သိမ်မျိုးစုံမဟာဋီကာ/သိမ်မျိုးစုံမဟာဋီကာ မြန်မာနိဂုံး

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၄၀။ သိမ်မျိုးစုံမဟာဋီကာ မြန်မာနိဂုံး

     မဟာသုဒဿနမြို့ကြီး၏ အရှေ့မျက်နှာ ယူဇနာနှစ်ဆယ်ကွာ ခြားသော အရပ်၌ အလျားအနံ ယူဇနာတစ်ရာရှိသော စိတ္တလတာ ဥယျာဉ်ကြီးအတွင်း အနှစ်တစ်ထောင်မှ တစ်ကြိမ်သီး သော နွယ် အရသာ စားလိုသော နတ်တို့ အနှစ်တစ်ရာကပင် ကပ်နှင့်ရသော အာသာဝတီ နွယ်ပင်ကြီးမှ နွယ်သီးအရသာကို စားရကုန်သော တာဝတိံသာ နတ်အပေါင်းတို့သည် မွန်မြတ်လှစွာသော အရသာဖြင့် ယစ်မူးမေ့လျော့ကုန်သည်ဖြစ်၍ လေးလတိုင်မှ အယစ်အမူး ပြေကြသဖြင့် သတိရကြကုန်သကဲ့သို့ -

     ပါဠိတော်မှ ထွက်သော အနက်အဓိပ္ပာယ် အမျိုးမျိုး။

     အဋ္ဌကထာမျိုးစုံမှ ထွက်သော အနက်အဓိပ္ပာယ် အမျိုးမျိုး၊

     ဋီကာမျိုးစုံမှ ထွက်သော အနက်အဓိပ္ပာယ် အမျိုးမျိုး။

     ဂန္ထန္တရမျိုးစုံမှ ထွက်သော အနက်အဓိပ္ပာယ် အမျိုးမျိုး။

     ရှေးရှေးသော ကျမ်းဂန်တတ်အကျော် ဆရာတော်ဘုရားကြီး တို့၏ ယူဆအပ်သော အနက်အဓိပ္ပာယ် အမျိုးမျိုး။

     အထူးထူးသော ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရ အာစရိယဝါဒတို့မှ ဉာဏ်စွမ်းရှိသမျှ အသားကုန်ထွက်အောင် ထုတ်ဖော်ဝေဖန် စိစစ်ပုံ။

     နာနာဂန္ထ နာနာဝါဒ ဝိစာရဏအမျိုးမျိုးတို့ဖြင့် သဗ္ဗညုမြတ်စွာ ဘုရား မျက်နှာတော်၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာတော်ကြီး မျက်နှာတော်များကို ငဲ့ကွက်၍ ကိုယ်၏ပင်ပန်းခြင်း၊ စိတ်၏ပင်ပန်းခြင်းကို အလေးမပြုပဲ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၄-မြို့ဂိုဏ်းချုပ်၊ သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်၊ ဤဘွဲ့တံဆိပ်တော် ၃-တန်ကို ပရိယတ်ဂုဏ်၊ ပဋိပတ်ဂုဏ်သက်သက်ကြောင့် အလှူတော်ခံရသော၊ ၄-မြိုဂိုဏ်းချုပ် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဘွဲ့ခံ ငါသည် ရေးသားစီမံအပ်သော သိမ်မျိုးစုံမဟာဋီကာကျမ်းကြီးသည် တောင်ဇမ္ဗုဒီပါ ကျွန်းကြီးတစ်ခုလုံး၌ ကမ္ဘာဦးအခါ အရသာမျိုးစုံ ရတနာမျိုးစုံ ဝတ္ထုမျိုးစုံ လိုရာပြီးစေနိုင်သော ပဒေသာပင်ကြီးပမာ သိမ်အရာ ခက်ခဲနက်နဲခြင်းရှိလေသမျှ လိုရာမတ ရနိုင် ယူဆနိုင်ကြသဖြင့် ပညာရှိသူတော်စွာတို့မှာ နမူနာ ပုံစံကြီးတစ်ခု ဖြစ်ရစ်ပေလိမ့်သတည်း။
     သိမ်မျိုးစုံမဟာဋီကာ မြန်မာနိဂုံး ပြီး၏။