သိမ်မျိုးစုံမဟာဋီကာ/သတ္တဗ္ဘန္တရာဇ္ဈောတ္ထရဏာဒိဋီကာ

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၂၇။ သတ္တဗ္ဘန္တရာဇ္ဈောတ္ထရဏာဒိဋီကာ

     တစ်ဘက်တစ်ဘက်အဖို့မှာ အတောင် (၁၉၆)တောင်၊ တစ်ရာ့ကိုးဆယ် ခြောက်တောင်ရှိ၍ ထုတ်ချင်းပေါက် (၃၉၂) တောင် သုံးရာကိုးဆယ်နှစ်တောင်ရှိသော သတ္တဗ္ဘန္တရသိမ်၌ ပဌမသတ္တဗ္ဘန္တရ။ ဒုတိယသတ္တဗ္ဘန္တရ။ တတိယသတ္တဗ္ဘန္တရ။ ခွဲခြားပြီးလျှင် ပဌမသတ္တဗ္ဘန္တရမှာ ကံပြုဆဲသံဃာ၊ ဒုတိယသတ္တဗ္ဘန္တရမှာ ဥပစာရ၊ တတိယသတ္တဗ္ဘန္တရမှာ ကံပြုဆဲသံဃာ။ ဤသို့ ကံပြုဆဲသံဃာ နှစ်သင်းဖြစ်ခဲ့သော် ဒုတိယသတ္တဗ္ဘန္တရကို မလွန်မူ၍တည်သော ကံပြုဆဲသံဃာသည်လည်းကောင်း၊ ပဌမသတ္တဗ္ဘန္တရမှာပင် ဟတ္ထပါသ်ကိုစွန့်၍ တည်သော ရဟန်များသည်လည်းကောင်း ကံကိုပျက်စေနိုင်၏။

     ရှေးဥဒကုက္ခေပသိမ်၌ ဆိုအပ်ပြီးသော နည်းအတိုင်းသိလေ။ အဇ္ဈောတ္ထရဏ-သမ္ဘေဒ သင်္ကရဒေါသတို့ကိုလည်း ရှေးအတိုင်း ဆ၍သိလေ။

     ထို သတ္တဗ္ဘန္တရသိမ်မှာ သံဃာနှစ်သင်း ကံပြုလိုလျှင် တစ်ခုနှင့် တစ်ခုအကြား၊ အတောင်လေးရာအောက် မနည်းကွာခြားမှ ကံပြုရာ၏။ ထိုဒေါသသုံးပါးတို့တွင် တစ်ပါးပါးမကင်းသော သိမ်၌ ကံနှစ်ခု တစ်ပြိုင်နက်ပြုလျှင် နှစ်ခုလုံးပျက်၏။ ရှေ့နောက်ကျလျှင် နောက်သိမ်ပျက်၏။ ဂါမ ဥဒကုက္ခေပတို့နှင့်သတ္တဗ္ဘန္တရမှာ ဥဒကုက္ခေပ နည်းအတိုင်းသိလေ
     သတ္တဗ္ဘန္တရအဇ္ဈောတ္ထရဏာဒိဋီကာ ပြီး၏။