သိင်္ဂါလောဝါဒသုတ် မိတ်ဆက် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၃။ သိင်္ဂါလောဝါဒသုတ် မိတ်ဆက်(ကျောင်းသားကိုင်သို့)
348405ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၃။ သိင်္ဂါလောဝါဒသုတ် မိတ်ဆက်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

သင်ခန်းစာခေါင်းစဉ်။ ။ သိင်္ဂါလောဝါဒသုတ် မိတ်ဆက်

ယေဘုယျရည်ရွယ်ချက်။ ။ လူ့လောကတွင် ကြီးပွားတိုးတက်ရေး နည်းလမ်းများကို နားလည်ပြီး လက်တွေ့ကျင့်သုံးတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ သိင်္ဂါလောဝါဒသုတ် အကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့ ... တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ် ကဗျာလေးတွေကို ကြားဖူးလား၊ ရတဲ့သူရော ရှိလား၊ ဆိုပြပါ။

(အခြား သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ် စသော ကဗျာများကိုလည်း ရလျှင် ဆိုပြကြပါစေ။)

֍ ထို့နောက် ဆရာက “သားတို့သမီးတို့ ဆိုခဲ့တဲ့ ကဗျာလေးတွေဟာ မြတ်စွာဘုရားဟောခဲ့တဲ့ သုတ်တော် တစ်ခုကို အခြေခံပြီး စပ်ဆိုထားတာ ဖြစ်တယ်၊ အဲဒီသုတ်တော်ကတော့ သိင်္ဂါလောဝါဒသုတ်လို့ ခေါ်တယ်၊ သိင်္ဂါလသုတ်လို့လည်း အတိုကောက် ခေါ်ကြတယ်၊ အခု အဲဒီသုတ်တော်အကြောင်းကို လေ့လာကြည့်ရ အောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့လုပ်ငန်းပေးခြင်း။

(၄၀ မိနစ်)

֍ ဆရာက “ဘုရားဟောတရားစာတွေ လေ့လာသင်ယူတာဟာ ဘုရားရှင်ကို ပူဇော်ရာ ရောက်တယ်၊ ကောင်း ကျိုးအမျိုးမျိုးလည်း ရရှိနိုင်တယ်၊ ဒါကြောင့် မြတ်စွာဘုရား ဟောတော်မူတဲ့ သိင်္ဂါလောဝါဒသုတ် အကြောင်းကို လေ့လာကြရအောင်”ဟု ပြောပါ။

သိင်္ဂါလောဝါဒသုတ် မိတ်ဆက်

မြတ်စွာဘုရားသည် အိမ်ရာတည်ထောင် လူတို့ဘောင်တွင် နေသူများအတွက် လောကီအကျိုးစီးပွားများ ဖြစ်ပေါ်စေရန် လိုက်နာကျင့်သုံးသင့်သော တရားတော်များကို အခါအားလျော်စွာ ဟောကြားတော်မူ ခဲ့သည်။ ထိုတရားတော်များတွင် သိင်္ဂါလောဝါဒသုတ်သည် တစ်သုတ် အပါဝင်ဖြစ်သည်။ ထိုသုတ်တော်တွင် အိမ်ထောင်မှုရေးရာဝတ္တရားများ၊ လူမှုပေါင်းသင်းဆက်ဆံရေးဝတ္တရားများ၊ လောကီဆိုင်ရာ ကြီးပွားတိုးတက် ကြောင်းတရားများနှင့် ဆုတ်ယုတ်ကြောင်းတရားများကို အကျယ်တဝင့် ဟောကြားထားသည်။ ထို့ကြောင့် သိင်္ဂါလောဝါဒသုတ်ကို လူပုဂ္ဂိုလ်များအတွက် မြတ်ဗုဒ္ဓလမ်းညွှန်ခဲ့သော ဝိနည်းစည်းကမ်း (ဂိဟိဝိနယ)ဟုလည်း ခေါ်ကြသည်။

မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဤသိင်္ဂါလောဝါဒ သုတ္တန်ကို ဟောကြားတော်မူရန်အကြောင်း ဖြစ်ပေါ်လာသည်။ တစ်ခုသော နံနက်ခင်းအချိန်ဝယ် ဘုရားရှင်သည် ရာဇဂြိုလ်မြို့တွင်းသို့ ဆွမ်းခံကြွတော်မူသောအခါ စိုစွတ်သောအဝတ်ဖြင့် အရပ်မျက်နှာတို့ကို ရှိခိုးနေသနည်း”ဟုမေးတော်မူ၏။ ထိုအခါ သိင်္ဂါလသတို့သားက မြတ်စွာဘုရား အကျွန်ုပ်၏ဖခင်သည့် သိင်္ဂါလသတို့သားကို မြင်တော်မူသဖြင့် “သူကြွယ်သား... အဘယ့်ကြောင့် ဤကဲ့သို့ အရပ်မျက်နှာတို့ကို သေခါနီးအချိန်၌ အကျွန်ုပ်ကို “ချစ်သား ... သင်သည် အရပ်ခြောက်မျက်နှာတို့ကို ရှိခိုးလော့ဟု မှာကြားခဲ့ပါ၏။ အကျွန်ုပ်သည် ဖခင်၏ စကားကို ရိုသေလေးမြတ်ပူဇော်လျက် ဤကဲ့သို့ အရပ်ခြောက်မျက်နှာတို့ကို ရှိခိုးနေခြင်း ဖြစ်ပါ၏”ဟု ပြန်လည် လျှောက်ထားလေ၏။ ထိုအခါ ဘုရားရှင်က “လောက၌ အရိယာသူတော်ကောင်းတို့၏ အရပ်မျက်နှာတို့ကို ရှိခိုးခြင်းသည် သင်ရှိခိုးသကဲ့သို့ မဟုတ်၊ တစ်မျိုးတခြားဖြစ်သည်”ဟု မိန့်တော်မူ၏။ ထိုအခါ သိင်္ဂလသတို့သားက သူတော်ကောင်းတို့၏ အရပ်ခြောက်မျက်နှာရှိခိုးနည်းကို ဟောကြားညွှန်ပြပေးပါရန် တောင်းပန်လျှောက်ထားသဖြင့် သိင်္ဂါလောဝါဒသုတ္တန်ကို ဟောတော်မူသည်။

သိင်္ဂါလောဝါဒသုတ္တန်တွင် လောကလူသားတို့၏ အကျင့်သိက္ခာကို ညစ်နွမ်းစေတတ်သော ကာယကံ၊ ဝစီကံများ၊ မလိုက်စားအပ်သော အဂတိတရားလေးပါး၊ စည်းစိမ်ဥစ္စာပျက်စီးကြောင်းခြောက်ပါးနှင့် မပေါင်းသင်းအပ်သော မိတ်ဆွေတု၊ ပေါင်းသင်းအပ်သော မိတ်ဆွေစစ်တို့၏အကြောင်းကို ဖော်ပြထား၏။ ထို့အပြင် အရှေ့အရပ်ကို ကိုယ်စားပြုသည့် မိဘနှင့်သားသမီး၊ တောင်အရပ်ကို ကိုယ်စားပြုသည့် ဆရာနှင့်တပည့်၊ အနောက်အရပ်ကို ကိုယ်စားပြုသည့် ခင်ပွန်းနှင့်ဇနီး၊ မြောက်အရပ်ကို ကိုယ်စားပြုသည့် မိတ်ဆွေအချင်းချင်း၊ အောက်အရပ်ကို ကိုယ်စားပြုသည့် အလုပ်ရှင်နှင့်အလုပ်သမား၊ အထက်အရပ်ကို ကိုယ်စားပြုသည့် ရဟန်းနှင့် ဒါယကာ အသီးသီးတို့၏ လိုက်နာကျင့်ဆောင်ရမည့် ကျင့်ဝတ်တို့ကို မြတ်စွာဘုရားရှင်က သိင်္ဂါလသတို့သားအား ဩဝါဒပေး ဟောကြားထားသည်။ ထို့ကြောင့် သိင်္ဂါလောဝါဒသုတ်ဟု အမည်တွင်ခြင်းဖြစ်သည်။

လူတစ်ဦးသည် ဘဝဇာတ်ခုံ၌ မိဘ၊ သားသမီး၊ ဆရာ၊ တပည့်၊ ခင်ပွန်း၊ ဇနီး၊ မိတ်ဆွေ၊ အလုပ်ရှင်၊ အလုပ်သမား၊ ရဟန်း၊ ဒါယကာ စသည်ဖြင့် အနည်းဆုံး ကဏ္ဍတစ်ခုမှ မဖြစ်မနေ ပါဝင်ရမည်ဖြစ်သည်။ တစ်ခါတစ်ရံ ကဏ္ဍနှစ်ခုသုံးခု စသည်ဖြင့် ပါဝင်ရသည်။ ထိုကဏ္ဍအသီးသီးရှိ ဝတ္တရားများကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက လူမှုပတ်ဝန်းကျင်တွင် မကောင်းကျိုးများ ဖြစ်ပေါ်တတ်ပေသည်။ ဗုဒ္ဓမြတ်စွာ လမ်းညွှန်ပေးတော်မူသည့် လူမှုရေးဆိုင်ရာ ဝတ္တရားများသည် ဘဝသာယာမှုကို မုချပေးစွမ်းနိုင်သဖြင့် လိုက်နာ ကျင့်ကြံနိုင်သည်နှင့်အမျှ ကောင်းကျိုးများစွာ ရရှိနိုင်သော အဖိုးတန်လူ့ကျင့်ဝတ်များပင် ဖြစ်သည်။

သိင်္ဂါလောဝါဒသုတ္တန်တွင်ပါဝင်သော လူမှုဆက်ဆံရေးကျင့်ဝတ်များ၊ ရှောင်ကြဉ်သင့်သည့်အရာများနှင့် ဆောင်သင့်သည့်အရာများသည် လောကလူသားတို့အတွက် ကြီးပွားချမ်းသာခြင်းကို ဖြစ်ထွန်းစေသည့် တရားတော်များ ဖြစ်ကြ၏။ ထို့အပြင် အရပ်ခြောက်မျက်နှာအရ မိမိနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကိုယ်စီကိုယ်ငှ လိုက်နာကျင့်သုံးကြပါက ကောင်းကျိုးချမ်းသာများကို မုချရရှိနိုင်ကြမည်ဖြစ်ကာ လူမှုပတ်ဝန်းကျင်သည်လည်း ပို၍ ငြိမ်းချမ်းသာယာလာပေမည်။

မှီငြမ်း။ ။ ဗုဒ္ဓ၏ လူမှုရေးတရားတော်များ၊ ဦးတင်မောင်ဝင်း၊ ၁၄၂၊ အိန္ဒိယဗုဒ္ဓစာပေသမိုင်း၊ ဗုဒ္ဓစာပေကဏ္ဍ၊ ၇၄။ ပိဋကအနှစ်ချုပ်၊ ဓမ္မာစရိယ ဦးမောင်မောင်လေး၊ ၂၉၃။ ဒီ ၃၊ ၁၄၆။

ခက်ဆစ်အဖွင့်

အဂတိတရားလေးပါး = ဆန္ဒာဂတိ-ချစ်၍ ဘက်လိုက်ခြင်း၊ ဒေါသာဂတိ-မုန်း၍ ဘက်လိုက်ခြင်း၊
မောဟာဂတိ-မသိ၍ ဘက်လိုက်ခြင်း၊ ဘယာဂတိ-ကြောက်၍ ဘက်လိုက်ခြင်း။
စည်းစိမ်ဥစ္စာပျက်စီးကြောင်းခြောက်ပါး = သေရည်အရက်သောက်ခြင်း၊ အချိန်အခါမဲ့ လှည့်လည်သွားလာခြင်း၊ ပွဲလမ်းသဘင်ကြည့်ရှုခြင်း၊ လောင်းကစားခြင်း၊ မကောင်းသော မိတ်ဆွေခင်ပွန်းတို့နှင့်ပေါင်းသင်းခြင်း၊ ပျင်းရိခြင်း။

֍ ကလေးများကို အုပ်စု(၅) စုဖွဲ့ပါ။ ထို့နောက်အောက်ပါမေးခွန်းကို အုပ်စုအတွင်း ဆွေးနွေး၍ ဆွေးနွေးမှ ရလဒ်များကို စာရွက်တွင် ရေးသားပြီး အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-သိင်္ဂါလောဝါဒသုတ်မိတ်ဆက်ကဝနေ ဘာတွေ သိသွားသလဲ။
-ကလေးတို့ရဲ့ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမတွေကို သိင်္ဂါလောဝါဒသုတ်အကြောင်း ပြန်ပြောပြပ ဆိုရင် ဘယ်အကြောင်း အရာတွေကို အဓိကထား ပြောမလဲ။

֍ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပါ။

လုပ်ငန်း (၃) မေးခွန်း‌မေးခြင်းနှင့် အနှစ်ချုပ်ခြင်း၊

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများမေး၍ စာသင်ချိန်ကို အနှစ်ချုပ်ပါ။

-မြတ်စွာဘုရားက သိင်္ဂါလောဝါဒသုတ်ကို လူပုဂ္ဂိုလ်များအတွက် ဘာကြောင့် ဟောကြားခဲ့တာလဲ။
-လူသားတိုင်း မိမိဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ။

֍ ထို့နောက် ဆရာက “မြတ်စွာဘုရားရှင်ဟာ သိင်္ဂါလောဝါဒသုတ်တော်မှာ လူတွေလုပ်ဆောင်သင့်တဲ့ ကျင့်ဝတ်တွေကို ကဏ္ဍစုံအလိုက် ဟောကြားပေးခဲ့တယ်၊ လောကီအကျိုးစီးပွားတွေ ဖြစ်ထွန်းဖို့အတွက် လိုက်နာကျင့်သုံးသင့်တဲ့ တရားတော်လည်း ဖြစ်တယ်၊ ဒီတရားတော်တွေကို ကိုယ်တိုင်လည်း ကျင့်သုံးပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေ သိရှိနားလည်အောင်လည်း ကြိုးစားလုပ်ဆောင်သွားကြဖို့ လိုအပ်တယ်”ဟု ပြော၍ အနှစ်ချုပ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ လူမှုဆက်ဆံရေးနယ်ပယ်တွင် လုပ်ဆောင်ရမည့် လူမှုရေးကျင့်ဝတ်များကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီးများ၊ ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ရိုက်ဆက် နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို မေး၍ စာသင်ချိန်ကို စတင်ပါ။

-ကလေးတို့ ... အရပ်မျက်နှာအလိုက် ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေက ဘယ်ပုဂ္ဂိုလ်တွေလဲ။

֍ ကလေးများပြောသမျှကို ဆရာက နားထောင်ပေးပြီး လိုအပ်လျှင် ဖြည့်စွက်ပေးပါ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ ဆွေးနွေးတင်ပြခြင်း။

(၄၅ မိနစ်)

֍ ကလေးများကိုအုပ်စု (၆) စုဖွဲ့ပါ။ ထို့နောက် အောက်ပါမေးခွန်းတစ်ခုစီကိုအုပ်စု (၆) စုအား မဲနှိုက်စေပြီး မိမိတို့ကျသော မေးခွန်းခေါင်းစဉ် တစ်ခုကိုဆွေးနွေး၍ စာရွက်ကြီးပေါ်တွင်နမူနာပုံစံအတိုင်း ရေးသားကြပါ စေ။ပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

֍ ကိုယ်စားလှယ်တစ်ဦးတင်ပြပြီးတိုင်း ဆရာက ကြိုတင်ရေးသားထားသော ကဗျာများထဲမှ သက်ဆိုင်သည့် ကဗျာကို သင်ပုန်းတွင်ကပ်ပြီး ကလေးများ ဖော်ထုတ်ထားသော အချက်များနှင့် ကဗျာပါ အဓိပ္ပာယ်ကို ချိတ် ဆက်၍ ဖြည့်စွက်ဆွေးနွေးပါ။ ဤနည်းအတိုင်း အခြားအုပ်စုများ၏ တင်ပြချက်များကို ဖြည့်စွက်ဆွေးနွေးပါ။

-မိဘတွေကသားသမီးတွေအပေါ်မှာ ဘယ်လိုဝတ္တရားတွေ ရှိသလဲ။
-သားသမီးတွေကရော မိဘတွေ အပေါ်မှာ ဘယ်လိုဝတ္တရားတွေ ရှိသလဲ။

မိဘဝတ္တရား သားသမီး ဝတ္တရား

ဆရာဖြည့်စွက်ရန်

မိဘကျင့်ဝတ် ငါးပါး

မကောင်းမြစ်တာ ကောင်းရာညွှန်လတ်၊

အတတ်သင်စေ၊ ပေးဝေနှီးရင်း၊

ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊

ဖခင် မယ်တို့တာ။

သားသမီးကျင့်ဝတ် ငါးပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊

ကျင့်ဖွယ် သားတို့တာ။

-ဆရာက တပည့်တွေအပေါ်မှာ ဘယ်လိုဝတ္တရားတွေ ရှိသလဲ။
-တပည့်တွေကရော ဆရာ့အပေါ်မှာ ဘယ်လို ဝတ္တရားတွေ ရှိသလဲ။

ဆရာ့ဝတ္တရား တပည့်ဝတ္တရား

ဆရာဖြည့်စွက်ရန်-

ဆရာကျင့်ဝတ် ငါးပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊

သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊

သင့်ရာအပ်ပို့၊ ဆရာတို့

ကျင့်ဖို့ ဝတ်ငါးဖြာ။

တပည့်ကျင့်ဝတ် ငါးပါး

ညီညာထကြွ၊ ဆုံးမနာယူ၊

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး

သင်တွေး အံရွတ်၊ တပည့်ဝတ်၊

မချွတ် ငါးခုဟာ။

-အိမ်ထောင်တစ်ခုမှာ ခင်ပွန်းသည်ဟာ ဇနီးအပေါ်မှာ ဘယ်လိုဝတ္တရားတွေ ရှိတယ်လို့ ထင်သလဲ။
-ဇနီးသည်ကရာ ခင်ပွန်းသည်အပေါ်မှာ ဘယ်လိုဝတ္တရားတွေ ရှိတယ်လို့ထင်သလဲ။

ခင်ပွန်းဝတ္တရား ဇနီးဝတ္တရား

ဆရာဖြည့်စွက်ရန်-

ခင်ပွန်းကျင့်ဝတ် ငါးပါး

မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊

မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊

မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

ဇနီးကျင့်ဝတ် ငါးပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သော၊

မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ပြန်ချိ၊

ပျင်းရိမမူ၊ ဝတ်ငါးဆူ၊

အိမ်သူ ကျင့်အပ်စွာ။

-ကလေးတို့ သူငယ်ချင်းတွေကို ဘယ်လိုကူညီပေးချင်သလဲ။
-သူငယ်ချင်းတွေဆီက ဘယ်လို အကူအညီတွေ ရချင်သလဲ။

သူငယ်ချင်းများအတွက် အကူအညီ သူငယ်ချင်းများထံမှ ရချင်သောအကူအညီ

ဆရာဖြည့်စွက်ရန်-

မိတ်ဆွေကျင့်ဝတ် ငါးပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊

စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊

သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊

ကျင့်လေ မိတ်သဟား

-အလုပ်ရှင်က အလုပ်သမားတွေအပေါ်မှာ ဘယ်လိုဝတ္တရားတွေ ရှိသလဲ။
-အလုပ်သမားကရာ အလုပ်ရှင်အပေါ်မှာ ဘယ်လိုဝတ္တရားတွေ ရှိသလဲ။

အလုပ်ရှင်ဝတ္တရား အလုပ်သမားဝတ္တရား

ဆရာဖြည့်စွက်ရန်

အလုပ်ရှပ်ကျင့်ဝတ် ငါးပါး

ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်း

နာလျှင် ကုစေ၊ ငှဝေ ရသာ၊

အခါကို လွှတ်၊ အရှင်ဝတ်၊

မချွတ် ငါးခုသာ။

အလုပ်သမားကျင့်ဝတ် ငါးပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊

ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊

ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ၊

-ဒါယကာ၊ ဒါယိကာမတွေအနေနဲ့ ရဟန်းသံဃာတော်တွေကို ဘယ်လိုဝတ္တရားတွေ ရှိသလဲ။
-ရဟန်းသံဃာတော်တွေကရော ဒါယကာ၊ ဒါယိကာမတွေကို ဘယ်လိုဝတ္တရားတွေ ရှိသလဲ။

ရဟန်းသံဃာတော်များ ဝတ္တရား ဒါယကာ၊ ဒါယိကာမများ ဝတ္တရား

ဆရာဖြည့်စွက်ရန်-

ရဟန်းကျင့်ဝတ် ခြောက်ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊

အသစ်ဟောကြူး၊ နာဖူးထပ်မံ၊

နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊

ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။

ဒါယကာကျင့်ဝတ် ငါးပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊

ခင်ပင်နှုတ်ချို လိုလျှင်ဖိတ်ထား၊

တတ်အားလှူစေ၊ ဝတ်ငါးထွေ၊

ပြုလေဒါယကာ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ဆရာက “လူတွေဟာ အခန်းကဏ္ဍအမျိုးမျိုးအလိုက် တာဝန်ဝတ္တရားတွေ အမျိုးမျိုးရှိကြတယ်၊ လူတစ်ဦးတည်းနဲ့ ကဏ္ဍအမျိုးမျိုးမှာ ပါဝင်လုပ်ဆောင်ရတာမျိုးလည်း ရှိတယ်၊ ကိုယ်ပြုလုပ်ရမယ့် ဝတ္တရားတွေကို မွန်အောင် လုပ်ဆောင်ဖို့လိုတယ်၊ အခုအချိန်မှာ ကလေးတို့ဟာ ကျောင်းသားအရွယ်တွေဆိုတော့ ကိုယ့်ရဲ့ မိဘတွေအပေါ်မှာ သားသမီးကျင့်ဝတ်တွေနဲ့ ညီအောင်၊ ဆရာတွေ အပေါ်မှာလည်း တပည့် ကျင့်ဝတ်တွေနဲ့ညီအောင် ကျင့်ဆောင်ကြရမယ်၊ နောင်အရွယ်ရောက်လာတဲ့အခါမှာလည်း ကျရာအခန်း ကဏ္ဍကနေ ကျရာတာဝန်၊ ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်ကြရမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။