သိမ်မျိုးစုံမဟာဋီကာ/သတ္တဗ္ဘန္တရ.ဥဒကုက္ခေပတို့၌ ဥပစာရ ထားပုံ ဋီကာ

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၂၅။ သတ္တဗ္ဘန္တရ.ဥဒကုက္ခေပတို့၌ ဥပစာရ ထားပုံ ဋီကာ

     သင်္ကရဒေါသ၊ သမ္ဘေဒဒေါသ၊ အဇ္ဈောတ္ထရဏဒေါသ၊ သုံးပါးကို ထင်ရှားအောင် ရေးဦးအံ့၊ မြစ် သမုဒ္ဓရာ ဇာတဿရအိုင်တို့၌ ဥဒကုက္ခေပအဖြစ်ဖြင့် ကံပြုလိုသော ရဟန်းတို့မှာ သံဃာနှစ်သင်း တစ်ပြိုင်နက် ကံပြုလိုအံ့။ ပဌမ ဥဒကုက္ခေပ၊ ဒုတိယ ဥဒကုက္ခေပ၊ တတိယ ဥဒကုက္ခေပ-ဟူ၍ ဥဒကုက္ခေပ သုံးခုစာ ထားပြီးလျှင် ပဌမ ဥဒကုက္ခေပ၌ သံဃာတစ်သင်း ကံပြုရာ၏၊ ဒုတိယ ဥဒကုက္ခေပကို ဥပစာရအလို့ငှာ ထားအပ်၏၊ တတိယ ဥဒကုက္ခေပ၌ ဒုတိယသံဃာတစ်သင်း ကံပြုရာ၏၊ ထိုကြောင့် ဝိနည်းမဟာဝါအဋ္ဌကထာ ဥပေါသထက္ခန္ဓကအဖွင့် နှာ (၃၃၄)၌ သစေ ပနေတ္ထ ဗဟူ ဘိက္ခူ ဝိသုံ ဝိသုံ ကမ္မံ ကရောန္တိ, သဗ္ဗေဟိ အတ္တနော စ အညေသဉ္စ ဥဒကုက္ခေပပရိစ္ဆေဒဿ အန္တရာ အညော ဥဒကုက္ခေပေါ သီမန္တရိကတ္ထာယ ဌပေတဗ္ဗော - ဟု ဖွင့်တော်မူ၏။ ကင်္ခါဝိကရဏီအဋ္ဌကထာ နှာ (၉၁) ၌လည်း- သစေ ပန ဒွေ သံဃာ ဝိသုံ ဝိသုံ ဥပေါသထာဒိကမ္မံ ကရောန္တိ, ဒွိန္နံ ဥဒကုက္ခေပါနံ အန္တရေ အညော ဧကော ဥဒကုက္ခေပေါ ဥပစာရတ္ထာယ ဌပေတဗ္ဗော။ အယဉှိ သတ္တဗ္ဘန္တရသီမာ စ ဥဒကုက္ခေပသီမာ စ ဘိက္ခူနံ ဌိတောကာသတော ပဋ္ဌာယ လဗ္ဘတိ။ ပရိစ္ဆေဒဗ္ဘန္တရေ ဟတ္ထပါသံ ဝိဇဟိတွာ ဌိတောပိ ပရိစ္ဆေဒတော ဗဟိ အညံ တတ္တကံယေဝ ပရိစ္ဆေဒံ အနတိက္ကမိတွာ ဌိတောပိ ကမ္မံ ကောပေတိ, ဣဒံ သဗ္ဗအဋ္ဌကထာသု သန္နိဋ္ဌာနံ။ ဟု ဖွင့်တော်မူ၏။

     ထို ဝါကျတို့တွင် ကင်္ခါအဋ္ဌကထာ၌၊ ပရိစ္ဆေဒတော ဗဟိ အညံ အစ ဌိတောပိ -တိုင်အောင်သောစကားကို သာရတ္ထဒီပနီဋီကာ ပယ်သည်၊ မပယ်သင့်ချေ။ ဆိုအပ်ပြီးသော ပဌမ ဥဒကုက္ခေပ၌ သံဃာတစ်သင်း ကံပြုဆဲ။ ဒုတိယ ဥဒကုက္ခေပ-တစ်ခုစာကို မလွန်မူ၍ ကံပြုဆဲ၊ နှစ်ခုပြိုင် ကံပြုကြလျှင် ဒုတိယ ဥဒကုက္ခပကို-မလွန်က ပရိသတ်တိုးပွားခြင်း၊ သိမ်နယ်တိုးပွားခြင်းတို့ဖြင့် ကမ္မကောပ ပသင်္က ဖြစ်ရာသောကြောင့် ဆိုပေသည်။ ထိုကြောင့် ဒုတိယဌိတောပိ-အရ ကံပြီဆဲ သံဃာကိုသာ ယူရသည်။ ကံပြုဆဲမဟုတ်သော ရေချိုးခြင်း စသော အကြောင်းကြောင့် လာသောရဟန်းကို မယူရ။ ဤသို့ကင်္ခါအဋ္ဌကထာ၌ယူလျှင် မဟာဝါ အဋ္ဌကထာနှင့် တစ်ထပ်တည်းကျသောကြောင့် မသင့်မဟုတ်၊ သင့်သည်သာ။ ကင်္ခါဋီကာဟောင်းနှင့် သာရတ္ထဒီပနီဋီကာ ဒုတိယကြံနည်းသည် သင့်၏။ ထိုဝါကျတို့၌ ကံပြုဆဲ သံဃာနှင့် စပ်၍လာ၏။ ကံပြုဆဲဟုတ် မဟုတ် သံဃာနှင့်မဆိုင်၊ ငါတို့ကျေးဇူးရှင် ကျီဝန်ဆရာတော်လည်း ပဌမဥဒကုက္ခေပမှတပါး ဒုတိယ ဥဒကုက္ခေပ မလွန်မူ ဤကံပြုဆဲ ရဟန်းလည်း ကံပျက်စေ၏ဟု မိန့်တော်မူ၏။ သင့်လှပေသည်သာ။ ၎င်းဒုတိယ ဌိတောပိ – ၌ ပိသဒ္ဒါဖြင့်ပဌမဝါကျ၌ ပဌမဥဒကုက္ခေပ၌ ဟတ္ထပါသ်ကိုစွန့်၍ နေသောရဟန်း ကံပျက်စေသည်ဟု ပေါင်းသည်။ ( အဋ္ဌကထာအာဘော်။)

     ဝိမတိအပရေဝါဒမှာ ကံပြုသောရဟန်း ဟုတ်မဟုတ်ကို ယူ၏။ ကံပြုဆဲသံဃာနှင့် စပ်ဆိုင်လျက် ဆိုရာဖြစ်၍ အဋ္ဌကထာနှင့်ပင် မညီရကား မသင့်။

     ဝိမတိ ဝိနယာလင်္ကာရတို့၌ ဥဒကုက္ခေပ သုံးပါးရှိရာ ဒုတိယ ဥဒကုက္ခေပ ဥပစာရရှိလျှင် ကံပျက်၏ဟုဆို၏။ ကံပြုဆဲ သံဃာနှစ်သင်းဖြစ်လျှင် မှန်ပေရာ၏။ ဒုတိယဥဒကုက္ခေပရှိ ရဟန်း ကံပြုဆဲမဟုတ်လျှင် မသင့်။ ဤ၌ -

     (၁) သီမာပေက္ခစိတ်ရှိမှ ဥဒကုက္ခေပသိမ်ဖြစ်၏။ တစ်ဝါဒ။

     (၂) ကံပြုဟုတ်မဟုတ် ရေတွင် ရဟန်းဆင်းလျှင် သိမ်ဖြစ်၏။ တစ်ဝါဒ။

     (၃) ရေတစ်ကျ သဲတစ်ကျမှ သိမ်ဖြစ်သည်။ တစ်ဝါဒ။

     (၄)အလိုလို ဘုရားခွင့်ပြုသည်မှစ၍ အမြဲဥဒကုက္ခေပ တစ်ခုစာစီ သိမ်ဖြစ်နေ၏။ တစ်ဝါဒ။

     (၅)ဝဂ္ဂကမ္မမှုကို စောင့်ရှောက်မှုနှင့် စပ်၍ ဟောတော်မူသော ကြောင့် ကံပြုဆဲမှ သိမ်ဖြစ်၏။ တစ်ဝါဒ။

     (၆) မြစ်ထဲ၌ ကံဆောင်မည်ဆင်းလျှင် ဤနေရာသိမ်ပဲဟု နှလုံးသွင်းလျှင် သိမ်ဖြစ်၏။ တစ်ဝါဒ။

     ထို (၆)ဝါဒတို့တွင် ပဌမဝါဒကား ဝိမတိ ဝိနယာလင်္ကာရတို့ ဝါဒ ဖြစ်သည်။

     ဒုတိယဝါဒကား ဝိမတိလာ အပရေဝါဒ ငါတို့ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်တို့ ဝါဒ။

     တတိယဝါဒကား သီဟိုဠ်ကျွန်းရေး သီမာဝိနိစ္ဆယကျမ်း။ ပြည်မြို့ရေး သီမာဝိသောဓနီဆရာတို့ ဝါဒတည်း။

     စတုတ္ထဝါဒကား တိပိဋကပကိဏ္ဏကဒီပနီလာ ဝါဒ။

     ပဉ္စမဝါဒကား ဝဇိရဗုဒ္ဓိလာ အာစရိယဝါဒ။

     ဆဋ္ဌမဝါဒကား ကျေးဇူးရှင် ကျီဝန်ဆရာတော် နှင့် ဗန်းမော်ဆရာတော်တို့ ဝါဒ။

     ဤသို့ ဝါဒခြောက်မျိုး ကွဲပြား၏။

     ထိုသို့ကွဲပြားရာ ပဌမဝါဒမှာ ပါဠိ အဋ္ဌကထာ ဋီကာတို့၌ သီမာ ပေက္ခ အရိပ်မထင်။ လှေသွားဆဲ ကံပြုဆဲ ကံပြုရာ သီမာပေက္ခစိတ် မရှိနိုင်၍ အဋ္ဌကထာနှင့်မညီ။

     ဒုတိယဝါဒမှာ တတ္တကံယေဝ ပရိစ္ဆေဒံ -စသည်၌ ကံပြုဆဲ သံဃာ ကိုသာ အဋ္ဌကထာဆရာတို့ ဆိုသောကြောင့် လည်းကောင်း၊ ပါဠိအဋ္ဌကထာတို့၌ ဝဂ္ဂကမ္မနှင့်စပ်၍ ကံပြုဆဲသံဃာသာ လာသောကြောင့် လည်းကောင်း၊ ပါဠိအဋ္ဌကထာတို့နှင့်မညီ။

     တတိယဝါဒ၌ ဥဒကံ ဥက္ခိပိတွာ ခိပတိ ဧတ္ထာတိ ဥဒကုက္ခေပေါ-ဟု သတ္တမီ ဗဟုဗ္ဗီဟိ သမာသ်ပြု၌ ပရိစ္ဆိန္နံကို ပရိစ္ဆန္ဒိတုံ အရဟတိ ဖွင့်ရမည်။ ဋီကာတို့ကား မဖွင့်၊ ဤစကားဖြင့် ပိုင်းခြားထိုက်ရာ အရပ်အတွင်းသည် ဥဒကုက္ခေပသိမ် ဖြစ်၏။ ရေတစ်ကျ သဲတစ်ကျ ချမှ သိမ်ဖြစ်သည်မဟုတ်ရကား မသင့်။ ဂါမပဝေသန သိက္ခာပုဒ်ကိုလည်းထောက်ဟု ကျီဝန်ဆရာတော် မိန့်၏။

     သာသနာပိုင်ဆရာတော် ဦးဉေယျသည်လည်း အောက်နိုင်ငံသို့ သိမ်သမုတ်ကြွစဉ် မြစ်တစ်ခု၌ ဥပုသ်ပြုမည် စုဝေးရာ ဆရာတော်တစ်ပါးက ရေဖြင့်ပိုင်းခြားသည်ကို မြင်တော်မူသဖြင့် ငေါက်ငန်းကြောင်း၊ ရေသဲပစ်ချမှ ဥဒကုက္ခေပသိမ် ဖြစ်သည်ဟု မိစ္ဆာဝါဒ မဖြစ်ရမည်အကြောင်း မိန့်သည်ဟု ကျီဝန်ဆရာတော် မိန့်ဖူး၏။

     စတုတ္ထဝါဒမှာလည်း ဤသို့ ယူရာယူကြောင်း ပါဠိအဋ္ဌကထာ ဋီကာ အာဂုံယုတ္တိမရှိ။ ပါဠိတော်ရင်းမှာလည်း ကံပြုမှုနှင့်စပ်၍ လာရကား ပါဠိ အဋ္ဌကထာ ဋီကာတို့လာပုံနှင့် မညီ။

     ဆဋ္ဌမဝါဒမှာလည်း ပါဠိ အဋ္ဌကထာ အရိပ်အမြွက်မျှမထင် ယုတ္တိလည်းမရှိရကား အတ္တနောပတိမျှသာ။

     ပဉ္စမဝါဒသည်သာ ယုတ္တိတည်း။ အကြောင်းကား ပါဠိတော်ရင်း မှာ ကံကြီးကံငယ် ပြုဆဲအခါဖြစ်၍ ဝဂ္ဂကမ္မကို စောင့်ရှောက်စေခြင်းငှာ အပိုင်းအခြားထားကာမျှ ပညတ်တော်မူကာမျှ ဖြစ်သောကြောင့် လည်းကောင်း၊ အဋ္ဌကထာ အရပ်ရပ်၌ ကံပြုဆဲသံဃာသာ လာသောကြောင့်လည်းကောင်း၊ ဝဇီရဗုဒ္ဓိဋီကာနှင့် ညီသောကြောင့်လည်းကောင်းတည်း။