သိမ်မျိုးစုံမဟာဋီကာ/သိမ်နုတ်ရာ၌ သတိပြုဖွယ်

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၃၉။ သိမ်နုတ်ရာ၌ သတိပြုဖွယ်

     သမုတ်အပ်လတ္တံ့သော သိမ်နိမိတ်အတွင်းသို့ ဗဒ္ဓသိမ်ဟောင်း သည် တစ်တောင် တစ်ထွာ တစ်လက်သစ်အားဖြင့်သာလျှင် အပ၌ဝင်၍တည်ခဲ့သော် နိမိတ်ပ ၄-၅-၆-တောင် ကွာလှမ်း သော အရပ်တို့၌ လေးမျက်နှာပတ်လည် နုတ်ပြီးမှ သမုတ်ခြင်းသည်ကောင်း၏။ မနုတ်လျှင် မကောင်း။

     ထို့ ကြောင့် ဝိမတိဝိနောဒနီ၌-ဝိဟာရ ပရိက္ခေပဿ အန္တော အစရှိသော စကားကို မိန့်သတည်း။ ထိုစကား၌ သိမ်ဟောင်း ရှိမရှိ သိမှု မလိုလှ၊ တစ်ပါးနှင့်တစ်ပါး ဟတ္ထပါသ်ကို မစွန့်စေပဲ သင်္ကန်းစွန်းချင်းမျှလည်း မထိစေပဲ သိမ်တွင်းရှိ ရဟန်းများလည်း မကျန်စေပဲ သိမ်တွင်းသိမ်ပြင် ကူးယှက်သော ဝတ္ထုများလည်း မရှိစေပဲ၊ သိမ်နုတ် ကမ္မဝါစာ၊ သိမ်သမုတ်ကမ္မဝါစာတို့ကို ရွတ်ဖတ်သော် ထိုသိမ်ဟောင်း ရှိရာအရပ်၌ သံဃာနှင့်ကမ္မဝါစာကျလျှင် ထိုသိမ်ဟောင်း၌ ဝဂ္ဂကမ္မပြုသော ရဟန်းလည်းမရှိလျှင် ဘယ်မျှကျယ်သော်လည်း တစ်သိမ်လုံး တစ်ပြိုင်နက် ကျွတ်၏။ သိမ်အပြင် အရပ်သည် ဗဒ္ဓသိမ်ဟောင်းရှိခဲ့သော် ထိုသိမ်ဟောင်း၌ ရှိနေသော ရဟန်းကို မသိမ်းမိလျှင် ကံပျက်၏။ သတိပြုရာ၏။ ယခုကာလ၌ ခြေရာချင်း စပ်မိလောက်အောင်ပင် နုတ်ကြ၏။ သို့သော် ခြေရာချင်းစပ်မိလောက်အောင်သာ ဗဒ္ဓသိမ်ဟောင်း တည်ရှိသည်မဟုတ်၊ ညောင်စောင်းရာ ပမာဏ စသည်ဖြင့် လေးမျက်နှာ စပ်မိအောင်နုတ်လျှင် သင့်တော်လောက်ပြီ။ သို့သော် ဒဠှီကမ္မ သုကမ္မ စသည်ဖြစ်ခြင်းအကျိုးရှိသည်ဖြစ်၍လည်းကောင်း၊ ထာဝရသာသန ပဘိဋ္ဌာန သာသနမူလဘူတ ကံကြီးဖြစ်၍လည်းကောင်း ဤသို့ ဆရာစဉ် သမားစဉ် ရွတ်ဖတ်ကြသည်ကို အပြစ်မတင်အပ်။
     အဇ္ဈောတ္ထရဏာဒိဋီကာ ပြီး၏။
ဤတွင်၍ သိမ်မျိုးစုံမဟာဋီကာကျမ်းကြီး ပြီး၏။