သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄။ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း
326960ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၄။ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်ခံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း

[edit]

သုဒ္ဓေါဒနမင်းကြီးသည် သားတော် သိဒ္ဓတ္ထကို စကြာမင်းသာ ဖြစ်စေချင်သည်။ ဘုရားဖြစ်သွားမည်ကို အလွန်စိုးရိမ်တော်မူ၏။ ထို့ကြောင့် နန်းတော်တွင်း၌ ပျော်ရွှင်အောင် စည်းစိမ်အမျိုးမျိုး ဖန်တီးပေးထား သည်။ ဥယျာဉ်ကြီးများ၊ ရေကန်ကြီးများကိုလည်း တည်ဆောက်ပေးထားသည်။ ထို့ပြင် ဆောင်းရာသီတွင် စံမြန်းရန် ရမ္မနန်းဆောင်၊ မိုးရာသီတွင် စံမြန်းရန် သုဘနန်းဆောင်နှင့် နွေရာသီတွင် စံမြန်းရန် သုရမ္မ နန်းဆောင်ကို လည်း ဆောက်လုပ်ပေးထားသည်။

သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်သား အရွယ်တွင် အတတ်ပညာအမျိုးမျိုးကို တတ်မြောက် ကျွမ်းကျင်လာခဲ့သည်။ ဘုရင်ကြီးသည် သားတော်အား ကပိလဝတ်ထီးနန်းကို လွှဲအပ်ပြီး ဘုရင်အဖြစ် တင်မြှောက်ခဲ့၏။ သိဒ္ဓတ္ထ မင်းသားသည် ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသောဓရာကို မိဖုရားခေါင် အဖြစ် တင်မြှောက်၍ ထီးနန်း စည်းစိမ်ကို ပျော်ရွှင်စွာ စံစားတော်မူခဲ့သည်။

အလောင်းတော်မင်းသားသည် ထီးနန်းစည်းစိမ်ကို စံစား၍ အချိန်ကြာမြင့်လာသောအခါ ဘဝအပေါ် လေ့လာ စူးစမ်းတတ်လာခဲ့သည်။ ထိုအချိန်တွင် အလောင်းတော်မင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို မြင်တွေ့ခဲ့၏။ ပထမနိမိတ်ကြီးသုံးပါးကို မြင်ရစဉ် သက်ရှိသတ္တဝါအားလုံး ဒုက္ခနှင့် မကင်းနိုင်ပုံကို ဆင်ခြင်မိသည်။ ကြည်ညိုဖွယ်ရာ ရဟန်းကို မြင်တွေ့ရသောအခါ လူ့ဘဝ၏ ဆင်းရဲဒုက္ခများ အဆုံးသတ်နိုင်မည့် လမ်းကို ရှာဖွေလိုစိတ် ဖြစ်ပေါ်လာသည်။ ထိုသို့ဖြစ်ပေါ်နေစဉ် ယသောဓရာမိဖုရားက သားတော်လေးတစ်ပါးကို ဖွားမြင်လေသည်။

ကြင်ရာတော် ယသောဓရာနှင့် သားတော်လေးတို့အတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရား များကို သိမြင်သော်လည်း မိသားစု၏ ကောင်းကျိုးထက် လောကကောင်းကျိုးကို ထမ်းဆောင်ရန် ဆုံးဖြတ်တော်မူခဲ့သည်။ ထို့ကြောင့် သက်တော် ၂၉ နှစ်အရွယ်တွင် ကဏ္ဍကမြင်းကို စီးကာ ဆန္နအမတ်နှင့် အတူ တောထွက်တော်မူခဲ့သည်။ ထိုအခါ ဘုရားအလောင်းကို တောမထွက်ရန် မာရ်နတ်က တားဆီးခဲ့ ၏။ သို့သော် ဘုရားအလောင်းသည် မာရ်နတ်၏ နှောင့်ယှက်တားမြစ်မှုကို အနိုင်ယူ ကျော်ဖြတ်ကာ အနော်မာမြစ်ကမ်းသို့ ရောက်ရှိခဲ့သည်။ အနော်မာမြစ် တစ်ဘက်ကမ်းတွင် ဆံတော်ကိုပယ်၍ ရှင်ဘုရင်ဝတ်စုံကို ပယ်စွန့်ကာ ဃဋိကာရဗြဟ္မာ ကပ်လှူအပ်သော သင်္ကန်းကို လဲလှယ်ဝတ်ဆင်တော်မူခဲ့သည်။ ဘုရားအလောင်းတော်သည် အဆင်တန်ဆာထုပ်ကို ဆန္ဒအမတ်အား ပေးအပ်ကာ နန်းတော်သို့ ပြန်လွှတ်ခဲ့၏။ ထိုအချိန်မှစ၍ ဘုရားအလောင်းတော်သည် တောထဲတွင် အမှန်တရားနှင့် ငြိမ်းချမ်းရေးအတွက် တရားရှာသည့် ခရီးစဉ်ကို စတင်တော်မူခဲ့သည်။