ကျင့်ကြံစရာ တရားရတနာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၇။ ကျင့်ကြံစရာ တရားရတနာ
326963ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၇။ ကျင့်ကြံစရာ တရားရတနာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇)

ကျင့်ကြံစရာ တရားရတနာ[edit]

ဖားနတ်သားလေး

တစ်ရံရောအခါ ဗုဒ္ဓဘုရားရှင်သည် စမ္မာပြည်ရှိ ဂဂ္ဂရာရေကန်အနီးဝယ် သီတင်းသုံးလျက် ရှင်လူအများအား တရားဟောတော်မူသည်။ ထိုစဉ် ကန်အတွင်း၌နေသော ဖားငယ်တစ်ကောင်သည် ရေကန်ထဲမှ ထွက်လာသည်။ ပရိသတ်အစွန် တစ်နေရာ၌ ဝပ်လျက် “ဤအသံသည် တရားတော်၏ အသံပင် ဖြစ်၏”ဟူ၍ အာရုံပြုကာ နာယူလျက်ရှိသည်။

ထိုအချိန်တွင် နွားကျောင်းသား တစ်ယောက်သည်လည်း တရားဟောရာအရပ်သို့ ရောက်လာပြီး ဝင်ရောက်၍ တရားနာယူလေသည်။ တရားနာရာ၌ သူသည် နွားမောင်းသည့် နှင်တံတုတ်ကို ထောက်ပြီး မတ်တတ်ရပ်လျက် နာယူသည်။ ထိုအခါ သူ၏နှင်တံတုတ်သည် ဖားငယ်၏ ဦးခေါင်းပေါ်သို့ မတော်တဆ ထောက်မိသွားသဖြင့် ဖားငယ်သည် ထိခိုက်ဒဏ်ရာရကာ ထိုနေရာမှာပင် သေဆုံးသွား ရှာသည်။

ဖားငယ်သည် တရားတော်၏ အနက်အဓိပ္ပာယ်ကို မသိ။ သို့ရာတွင် တရားတော်ကို အာရုံပြုလျက် ကြည်သာရွှင်လန်းသော စိတ်အစဉ်ရှိနေစဉ် သေဆုံးသွားသဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်သား ဖြစ်သွားလေသည်။ ရွှေဗိမာန်၌ နတ်သမီး အခြံအရံပေါင်းများစွာဖြင့် စံစားရသည့် မဏ္ဍ ကဒေဝပုတ္တ (ဖားနတ်သား) ဟူ၍ အမည်တွင်သည်။ ထိုဖားနတ်သားသည် အတိတ်ဘဝက ဖား သူငယ်ဖြစ်ခဲ့ပုံနှင့် ဘုရားရှင်၏ တရားတော်ကို နာခဲ့ရသဖြင့် ယခုကဲ့သို့ နတ်သားဖြစ်လာခဲ့ရပုံကို ဆင်ခြင်မိပြီး ဘုရားရှင်ကို သွားရောက်ဖူးမြော်သည်။

ဘုရားရှင်သည် ဖားနတ်သား၏ ဖြစ်ကြောင်းကုန်စင်ကို တန်ခိုးတော်ဖြင့် သိမြင်တော်မူပြီးဖြစ် သည်။ သို့ရာတွင် တရားနာပရိသတ်များ ထင်ရှားစွာ သိစေလိုသဖြင့် ဖားနတ်သားကို အကျိုးအကြောင်း မေးမြန်းသည်။ ဖားနတ်သားကလည်း ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားသည်။

ထိုအခါ ဘုရားရှင်သည် တရားနာခြင်း၏ အကျိုးကို ရှင်းလင်းဟောပြတော်မူသည်။ နိဗ္ဗာန် ရောက်ကြောင်း တရားကိုလည်း ဆက်လက် ဟောပြတော်မူသည်။ တရားအဆုံးတွင် ဖားနတ်သား သည် သောတာပန်တည်သွားသည်။ တရားနာပရိသတ်တို့လည်း ထူးမြတ်သော အကျိုးကျေးဇူးကို ခံစားရရှိလေသည်။

တရားဂုဏ်တော် ခြောက်ပါး[edit]

  1. သွာက္ခာတော ဘဂ၀တာ ဓမ္မော = ကောင်းမွန်စွာ ဟောတော်မူအပ်သော တရားတော်ဖြစ်သော ဂုဏ်။
  2. သန္ဒိဋ္ဌိကော = ကိုယ်တိုင်ကိုယ်ကျ သိမြင်သဘောပေါက်နိုင်သော ဂုဏ်။
  3. အကာလိကော = ချက်ချင်းလက်ငင်း အကျိုးပေးနိုင်သော ဂုဏ်။
  4. ဧဟိ ပဿိကော = လက်တွေ့လာကျင့်ကြည့်ပါဟု ဖိတ်ခေါ်ရဲသော ဂုဏ်။
  5. သြပနေယိကော = စိတ်ထဲ၌ အမြဲမပြတ် ဆောင်ထားအပ်သော ဂုဏ်။
  6. ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ = ပညာရှိတို့ တစ်ဦးချင်းစီ သိမြင်ခံစားအပ်သော ဂုဏ်။

ဖားနတ်သားလေး[edit]

ဖားကလေးတွေက ရွေ့ ရွေ့ခုန် တောအုပ်မြိုင်ကြီးစိမ်းစိုစို
ရဟန်းသူတော်တို့ သီတင်းသုံးရာ ဗုဒ္ဓမြတ်စွာ ကြွရောက်လာ
တရားရေအေး တိုက်ကာကျွေး
အေးမြစိတ်ကြည်သာ မြတ်စွာဘုရားရဲ့ သံသာသာ
တရားဟောစဉ်အခါ ဖားလိမ္မာလေး တစ်ကောင်ဟာ
စူးစိုက်နားထောင်ရှာ မတ်တတ်ရပ်လို့ တုတ်ထောက်ကာ
နွားကျောင်းသားလေးတရားနာ ဖားလိမ္မာလေး သနားစရာ
တုတ်နဲ့ထောက်မိကာ ဘုရားရှင်တရားရဲ့ သံသာသာ
ကြည်ညိုသဒ္ဓါပွားစဉ်မှာ သေဆုံးသွားတဲ့ ဖားလိမ္မာ
ဖားနတ်သားလေး ဖြစ်သွားတာ။