သိမ်မျိုးစုံမဟာဋီကာ/တားမြစ်မှု ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၃၆။ တားမြစ်မှု ပြခန်း

     သုဏာတု မေ အစရှိသည်ဖြင့် ဉတ်ကမ္မဝါစာ ရွတ်ဖတ်မှု၊ ကံ ပြုဆဲအခါ ထိုပရိသတ်တွင် ပါဝင်သော ရဟန်း တစ်ပါးပါးက ထိုထိုကံကို တားမြစ်ခဲ့သော် ဝိပတ္တိဖြစ်၏၊ တားမြစ်သူမရှိ ပြီးစီးသွားလျှင် သမ္ပတ္တိဖြစ်၏။ တားမြစ်ဆိုသည်မှာလည်း ဤကံကို မပြုကြပါလင့်၊ ပြု၍မတော်၊ မသင့်၊ ပြုသည်ကို ငါတို့မကြိုက်၊ ငါတို့ သဘောမတူ ငါတို့ သဘောမကျ၊ ဉတ်ကမ္မဝါစာ ရွတ်ဖတ်ပုံ ငါတို့ သဘောမကျ၊ ဤသို့စသော စကားဖြင့် တားမြစ်ခဲ့သော် ပြစ်တင်ကဲ့ရဲစကား ပြောဆိုခဲ့သော် အများကြားအောင် မပြော၊ မိမိအနီး၌ ရှိသောသူချင်းချင်း စကားပြောဆိုစေကာမူ ကောင်းသောစိတ်ဖြင့် ပြောသည်ဖြစ်စေ မကောင်းသော စိတ်ဖြင့် ပြောသည်ဖြစ်စေ ထိုပြုဆဲကံ ပျက်သည်သာ။ တားမြစ်ခြင်းနှင့် တိုက်ဆိုင်သော ဉတ်ကမ္မဝါ အကြိမ် အကုန်ပျက်၏။ ဆုံးအောင်ဖတ်၍ သွားသော်လည်း အကျိုးမရှိပြီ။ တားမြစ်သူနှင့် အကျိုးအကြောင်း ပြောဆိုပြီးမှ သုဏာတုက ပြန်၍ဖတ်ရမည်။ နှစ်ပါး သုံးပါး ပြိုင်တူ ယခုကာလကဲ့သို့ ဖတ်ရာ၌ တစ်ပါးပါးက နောက်ကျနေ၍ဖြစ်စေ၊ စာပျောက်နေ၍ဖြစ်စေ ရပ်ပါဦး ဆိုင်းပါဦး စသည်ဖြင့် ပြောဆိုသည်များပင် တားမြစ်ခြင်းပဋိက္ကောသနဖြစ်ကြောင်း စံကျောင်းဆရာတော်ဘုရားကြီး စသောဆရာတော်ကြီးများ ယူတော်မူကြ၏။ (မဟာဝါ စမ္ပေယျက္ခန္ဓက၊ စူဠဝါ သမထက္ခန္ဓက၊ ပရိဝါ ကမ္မက္ခန္ဓက၊ ကင်္ခါ၊ ဝိနယသင်္ဂဟ-ပါဠိ အဋ္ဌကထာ ဋီကာ လာသည်ချည်း။)
     ပဋိက္ကောသနဋီကာ သမတ္တာ။