သာသနာပြုစေလွှတ်တော်မူခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၆။ သာသနာပြုစေလွှတ်တော်မူခြင်း
326962ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၆။ သာသနာပြုစေလွှတ်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

သာသနာပြုစေလွတ်တော်မူခြင်း

[edit]

ဘုရားဖြစ်တော်မူပြီးနောက် ၄၉ ရက်မြောက်နေ့တွင် တပုဿနှင့် ဘလ္လိကဟူသော ကုန်သည် ညီနောင်တို့သည် ဘုရားရှင်အား မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်တို့ကို လှူဒါန်းခဲ့သည်။ မြတ်စွာ ဘုရားရှင်က ညီနောင်နှစ်ဦးတို့အား အနုမောဒနာတရား ဟောတော်မူသည်။ သူတို့သည် ဘုရားနှင့် တရားဟူသော ရတနာနှစ်ပါးကို ပထမဦးဆုံး ကိုးကွယ်ခွင့် ရခဲ့ကြသူများဖြစ်သည်။

ထို့နောက် ဘုရားရှင်သည် မိဂဒါဝုန်တောသို့ ကြွတော်မူကာ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာ တရားဦးဒေသနာတော်ကို ဟောတော်မူရာ အရှင်ကောဏ္ဍည သောတာပန်တည်သည်။ ထို့နောက် အနတ္တ လက္ခဏသုတ်တော်ကို ဟောကြားတော်မူရာ ပဉ္စဝဂ္ဂီငါးဦးလုံး ရဟန္တာဖြစ်ကြသည်။ ထိုအချိန်မှစ၍ သာသနာတော်၌ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါး ပြည့်စုံသွားလေသည်။

ထိုအချိန်တွင် သေနာနိဂုံးမှ သုဇာတာသူဌေးသမီး၏သား ယသသည် လောကစည်းစိမ်ကို ငြီးငွေ့ပြီး အိမ်မှ ထွက်ခွာလာရာ ဘုရားရှင်ရှိရာ မိဂဒါဝုန်တောသို့ ရောက်လာ၏။ ယသ၏ ဖခင်သူဌေးကြီးသည် သားဖြစ်သူကို လိုက်ရှာရင်း ဘုရားရှင်ထံရောက်လာ၏။ ဘုရားရှင်သည် ယသသူဌေးသားကို တန်ခိုးဖြင့် ဝှက်ထားပြီး သူဌေးကြီးကို တရားဟောတော်မူသည်။ တရားတော်အဆုံး၌ သူဌေးကြီး သည် သောတာပန်ဖြစ်လာခဲ့ပြီး ယသသည်ကား ရဟန္တာဖြစ်လာခဲ့သည်။ သူဌေးကြီးသည် ဘုရားရှင်ကို ဆွမ်းစားပင့်ကာ အိမ်သို့ပြန်သွားခဲ့သည်။

နောက်တစ်နေ့တွင် ဘုရားရှင်သည် ယသနှင့်အတူ သူဌေးကြီးအိမ်သို့ ဆွမ်းဘုဉ်းပေးရန် ကြွတော် မူသည်။ ထိုနေ့ ဆွမ်းကပ်ပွဲတွင် သူဌေးကတော်ကြီး သုဇာတာနှင့်အရှင်ယသ၏ ဇနီးဟောင်းတို့သည် ရတနာသုံးပါးကို ပထမဆုံး ကိုးကွယ်ဆည်းကပ်ခွင့်ရသည့် သောတာပန် ဒါယိကာမများ ဖြစ်လာခဲ့ ကြသည်။

အရှင်ယသ၏ သူငယ်ချင်း ၅၄ ယောက်တို့သည်လည်း အရှင်ယသကို အားကျပြီး ရဟန်းပြုကြရာ ရဟန္တာများ ဖြစ်လာကြသည်။ ဤသို့ဖြင့် ပဉ္စဝဂ္ဂီငါးဦး၊ အရှင်ယသ၊ အရှင်ယသ၏ သူငယ်ချင်း ၅၄ ပါး၊ စုစုပေါင်း ဘုရားရှင်၏ တပည့်သာဝက ရဟန္တာအပါး ၆ဝ အထိ ဖြစ်လာခဲ့သည်။

မြတ်စွာဘုရားရှင်သည် ဝါလကင်းလွတ် သီတင်းကျွတ်သောအခါ အရှင်မြတ်အပါး ၆၀ ကို ခေါ်တော်မူ၍ လောကကောင်းကျိုးအတွက် အရပ်ဒေသများစွာသို့ ခရီးလှည့်လည် တရားဟောကြရန် တိုက်တွန်းတော်မူသည်။ သာသနာပြုလုပ်ငန်း လျင်မြန်စွာ ကျယ်ပြန့်လာစေရန်အတွက် လမ်းခရီးတစ်ခု ကို တစ်ပါးတည်းသာ ကြွရောက်ကြရန် မိန့်ကြားပြီး သာသနာပြု စေလွှတ်တော်မူခဲ့သည်။