သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝ

From Wikisource
Jump to navigation Jump to search
326959ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၃။ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝ

[edit]

ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဆယ်ပါး၊ စွန့် ခြင်းကြီး ငါးပါးတို့ကို ဖြည့်ကျင့်တော်မူလျက် ဘုရားဖြစ်ရန် မနားမနေ အားထုတ်တော်မူခဲ့သည်။ ဘုရား ဖြစ်မည့်ဘဝတွင် ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန၏ မိဖုရားခေါင်ကြီး မာယာဒေဝီ၏ ဝမ်းဗိုက်၌ ပဋိသန္ဓေ တည်နေခဲ့၏။ ဆယ်လစေ့သောအခါ မာယာဒေဝီသည် ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့သည်။ ဘုရားအလောင်းတော်သည် ဖွားမြင်ပြီးလျှင်ပြီးချင်း မြောက်အရပ်သို့ ခြေလှမ်း ခုနစ်လှမ်း လှမ်းကာ “လောကတွင် ငါသာအမြတ်ဆုံး၊ လောကတွင် ငါသာ အကြီးဆုံး၊ လောကတွင် ငါသာ အချီးမွမ်းအပ်ဆုံး”ဟူသောစကား ကြီး သုံးခွန်းကို ကြွေးကြော်ခဲ့၏။

ထိုအခါက ဘုရင်သုဒ္ဓေါဒနသည် အသိတဟုခေါ်သော တန်ခိုးကြီးသည့် ကာဠဒေဝီလရသေ့ကြီးကို ကိုးကွယ်လျက်ရှိ၏။ ရသေ့ကြီးသည် မင်းသားလေး မွေးဖွားသည့် သတင်းကို ကြားသဖြင့် နန်းတော်သို့ ကြွလာခဲ့သည်။ ဘုရင်ကြီးသည် သားတော်လေးကို ခေါ်လာကာ ရသေ့ကြီးကို ဦးချစေ၏။ သို့သော် သား တော်လေး၏ ခြေတော်အစုံသည် ခုန်ပျံမြောက်တက်၍ ရသေ့ကြီး၏ ဦးခေါင်းထက်၌ တည်နေ လေသည်။ အနာဂတ်ကို ကြိုတင်သိမြင်သော ရသေ့ကြီးသည် မင်းသားငယ်လေးကို လက်အုပ်ချီမိုး ရှိခိုး ဦးချ၏။ ဘုရင်ကြီးလည်း မနေနိုင်တော့ဘဲ သားတော်လေးကို ပထမဆုံးအကြိမ် ရှိခိုးဦးချလေသည်။

မွေးဖွားပြီး ငါးရက်မြောက်နေ့၌ မင်းသားလေးကို “သိဒ္ဓတ္ထ”ဟု အမည်ပေးခဲ့ကြ၏။ “သိဒ္ဓတ္ထ”ဟူသည် “အကျိုးစီးပွားကို ပြီးမြောက်စေသူ”ဟု ဆိုလို၏။ ဗေဒင်လက္ခဏာ ကျွမ်းကျင်သော ပညာရှိပုဏ္ဏား များက “မင်းသားလေးသည် လူ့ဘဝဖြင့်နေလျှင် စကြာမင်း ဖြစ်လိမ့်မည်၊ တောထွက်၍ ရဟန်းပြုလျှင် ဘုရား ဖြစ်လိမ့်မည်”ဟု စကားနှစ်မျိုး ပြောကြ၏။ ထိုပညာရှိ ပုဏ္ဏားတို့အနက် အသက်အငယ်ဆုံး ကောဏ္ဍည ပုဏ္ဏားကမူ လက်ညှိုးတစ်ချောင်းတည်း ထောင်ကာ “မင်းသားလေးသည် ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်”ဟု အတိအကျ ဟောပြောလိုက်လေသည်။

မာယာဒေဝီသည် ဘုရားအလောင်းမယ်တော်တို့၏ ဖြစ်မြဲထုံးစံအတိုင်း အလောင်းတော်ကို မွေးဖွား ပြီးနောက် ခုနစ်ရက်မြောက်နေ့၌ နတ်ရွာစံခဲ့၏။ ထိုအခါ မာယာဒေဝီ၏ ညီမတော် မဟာပဇာပတိဂေါတမီ သည် ဘုရားအလောင်းတော်အား သားအရင်းပမာ ပြုစုစောင့်ရှောက်ခဲ့သည်။

တစ်နေ့တွင် သုဒ္ဓေါဒနမင်းကြီးနှင့် မင်းညီမင်းသားတို့သည် မင်းသားလေးကို အထိန်းတော်များနှင့် ထားခဲ့ပြီး နှစ်စဉ် ကျင်းပမြဲဖြစ်သော လယ်ထွန်မင်္ဂလာပွဲကို ဆင်နွှဲနေလေသည်။ အထိန်းတော်တို့ကလည်း မင်းသားလေးကို (ဇမ္ဗူ) သပြေပင်အောက်၌ သိပ်ထားပြီး လယ်ထွန်မင်္ဂလာပွဲကို ကြည့်ကြရာ မင်းသား လေးကို မေ့လျော့နေကြ၏။ ထိုအခါ မင်းသားလေးသည် တင်ပျဉ်ခွေထိုင်ကာ ထွက်သက် ဝင်သက်ကို သတိဖြင့် ရှုမှတ်၍ နေလေသည်။ ထိုကြည်ညိုဖွယ် အမူအရာကို အထိန်းတော်တို့ တွေ့မြင်သွားသောအခါ သုဒ္ဓေါဒနမင်းကြီးထံ သတင်းပို့ကြ၏။ ဘုရင်ကြီးသည် သားတော်လေး၏ ထူးခြားသော အမူအရာ ကို အလွန်အံ့သြသွားပြီး ဒုတိယအကြိမ် ရှိခိုးဦးချလေသည်။