ဘုရားဖြစ်တော်မူခြင်း -စ

From Wikisource
Jump to navigation Jump to search
326961ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၅။ ဘုရားဖြစ်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

ဘုရားဖြစ်တော်မူခြင်း[edit]

ဘုရားအလောင်းတော်သည် နန်းတော်ထဲတွင် နေစဉ်က အကောင်းဆုံး အစားအသောက်၊ အသုံးအဆောင်များကိုသာ စားသောက်သုံးဆောင်ခဲ့ရ၏။ တောထွက်တော်မူပြီးနောက်၌ကား ရသမျှဖြင့် တင်းတိမ်ရောင့်ရဲတော်မူရသည်။ ယခင်က ရွှေနန်းသုံးဆောင်၌ အထက်တန်းကျကျ စံမြန်းခဲ့ရသော်လည်း ယခုအခါ၌ကား သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌ ဆင်းရဲပင်ပန်းစွာ နေထိုင်အိပ်စက်ရသည်။

ထိုသို့နေထိုင်ကာ အမှန်တရားကို ရှာဖွေရင်း အာဠာရနှင့် ဥဒကဟူသော ရသေ့ကြီးနှစ်ပါးကို ဆည်းကပ်ခွင့်ရခဲ့၏။ ထိုရသေ့ကြီးများ ရရှိထားသော လောကီတရားထူးများကိုလည်း ရက်အနည်း ငယ်အတွင်း နည်းခံရရှိခဲ့၏။ ရသေ့ကြီးများက အလောင်းတော်ကို သဘောကျပြီး တပည့်ပရိသတ်များကို ဝိုင်းဝန်းအုပ်ချုပ်ပေးရန် ကမ်းလှမ်းကြသည်။ မိမိ၏ ရည်မှန်းချက် မပြည့်စုံသေး၍ ရသေ့ကြီးများ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။

ထို့နောက် ဥရုဝေလတောသို့ ကြွတော်မူကာ ဒုက္ကရစရိယာအကျင့်ကို ကျင့်သုံးခဲ့သည်။ ပဉ္စဝဂ္ဂီငါးဦး က အလောင်းတော်အား ပြုစုလုပ်ကျွေးကြ၏။ အလောင်းတော်သည် အစားအသောက်ကို ခြိုးခြံလွန်း ၍ အသားအရေများ တဖြည်းဖြည်း ညိုမည်းခြောက်သွေ့ လာကာ အရိုးနှင့် အရေသာ ကျန်ပြီး နောက်ဆုံး အာဟာရပြတ်၍ လဲကျသည်အထိ ဖြစ်ခဲ့သည်။

အလောင်းတော်သည် ထိုဒုက္ကရစရိယာ အကျင့်ကို ခြောက်နှစ်ကြာ ကျင့်တော်မူပြီးနောက် “ဤနည်းနဲ့ တရားထူးရနိုင်မှာ မဟုတ်”ဟု ဆင်ခြင်မိပြီး အစားအသောက် ပြန်လည် မှီဝဲသုံးဆောင်ကာ အလယ်အလတ်လမ်းစဉ်ကို ပြောင်း၍ ကျင့်သုံး၏။ ထိုအခါ ပဉ္စ၀ဂ္ဂီငါးဦးတို့က “ပြင်းပြင်းထန်ထန် ကျင့်သုံးမှုကို စွန့်ပယ်သွားပြီ၊ ဘယ်နည်းနဲ့မှ ဘုရားဖြစ်မှာ မဟုတ်တော့”ဟု ယူဆကာ အလောင်းတော်ကို စွန့်ခွာသွားကြလေသည်။

ကဆုန်လပြည့်နေ့ နံနက်စောစောအချိန်တွင် အလောင်းတော်သည် ညောင်ပင်အောက်၌ ထိုင်နေ တော်မူသည်။ ထိုအချိန်တွင် သုဇာတာသူဌေးသမီးသည် အလောင်းတော်ကို မိမိအား သားဆု ပေးသော နတ်မင်းဟု ထင်မှတ်ကာ ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်အတူ ကပ်လှူပူဇော်ခဲ့၏။ အလောင်းတော်သည် နေရဉ္စရာမြစ်ကမ်း၌ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီး “ယနေ့ ဘုရားဖြစ်မည် မှန်ပါက ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသတည်း”ဟု အဓိဋ္ဌာန်ပြုကာ မြစ်ထဲသို့ မျှောလိုက် လေသည်။ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွားလေသည်။

ထို့နောက် အလောင်းတော်သည် ညနေချမ်းအချိန်တွင် ဗောဓိညောင်ပင်သို့ ကြွတော်မူ၏။ လမ်း တွင် မြက်ထမ်းသမား သောတ္ထိယလှူဒါန်းသောမြက်ရှစ်ဆုပ်ကို ဗောဓိပင်ခြေရင်း၌ ကြဲဖြန့်ကာ “ဘုရား မဖြစ်သမျှ ကာလပတ်လုံး ဤနေရာမှ ငါမထတော့”ဟု အဓိဋ္ဌာန်ပြုကာ တရားအားထုတ်တော်မူခဲ့၏။

မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်၏ ရန်ကို အောင်မြင် တော်မူပြီး အရုဏ်တက်ခါနီး အချိန်တွင် “သိစရာမှန်သမျှကို အကြွင်းအကျန်မရှိ ကိုယ်တော်တိုင် သိမြင်သော ဘုရားရှင်”အဖြစ်သို့ ရောက်တော်မူခဲ့လေသည်။ (သဗ္ဗညုတရွှေဉာဏ်တော်ကို ရသည်နှင့် တစ်ပြိုင်နက် နေအရုဏ်လည်း တက်လေတော့သည်။)

အောင်ပွဲ[edit]

ဘုရားအလောင်းတော် မင်းသားဟာ၊ တရား ကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊ မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊ မေတ္တာနဲ့ တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား၊ တို့ရဲ့ မြတ်ဘုရား ။