ကေဒါရကျေးမင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
348406ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၄။ ကေဒါရကျေးမင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

သင်ခန်းစာခေါင်းစဉ်။ ။ ‌ကေဒါရာကျေးမင်း

ယေဘုယျရည်ရွယ်ချက်။ ။ မိဘကျေးဇူးကို ဆပ်တတ်ပြီး မိမိပတ်ဝန်းကျင်ရှိလူအများ၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ကေဒါရကျေးမင်း၏ ဆောင်ရွက်ချက်များကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း၊

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းကို မေး၍ ကလေးတစ်ဦးချင်းစီအား အလှည့်ကျ ပြောပါစေ။

-ကလေးတို့ ... အခုအချိန်အထိ မိဘတွေကို ဘာတွေကူညီဆောင်ရွက်ပေးဖူးသလဲ။

လုပ်ငန်း (၂) ဉာဏ်ဖွင့်ဆွေးနွေးခြင်းနှင့် ဇာတ်လမ်းဖတ်ခြင်း။

(၂၀ မိနစ်)

֍ ကလေးများ ပြောပြီးလျှင် အောက်ပါမေးခွန်းကို မေး၍ ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

-မိဘတွေကို ကူညီဆောင်ရွက်ပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမယ်လို့ထင်သလဲ။

֍ ထို့နောက် ဆရာက “သားတို့သမီးတို့ဟာ မိဘတွေကို ကူညီဆောင်ရွက်ပေးကြတယ်။ .အဲဒီလိုကူညီ ဆောင်ရွက်ပေးရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတာကိုလည်း ဖော်ထုတ်ခဲ့ပြီးပြီ၊ သားတို့သမီး တို့ရဲ့ လုပ်ဆောင်ချက်တွေကို ကျေးမင်းလေးတစ်ကောင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ်လေ့လာကြည့် ရအောင်”ဟု ပြောပြီး အောက်ပါဇာတ်လမ်းကို ကလေးများ အသံတိတ် ဖတ်ကြပါစေ။

ကေဒါရကျေးမင်း

ရှေးအခါက ကြီးမားတင့်တယ် ရှုချင်ဖွယ်ရှိသော ကျေးမင်းသည် များစွာသောအခြွေအရံရှိလျက် အိုမင်း မစွမ်းသော မိဘတို့ကို လုပ်ကျွေးကာနေ၏။

တစ်နေ့သော် လူတို့စိုက်ပျိုးအပ်သော ကောက်သလေးလယ်တို့၌ သွားရောက်စားသောက်ကြရာ လယ်စောင့်သည် ခြောက်သော်လည်း မရနိုင်။ အခြားကျေးတို့သည် အစာကို အဝစား၍ ပျံကြကုန်၏။ ကျေးမင်းကား အဝစားရုံမျှမက များစွာသော သလေးနှံတို့ကိုလည်း ဆောင်ယူသွားလေသေး၏။

လယ်စောင့်သည် ထိုအကြောင်းကို လယ်ရှင်အား ပြောကြားလေ၏။ လယ်ရှင်က ကျော့ကွင်းဖြင့် ထောင်ဖမ်းစေရာ ကျေးမင်းကို မိလေ၏။

ကျေးမင်းသည် မိမိခြေတွင် ကျော့ကွင်းမိကြောင်းသိသော်လည်း မိမိ၏နောက်လိုက်ကျေးတို့ အစာမဝမီ ပုံပြေးကြမည်စိုး၍ ကျေးတို့ အစာဝချိန်လောက်မှ အော်လေ၏။ ထိုအခါ ကျေးတို့သည် ကျေးမင်းအား ပြန်မကြည့်ဘဲ ပျံပြေးကြလေ၏။

လယ်စောင့်သည် ကျေးမင်းကိုယူ၍ လယ်ရှင်အား ပြ၏။ လယ်ရှင်လည်း တင့်တယ်ကြီးမားသော ကျေးမင်းကို မြင်လျှင် အလွန်ချစ်ခင် ဝမ်းမြောက်လျက် “အမောင်ကျေးသား-အမောင်သည် ဝမ်း စားသည်သာမဟုတ်၊ ကောက်သလေးနံတို့ကို ယူဆောင်၍လည်း သွားသေး၏ဟု ငါကြားသိရတ် အဘယ်ကြောင့်နည်း၊ အသင်၌ ကျီကြထား၍ ကောက်သလေးတို့ကို သိုမှီးလေသလော”ဟု မေး၏။

“အရှင်... ငါသည် ကျီကြထား၍ သိုမှီးသည်မဟုတ်ပါ၊ ထိုသို့ အပိုဆောင်ယူသွားသည်မှာ အချက် သုံးချက် ရှိပါသည်။ ၎င်းတို့ကား-

(၁) ကြွေးမြီဟောင်းကိုလည်း ထပ်ရ၏
(၂) ကြွေးမြီသစ်ကိုလည်း ချပေးရ၏၊
(၃) အစဉ်လိုက်သော ရွှေအိုးကိုလည်း မြှုပ်ရ၏”ဟု ဆို၏။

ဤတွင် လယ်ရှင်က “အမောင်ကျေးသား ... သင်ဆိုသောအချက်သုံးချက်၏ အဓိပ္ပာယ်ကို ရှင်းပါဦး လော့”ဟု ဆို၏။

ထိုအခါမှ ကျေးမင်းက “ငါ့၌ အိုမင်းမစွမ်းသော အမိအဖတို့သည် ရှိကုန်၏၊ ၎င်းတို့ကို ပြန်၍ လုပ်ကျွေးခြင်းဖြင့် ကျေးဇူးပြန်ဆပ်ရ၏၊ ဤသည်မှာ အမိအဖတို့၏ ကြွေးမြီဟောင်းကို ဆပ်သည်မည်၏

ငါ့၌ အရွယ်မရောက်သေးသော ကျေးသားငယ်တို့သည် ရှိကုန်၏၊ ထိုသားငယ်တို့အား လုပ်ကျွေးရခြင်းသည် နောင်အခါ၌ ထိုသားငယ်တို့က ကျွေးမွေးတုံ့ပြန်မည်ဖြစ်၍ ကြွေးမြီသစ်ကို ချပေးသည်မည်၏၊

ငါတို့နေရာအရပ်၌ အိုမင်းမစွမ်းသော ကျေးအိုတို့သည် ရှိကုန်၏၊ ထိုကျေးအိုတို့အားလည်း ပေးလှူရ၏ ဤသို့ ပေးလှူခြင်းသည် အစဉ်လိုက်သော ရွှေအိုးကို မြှုပ်သည်မည်၏”ဟု ဆိုပေ၏။

လယ်ရှင်ယောက်ျားလည်း အတိုင်းထက်အလွန် နှစ်သက်ကြည်ညိုလျက် ကျေးမင်းအား “အလိုရှိတိုင်း သုံးဆောင်လေလော့”ဟု ရှစ်ပယ်မျှသောလယ်ကို ပေးလှူပူဇော်လေသည်။

မှီငြမ်း။ ။ ပုံတော်စုံ ငါးရာငါးဆယ်ဝတ္ထု၊ စတုတ္ထတွဲ၊ ၂၀၇-၂၀၈။ ဇာ၊ဋ္ဌ၊၄၊၂၇၆။

ခက်ဆစ်အဖွင့်

သ‌လေး = ကောက်ကြီးမျိုးဝင် စပါးတစ်မျိုး။
ကျော့ကွင်း = ကွင်းလျှောကြိုးဖြင့် ငှက်စသည်ကို ထောင်ဖမ်းရန် ကြိုးကွင်း။
ကျီ = စပါး၊ ပဲစသည်တို့ကို သိုမှီးရာ အဆောက်အအုံ။
ကြ = စပါး ၂၅၆ တင်းဝင်သော အဆောက်အအုံ။
အစဉ်လိုက်သော = (မိမိနောက်သို့) ထက်ကြပ်မကွာ လိုက်သော။
ပယ် = ရှေးခေတ် မြေအတိုင်းအတာပမာဏ။ (၁.၇၅ ဧကနှင့် ညီမျှသည်။)

လုပ်ငန်း (၃) အုပ်စုဖွဲ့လုပ်ငန်းပေးဆွေးနွေးတင်ပြခြင်း။

(၂၅ မိနစ်)

֍ ကလေးများကို အုပ်စု(၅) စုဖွဲ့ပါ။ ထို့နောက် အောက်ပါမေးခွန်းများကို အုပ်စုလိုက်ဆွေးနွေး၍ အုပ်စု ကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-ကေဒါရကျေးမင်းရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ။
-ကေဒါရကျေးမင်းရဲ့ လုပ်ဆောင်ချက်တွေထဲက ဘယ်အချက်တွေကို ကြိုက်နှစ်သက်သလဲ။ ဘာကြောင့်လဲ။
-ကလေးတို့သာ လယ်ရှင်နေရာမှာဆိုရင် ကျေးမင်းကို ဘာလုပ်မလဲ။ ဘာကြောင့်လဲ။

֍ ကလေးများတင်ပြပြီးသောအခါ လိုအပ်ချက်များကို ဆရာက ဖြည့်စွက်ဆွေးနွေးပေးပြီး ရည်ရွယ်ချက်နှင့် ချိတ်ဆက်၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ မိဘများနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီးများ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို စတင်ပါ။

-ကလေးတို့ ... ကေဒါရကျေးမင်းဇာတ်လမ်းထဲက ဘာတွေကို အတုယူလုပ်ဆောင်ရမယ်လို့ သိသွားလဲ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ဆွေးနွေး တင်ပြခြင်း။

(၄၅ မိနစ်)

֍ ကလေးများကို အုပ်စု(၃) စု ဖွဲ့ပါ။ အောက်ပါ မေးခွန်းတစ်ခုစီကို အုပ်စုတစ်စုစီအား ပေးပါ။ ထို့နောက် အုပ်စုတစ်စုစီမှ ကိုယ်စားလှယ်တစ်ဦးစီကို ရွေးချယ်ပါစေ။ ထိုကိုယ်စားလှယ်များကို ထိုင်ပိုင်ရှင်များအဖြစ် သတ်မှတ်ပေးပြီး ကျန်ကလေးများကို စားသုံးသူများအဖြစ် သတ်မှတ်ပေးပါ။

-ကလေးတို့သာ ကေဒါရကျေးမင်းနေရာမှာဆိုရင် ကိုယ့်ရဲ့ နောက်လိုက်နောက်ပါ ကျေးသားတွေကို ဘယ်လို ဦးဆောင်မှုနဲ့ လုပ်ဆောင်ပေးမလဲ။
-ကိုယ်ရဲ့မိဘတွေကို အခုအရွယ်မှာ ဘာတွေလုပ်ပေးချင်သလဲ။
-ကိုယ်ရဲ့ ရပ်ရွာနဲ့ အများအကျိုးအတွက် ဘာတွေလုပ်ပေးချင်သလဲ။ ဘာကြောင့်လဲ။

֍ မိမိအုပ်စု၏ ဆိုင်အမည်ကို အုပ်စုဝင်အားလုံးစဉ်းစားရွေးချယ်ပြီး စာရွက်ကြီးတွင် အသီးသီးရေးကြပါစေ။ ဆိုင်ရှင်တစ်ဦးစီသည် မိမိဆိုင်တွင်ရရှိသော မေးခွန်းကို မိမိဆိုင်အတွင်းရှိသူများနှင့် ဆွေးနွေးစေပြီး ဆွေးနွေးမှုရလဒ်များကို ဆိုင်ရှင်က မှတ်တမ်းတင်ပေးပါ။

֍ မိမိဆိုင်တွင် ဆွေးနွေးပြီးပါက ဆိုင်ရှင်များသည် မိမိဆိုင်တွင်သာနေခဲ့ပြီး စားသုံးသူများသည် အခြားဆိုင် နှစ်ဆိုင်သို့ အလှည့်ကျ သွားရောက်၍ ထိုဆိုင်မှရရှိသော မေးခွန်းများကို ထပ်မံ၍ စကားဝိုင်းဖွဲ့ ဆွေးနွေးကြ ပါစေ။ မတူညီသောဆွေးနွေးမှုရလဒ်များကိုသာ ဆိုင်ရှင်များက ဖြည့်စွက်ပြီး မှတ်တမ်းတင်ထားပါ။ (ဆွေးနွေးမည်အချိန်ကို ဆရာက သင့်လျော်သလို သတ်မှတ်ပေးပါ။)

ဥပမာ-
အုပ်စု(၁)
အလွမ်းကဖီး
အုပ်စု(၃)
သံယောဇဉ်
အုပ်စု(၂)
ဆုံဆည်းရာ

မေးခွန်းသုံးခုစလုံးကို ကလေးများအားလုံး ဆွေးနွေးပြီးလျှင် ဆိုင်ရှင်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ အားလုံး တင်ပြပြီးသောအခါ ဆရာကလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးပါ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ထို့နောက်ဆရာကအောက်ပါအတိုင်းအနှစ်ချုပ်ပါ။

“မိဘတွေနဲ့ ကိုယ့်ကိုကျွေးမွေးပြုစုတဲ့ သူတွေအပေါ် ပြန်လည်ကျေးဇူးပြုရမယ့်... ဝတ္တရားတွေ သားတို့ သမီးတို့မှာ ရှိကြတယ်၊ အခုချိန်က စပြီးတော့ အဲဒီဝတ္တရားတွေကို ကလေးတို့ကိုယ်တိုင် အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်ဆောင်ပေးသင့်တယ်၊ အဲဒီလိုလုပ်တာဟာ ကြွေးမြီဟောင်းကို ဆပ်တာပဲ၊ မိမိ မိသားစု၊ မိမိ ပတ်ဝန်းကျင်၊ မိမိ ရပ်ရွာကို အတတ်နိုင်ဆုံး အကျိုးကျေးဇူးပြုနိုင်မယ့်သူတွေ ဖြစ်အောင်လည်း ကြိုးစား သင့်တယ်၊ အဲဒီလိုလုပ်တာဟာ ကြွေးသစ်ချရာလည်း ရောက်တယ်၊ ရွေအိုးမြုပ်ရာလည်း ရောက်တယ်၊ ဒီတော့ တို့တစ်တွေအားလုံး ကိုယ်လုပ်ရမယ့် ဝတ္တရားတွေကို အတတ်နိုင်ဆုံး ကျေပွန်အောင် ကြိုးစား လုပ်ဆောင်သွားကြရအောင်”