ့ကံ၌ အယုတ်ဆုံး သံဃာ့ကံမှာ ရဟန်းလေးပါး ရှိရသည်ကို နှလုံးပိုက်၍ ရေးဟန်တူလေသည်။ ကံပြုရာဌာန ကံပြုရဟန်းဌာနီကို ပိုင်းခြားရာတွင် ဌာနကိုပိုင်းခြားရာ ဖြစ်သည်။ သိမ်အရာလည်း ဖြစ်သည်။ ထို့ကြောင့် သိမ်အရာ သာဓကရသောဝါဒ -က သင့်မြတ်ရန် အကြောင်းရှိသည်။ ဤကား ငါတို့ စံကျောင်းဆက် ဆရာတော်ဘုရားကြီးများ အယူဝါဒပေတည်း။

     ဥဒကုက္ခေပ ဥဒကုက္ခေပချင်းမှာ ဆိုအပ်ပြီး အပြစ်သုံးပါးလုံးရနိုင်သည်။ သတ္တဗ္ဘန္တရနှင့် ဥဒကုက္ခေပမှာမူ တည်ရာဌာနချင်းကွဲပြားသည်ဖြစ်၍ အဇ္ဈောတ္ထရဏ သမ္ဘေဒ ဒေါသနှစ်ပါး မရနိုင်။ သစ်ပင် ချုံနွယ်စသည် ကူးယှက်ခြင်း သင်္ကရဒေါသသာ ရနိုင်သည်။ ဂါမနှင့် ဥဒကုက္ခေပလည်း အဇ္ဈောတ္ထရဏ သမ္ဘေဒ ဒေါသမရှိနိုင်။ ဆိုအပ်ပြီးသော သစ်ပင် ချုံ နွယ် ကြိုး ဝါး စသည် ကူးယှက်မှု သင်္ကရဒေါသသာ ရှိနိုင်သည်။ ဂါမနှင့် ဥဒကုက္ခေပ -မှာ လက်တစ်သစ်,နှစ်သစ် ကွာခြားသော်လည်း သင်္ကရမှုမရှိလျှင် ကံမြောက်၏။ ဥဒကုက္ခေပ -တစ်ခုစာ ထားဖို့မရှိ။ ထို့ ကြောင့် ဂါမနှင့် ဥဒကုက္ခေပအကြား ဥဒကုက္ခေပ တစ်ခုစာ ထားရမည်ဆိုသော ကျမ်းဆရာတို့ ဝါဒဟူသမျှကို မမှတ်သင့်။ သာဓက ရှေး၌ ဆိုအပ်ပြီ။

     ထို့ ကြောင့် ဥဒကုက္ခေပသိမ်၌ သံဃာနှစ်သင်း ကံပြုခဲ့သော်။ အကြား အတောင်တစ်ရာအောက် မနည်းကွာခြားစေ၍ ကံနှစ်ခုပြုရာ၏။ အကြောင်းကား ဥဒကုက္ခေပသိမ်သည် သံဃာပွားတိုင်းလည်း သိမ်နယ်ပွား၏။ သိမ်နယ်နိမိတ်ကို အမှန်အကန်သိဖို့ရန် ခဲယဉ်း၏။ ကျယ်လျှင် ဂရုဖြစ်ရကား မလွန်နိုင်၊ အောက်အရပ်ဒေသများ၌ အချို့မှာ ဤအရာသဘောမသက်ဝင်နိုင်၍ သိမ်ငြမ်းဆောက်မှု ခဲယဉ်းလျက်ရှိသည်ကို တွေ့ခဲ့ရဖူး၏။
     ဥဒကုက္ခေပ အဇ္ဈောတ္ထရဏာဒိဋီကာ ပြီး၏။