သိမ်မျိုးစုံမဟာဋီကာ/ဆန္ဒ ပါရိသုဒ္ဓိ ပဝါရဏာ ပေးပုံပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၃၅။ ဆန္ဒ ပါရိသုဒ္ဓိ ပဝါရဏာ ပေးပုံပြခန်း

     ပကတတ်ရဟန်း လေးပါးမှတပါး ထိုနေရာ၌ ကြွင်းကျန်သော ရဟန်းတို့သည် ထိုကံ၌ ဆန္ဒပေးထိုက်သော ရဟန်းတို့မည်ကုန်၏။ ထိုရဟန်းတို့၏ ဆန္ဒသည် ကံပြုသံဃာတို့၏ အထံသို့ မလာမရောက်ငြားအံ့၊ ဝဂ္ဂကံဖြစ်၍ ဝိပတ္တိဖြစ်၏။ လာရောက်ငြားအံ့၊ သမ္ပတ္တိဖြစ်၏။ ဟတ္ထပါသ်အတွင်းသို့ လာရောက်သည်ကို ကာယသာမဂ္ဂီ၊ ဟတ္ထပါသ်တွင်းသို့ မလာရောက်သော်လည်း ဆန္ဒပေးခြင်း၊ ပါရိသုဒ္ဓိပေးခြင်း၊ ပဝါရဏာ ပေးခြင်းတို့ဖြင့် နေသောရဟန်းတို့၏ ဆန္ဒပေးခြင်းစသည်ကို စိတ္တသာမဂ္ဂီ ဆိုသည်။

ဆန္ဒပေးလိုမူ -
     ဆန္ဒံ ဒမ္မိ၊ ဆန္ဒံ မေ ဟရ၊ ဆန္ဒံ မေ အာရောစေဟိ -

ဟု သုံးကြိမ်ဆို၍ ပေးရမည်။ ယင်း ဆန္ဒပေးမှုသည် ကိုယ့်တွက်မဟုတ်၊ သံဃာတွက်သာဖြစ်သည်။ ဆန္ဒမပေးဘဲ ထိုသိမ်မှ ဟတ္ထပါသ်ကင်း၍ နေလျှင် ထိုသံဃာတို့ ပြုအပ်သမျှ ကံသည် ဝဂ္ဂကံဖြစ်၍ ပျက်စီး၏။ ပါရိသုဒ္ဓိပေးခြင်းနှင့် ပဝါရဏာပေးခြင်းတို့မှာ မိမိဥပုသ် ပြုခြင်း ပဝါရဏာ ပြုခြင်းနှင့်တကွ သံဃာ့ကံအတွက်ပါ နှစ်မျိုးစုံ ကိစ္စပြီးစီး၏။

     ပါရိသုဒ္ဓိံ ဒမ္မိ၊ ပါရိသုဒ္ဓိံ မေ ဟရ၊ ပါရိသုဒ္ဓိံ မေ အာရောစေဟိ -

ဟု သုံးကြိမ်ဆို၍ ပါရိသုဒ္ဓိပေးလေ၊ ယူသောရဟန်းက အာမ ဘန္တေ ဆိုရမည်။

     ပဝါရဏာ ဒမ္မိ၊ ပဝါရဏာ မေ ဟရ၊ ပဝါရဏာ မေ အာရောစေဟိ၊ မမတ္ထာယ ပဝါရေဟိ-ဟု သုံးကြိမ်ဆို၍ ပေးရမည်။ အာမ ဘန္တေ - ဆိုပုံ ရှေးအတူ။

     ဆန္ဒစသည်ကို ယူသောရဟန်းသည် ထိုဆန္ဒစသည် ပေးလိုက်သော ရဟန်းထံမှ သွားသည်ရှိသော် သိမ်အပြင် သံဃာ့ဘောင် နှစ်တောင့်ထွာ ဟတ္ထပါသ်တွင်းသို့ရောက်ရာ။ ထိုဆန္ဒ-စသည်ကို သံဃာတော်တို့ထံ လျှောက်ထားရမည်။

လျှောက်ထားပုံကား -
     သီလဝံသနာမေန ဘိက္ခုနာ ဆန္ဒော ဒိန္နော -
ဟူ၍လည်း ကောင်း၊

     သီလဝံသနာမေန ဘန္တေ ဘိက္ခုနာ ပါရိသုဒ္ဓိ ဒိန္နာ -
ဟူ၍ လည်းကောင်း

     သုံးကြိမ်စီဆို၍ ဆန္ဒ , ပါရိသုဒ္ဓိတို့ကို လျှောက်ထားရမည်။ သံဃာတော်တို့ကလည်း သာဓု - ခေါ်ကြရသည်။

               ဆန္ဒ ပါရိသုဒ္ဓိ တို့ကို လျှောက်ထားပုံ ပြီး၏။

ဆန္ဒ၊ ပဝါရဏာ လျှောက်ထားပုံကား -
     သီလဝံသနာမေန ဘန္တေ ဘိက္ခုနာ ပဝါရဏာ ဒိန္နာ -

ဟု သုံးကြိမ်ဆို၍ လျှောက်ထားရမည်။ ဆန္ဒကား ရှေးအတိုင်း၊ ဤသို့လျှောက်ထားပြီးနောက် ပဝါရဏာယူလာသော ရဟန်းက ပဝါရဏာ ပေးလိုက်သော ရဟန်း၏ကိုယ်စား -

     သီလဝံသော ဘန္တေ ဘိက္ခု သံယံ ပဝါရေတိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ၀ဒတု တံ သံဃော အနုကမ္မံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာတိ -

ဟု သုံးကြိမ်ဆို၍ ပြုရမည်။ သံဃာ့ဥပုသ်ကံဖြစ်လျှင် ဆန္ဒ, ပါရိသုဒ္ဓိစုံပေးခြင်း၊ သံဃပဝါရဏာကံမှာ ဆန္ဒ, ပဝါရဏာအစုံပေးခြင်းသည် သင့်မြတ်သည်။ ဤ ဆန္ဒဆောင်ခန်း၌ အချို့ဆရာတော်တို့က သံဃာစည်းဝေးပြီးနောက် တစ်ခုသော သိမ်အပြင် စသည်၌ သံဃာလေးပါး ငါးပါးစသည်ရှိပြီးမှ သံဃာ့ထံကသာ သွား၍ ဆန္ဒယူရမည်။ သံဃာ့ထံက သွား၍မယူ၊ သံဃာမစည်းဝေးမီ တစ်ခြားတစ်ပါးက ယူလာခဲ့လျှင် ဆန္ဒယူခြင်း လျှောက်ထားခြင်း မမြောက်၊ ကံပျက်၏ဟု ယူကြ၏။ အချို့သော ဆရာတော်တို့ကလည်း ဆန္ဒယူခြင်းမှာ သံဃာမစည်းဝေးမီက ယူလာသော်လည်း သုံးယူဇနာရှိသော သိမ်သမုတ်ခန်း စသည်တို့၌ သံဃာ့ထံက သွား၍ယူဖို့ ခဲယဉ်းသည်ကို ထောက်၍ ဆန္ဒယူခြင်း လျှောက်ထားခြင်း မြောက်၏၊ ကမ္မသမ္ပတ္တိ ဖြစ်၏ဟု ယူကြ၏။

ကင်္ခါဝိတရဏီ အဋ္ဌကထာ (၉၅) ၌--
     ဥပေါသထကရဏတ္ထံ သန္နိပတိတေ သံဃေ ဗဟိ ဥပေါသထံ ကတွာ အာဂတေန သန္နိပတိတဋ္ဌာနံ ဂန္တွာ ကာယသာမဂ္ဂိံအဒေန္တေန ဆန္ဒော ဒါတဗ္ဗော။ ယောပိ ဂိလာနော ဝါ ဟောတိ ကိစ္စပ္ပသုတော ဝါ, တေနာပိ ပါရိသုဒ္ဓိံ ဒေန္တေန ဆန္ဒောပိ ဒါတဗ္ဗော-

ဟု မိန့်ဆိုသောကြောင့် လည်းကောင်း၊ ဆန္ဒပေးခြင်း လျှောက်ထားခြင်းများသည် သံဃာ့ကံနှင့် စပ်သောအရာမှာသာ လာသောကြောင့်လည်းကောင်း၊ ဂရုက လဟုက နှစ်ဌာနတို့တွင် ဂရုကဖြစ်သောကြောင့်လည်းကောင်း၊ ဥပေါသထကရဏတ္ထံ - ပုဒ်ကို သန္နိ ပတိတေ-၌ စပ်ရသောကြောင့်လည်းကောင်း၊ သန္နိပတိတေ-ဟူသော ပုဒ်၌ တ,ပစ္စည်းသည် ဥပုသ်အိမ်သိမ်အပြင်၌ သံဃာဟော အတီတ,ဝါစကပုဒ်သာ ဖြစ်သင့်သောကြောင့်လည်းကောင်း၊ ဥပေါသထံ ကတွာ-ဟု သာမန်ဆိုသော်လည်း တစ်ပါးအခြားသော သိမ်ဟူသော အပဟော ဗဟိသဒ္ဒါ ပါဌသေသ ဖြစ်သင့်သောကြောင့်လည်းကောင်း၊ အာဂတေန-နောင် ဘိက္ခုနာ ပါဌ်ကြွင်းထည့်၍ ရဟန်းသည် တစ်စုံတစ်ခုသော အကြောင်းကြောင့် ကာယသာမဂ္ဂီကို မပေးနိုင်သော် ဆန္ဒပေးရမည် ဖြစ်သောကြောင့်လည်းကောင်း ပထမဝါဒသည် သင့်သကဲ့သို့ ထင်သတည်း။ ။

ဆန္ဒဒါနဋီကာ သမတ္တာ။