သိမ်မျိုးစုံမဟာဋီကာ/ဝိသုံဂါမကို သာဓကနှင့်ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၇။ ဝိသုံဂါမကို သာဓကနှင့်ပြခန်း

     ဝိသုံဂါမသိမ်ဟူသည် တစ်ခုသောရွာ,နိဂုံး,မြို့နယ်ကြီး အတွင်း၌ တစ်ခုသော မြေအရပ်ကွက်ကို နယ်လေးရပ်တို့၌ သတ်မှတ်ပိုင်းခြား၍ ဤမြေအရပ်သည် ရွာသီး,နိဂုံးသီး,မြို့သီး,နယ်သီး ဖြစ်စေဟု ရေမြေကို အစိုးရသော မင်းကဖြစ်စေ၊ ထိုမင်းထံမှ ယင်းသို့ ပိုင်းခြား၍ ပေးနိုင်သော အာဏာ ဌာနန္တရကို ရရှိသော မှူးမတ်တို့ကဖြစ်စေ မြို့ ,နိဂုံး, ရွာ,နယ်သီး ပြုလုပ်ခဲ့သော် ထိုအရပ်ကွက်သည် အသီးသော ဂါမသိမ်တစ်ခုဖြစ်၏။ ပါဠိဘာသာအားဖြင့် ဝိသုံဂါမမြေခေါ်၏။ ဆိုအပ်ပြီးသော မင်းစိုးရာဇာတို့က မိမိတို့ပိုင်နယ်အတွင်း မည်သည့် နေရာမဆို၊ ဆိုအပ်ပြီးသော နည်းလမ်းအတိုင်း ပိုင်းခြားခဲ့လျှင် ဝိသုံဂါမဖြစ်သည်ချည်း။

     ဘိုးတော်ဘုရား လက်ထက်၌ ဆရာတော် ဦးဗုဓ်၏တိုက်က ဦးပဉ္စင်းတစ်ပါးကို မိဖုရားမယ်နုက ရဟန်းခံပုံကို သိမြင်လို၍ နန်းတော်တွင် ဝိသုံဂါမ,ခံစေပြီးလျှင် ရဟန်းခံဖူးကြောင်း ဆရာစဉ်ဆက် ကြားရဖူး၏။ သီပေါမင်းတရား လက်ထက်မှာလည်း ထို့အတူ နန်းတော်ပေါ်တွင် ဝိသုံဂါမ ခံစေပြီးလျှင် ရဟန်းခံဖူးကြောင်း၊ ထိုရဟန်းကို တို့ကိုယ်တိုင် တွေဖူး၏။ စံကျောင်း ဆရာတော်ဘုရားကြီး ရေးသားအပ်သော ထိုစာတမ်းသည် ငါတို့လက်တွင်ရှိ၏။

ထို့ကြောင့် ဝိနည်းမဟာဝါအဋ္ဌကထာ (၃၃၃) ၌ -
     ယမ္ပိ ဧကသ္မိံယေဝ ဂါမခေတ္တေ ဧကံ ပဒေသံ ‘‘အယံ ဝိသုံ ဂါမော ဟောတူ’’တိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ, သောပိ ဝိသုံဂါမသီမာ ဟောတိယေဝ -ဟု မိန့်တော်မူသတည်း။