စိတ်ထားမြတ်သော သာမဏေ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၅။ စိတ်ထားမြတ်သော သာမဏေ(ကျောင်းသားကိုင်သို့)
348407ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၅။ စိတ်ထားမြတ်သော သာမဏေ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

သင်ခန်းစာခေါင်းစဉ်။ ။ စိတ်ထားမြတ်သော သာမ‌ဏေ

ယေဘုယျရည်ရွယ်ချက်။ ။ စိတ်ထားမြတ်သူတို့၏ သည်းခံခွင့်လွှတ်တတ်သောစိတ်ကို အတုယူတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ စိတ်ထားမြတ်သော သာမဏေအကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကိုမေး၍ ကလေးများပြောသော အကြောင်းအရာများကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပေးပါ။

-သားတို့သမီးတို့ ... အခြားသူတွေနဲ့ မတော်တဆဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေရှိလား၊ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာပြောပြပါ။

֍ ကလေးများပြောသော အကြောင်းအရာများကို ဆရာက သင်ပုန်းတွင် ရေးပြီးလျှင် အောက်ပါမေးခွန်းများကို ကလေးများနှင့် မေးမြန်းဆွေးနွေးပါ။

-ကလေးတို့ ... မတော်တဆဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘယ်လို တုံ့ပြန်ဖြေရှင်းခဲ့သလဲ။
-ကိုယ်တုံ့ပြန်ဖြေရှင်းခဲ့တဲ့ ဖြေရှင်းချက်အပေါ်မှာ ကျေနပ်မှုရှိရဲ့လား၊ ဘာကြောင့်လဲ။

֍ ကလေးများပြောပြီးသောအခါ ဆရာက “ကလေးတို့ဖြစ်ခဲ့တဲ့ အကြောင်းအရာပေါ်မှာ ဘယ်လို ဖြေရှင်းခဲ့ တယ်ဆိုတာကို သိခဲ့ရပြီ၊ အခု မတော်တဆမှုကြုံတွေ့တဲ့အခါ ဘယ်လို စိတ်ထားမျိုးနဲ့ ဖြေရှင်းသင့်တယ် ဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် မေးမြန်းဆွေးနွေးခြင်း။

(၂၅ မိနစ်)

֍ ဇာတ်လမ်းကို အသံတိတ် ဖတ်ကြပါစေ။

စိတ်ထားမြတ်သော သာမ‌ဏေ

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ကောသမ္ဗိဝါသီတိဿဟူသော ရဟန်းမှာ ခုနစ်နှစ်အရွယ် တပည့်ကိုရင်ငယ်လေး တစ်ပါးရှိလေသည်။ ကိုရင်ငယ်လေးသည် ကိုရင်ဝတ်ရန် ဆံချစဉ်မှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့သည်။

တစ်နေ့တွင် ဆရာရဟန်းနှင့် တပည့်ကိုရင်ငယ်တို့သည် မြတ်စွာဘုရားရှင်ကို သွားရောက်ဖူးမြော်ရန် ထွက်လာခဲ့ကြရင်း လမ်းခရီးရှိ ကျောင်းတစ်ကျောင်း၌ တစ်ညတာ ဝင်ရောက် တည်းခိုကြသည်။ ကိုရင်ငယ်သည် ဆရာရဟန်းအတွက် အိပ်ရာနေရာ ပြင်ဆင်ပေးပြီး ဆရာရဟန်း၏ အိပ်ရာခြေရင်းမှာပင် ထိုင်လျက်ဖြင့် အိပ်လိုက်လေသည်။

နံနက်အရုဏ်တက်သောအခါ ဆရာရဟန်းက ဖျာကို ယပ်တောင်ဖြင့် ခေါက်၍ ကိုရင်ငယ်ကို နှိုးလေရာ ယပ်တောင်အရိုးက ကျွတ်၍ ကိုရင်ငယ်၏ မျက်လုံးတစ်ဖက်ကို ထိုးဖောက်မိသွားသည်။ ဆရာရဟန်းက ထိုကဲ့သို့ ဖြစ်သွားသည်ကို မသိလိုက်ပေ။ ကိုရင်ငယ်သည် မျက်လုံးတစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဖုံးထားလျက် ဆရာရဟန်း၏ ဝေယျာဝစ္စတို့ကို လုပ်နေကျအတိုင်း လုပ်ဆောင်လေသည်။ ကိုရင်ငယ်က ဆရာရဟန်းအာ လက်တစ်ဖက်တည်းဖြင့် ဒန်ပူကို ကပ်၏။ ထိုအခါ ဆရာရဟန်းက “သာမဏေငယ် ... လက်တစ်ဖက်တည်း ဒန်ပူကို မကပ်ကောင်းဘူးဆိုတာ မသိဘူးလား”ဟု မေး၏။ ကိုရင်ငယ်က “တပည့်တော် သိပါတယ်ဘုရား၊ ဆရာရဟန်းက “လက်တစ်ဖက်က ဘာကြောင့် မအားတာလဲ”ဟု မေးသောအခါမှ ကိုရင်ငယ်က အဖြစ်မှန်ကို လျှောက်ထားလိုက်လေသည်။

ဆရာရဟန်းသည် မိမိကြောင့် ကိုရင်ငယ်၏ မျက်လုံးတစ်ဖက် ဆုံးရှုံးသွားခဲ့ရကြောင်းကို သိသွားရာ အလွန်စိတ်မကောင်း ဖြစ်သွားသည်။ ထိုအခါ ကိုရင်ငယ်က “အခုလိုဖြစ်ရတာဟာ ဆရာရဟန်းကြောင့်လည်း မဟုတ်၊ မိမိကြောင့်လည်း မဟုတ်၊ သံသရာဝဋ်ကြွေးကြောင့်သာ ဖြစ်ပါတယ်ဘုရား”ဟု ဆရာရဟန်းအား လျှောက်ထားနှစ်သိမ့်လေသည်။ ထို့နောက် ဆရာရဟန်းနှင့် ကိုရင်ငယ်တို့သည် မြတ်စွာဘုရားထံသို့ ဆက်လက် ထွက်ခွာခဲ့ကြသည်။

မြတ်စွာဘုရားထံသို့ ရောက်သောအခါ ဆရာရဟန်းက ဖြစ်ကြောင်းစုံလင်ကို မြတ်စွာဘုရားအား လျှောက်ထားလေသည်။ ထို့အပြင် ဆရာရဟန်းက “ကိုရင်ငယ်ဟာ တပည့်တော်အပေါ်မှာ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း လုံးဝမရှိခဲ့ပါဘုရား၊ ဒီလိုပုဂ္ဂိုလ်မျိုးကို တပည့်တော် တစ်ခါမှ မတွေ့ခဲ့ဘူးပါဘုရား”ဟုလည်း ဆက်လက်လျှောက်ထားလေသည်။

ထိုအခါ မြတ်စွာဘုရားက “အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန္တာတွေဟာ သူတစ်ပါးအပေါ်မှာ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း မရှိတော့ဘူး၊ တည်ကြည်တဲ့ ဣန္ဒြေ၊ ငြိမ်းအေးတဲ့ စိတ်တို့သာ ရှိတယ်”ဟု မိန့်ကြားတော်မူပါသည်။

မှီငြမ်း။ ။ ကောသမ္ဗီပြည်သား တိဿမထေရ်၏ တပည့်ငယ် ရှင်သာမဏေဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု တတိယတွဲ၊ ၆၂-၆၇။ ဓမ္မ၊ဋ္ဌ၊၁၊၃၉၂၊

ခက်ဆစ်အဖွင့်

ဒန်ပူ(တံပူ) = သွားကို ပွတ်တိုက်ရန် တမာကိုင်းစသည်ကို သပ်ထားသော အချောင်း အတံ။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ကိုရင်ငယ်လေးဟာ ဆရာရဟန်းအတွက် ဘယ်လိုလုပ်ကိုင်ပေးရသလဲ။
-ကိုရင်ငယ်လေးရဲ့ မျက်လုံးတစ်ဖက် ဘယ်လိုဖြစ်သွားသလဲ။
-ကိုရင်ငယ်လေးက ဆရာရဟန်းကို ဘယ်လို နှစ်သိမ့်လျှောက်ထားခဲ့သလဲ။
-ကိုရင်လေးမှာ ဘယ်လိုစိတ်ထားမျိုးရှိသလဲ။
-ကိုရင်လေးဟာ ပြဿနာဖြေရှင်းတဲ့အခါ ဘယ်အရာတွေကို လက်ကိုင်ထားဖြေရှင်းသွားသလဲ။

֍ ဆရာက “အရင်က ကလေးတို့တုံ့ပြန်ဖြေရှင်းခဲ့တဲ့ နည်းလမ်းတွေနဲ့ ကိုရင်ငယ်လေးဖြေရှင်းတဲ့နည်းလမ်း တွေဟာ တူသလား၊ ဘာတွေ ကွာခြားသလဲ”ဟု မေး၍ ကလေးများနှင့် အပြန်အလှန်ဆွေးနွေးပါ။

֍ ထို့နောက် ဆရာက “ကလေးတို့ ... ပြဿနာတွေကို တုံ့ပြန်ဖြေရှင်းတဲ့အခါ မှန်မှန်ကန်ကန်နဲ့ တရား မျှတစွာ ဖြေရှင်းဖို့လိုတယ်”ဟု ပြောပါ။

လုပ်ငန်း (၃) လုပ်ငန်းပေးဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၂၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ ကလေးများပြောသော အချက်များကို ဖော်ပြပါနမူနာပုံစံအတိုင်း သင်ပုန်းတွင် ဆရာက မှတ်တမ်းတင်ပေးပါ။

-သည်းခံ ခွင့်လွှတ်စိတ်ထားရင် ဘယ်လိုအကျိုးတွေ ရနိုင်သလဲ။
-သည်းခံခွင့်လွှတ်စိတ်မထားရင် ဘယ်လိုအကျိုးတွေ ရနိုင်သလဲ။

သည်းခံခွင့်လွှတ်စိတ်ထားရင် ရနိုင်တဲ့အကျိုး သည်းခံခွင့်လွှတ်စိတ်မထားရင် ရနိုင်တဲ့အကျိုး

֍ ဆွေးနွေးပြီးလျှင် ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး ရည်ရွယ်ချက်နှင့် ချိတ်ဆက်၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သည်းခံခွင့်လွတ်စိတ်ထားခြင်း၏ ကောင်းကျိုးများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ဖြစ်ရပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ဖြစ်ရပ်ကိုအုပ်စုဖွဲ့ဆွေးနွေးခြင်း။

(၅၀ မိနစ်)

֍ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများ ဖွဲ့၍ သင်ပုန်းတွင် ရေးသားထားသော အောက်ပါ ဖြစ်ရပ်များကို အုပ်စုလိုက် ဆွေးနွေးပြီး ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

ဖြစ်ရပ် (၁)

ဆဋ္ဌမတန်းကျောင်းသားလေး အောင်အောင်ကို သူ့အမေက ညနေစာအတွက် ဈေးမှာ ကြက်ဥ သွားဝယ်ခိုင်းတယ်။ ကြက်ဥဝယ်ပြီး အပြန်မှာ စက်ဘီးစီးလာတဲ့ ကလေးတစ်ယောက်က ကားကို ရှောင်ရင်း အောင်အောင်ကို နောက်ကနေ ဝင်တိုက်မိတယ်။ အောင်အောင်ဟာ လဲကျသွားတဲ့အခါ လမ်းပေါ်ကို လက်နဲ့ထောက်မိပြီး လက်နာသွားတယ်။ လက်ထဲမှာကိုင်ထားတဲ့ ကြက်ဥတွေလည်း ကွဲကုန်တယ်။

-အဲဒီအချိန်မှာ အောင်အောင် ဘယ်လိုတုံ့ပြန်မယ် ထင်သလဲ။
-အောင်အောင်နေရာမှာ သားတို့သမီးတို့သာဆိုရင် ဘယ်လိုတုံ့ပြန်မလဲ။

ဖြစ်ရပ် (၂)

ဆဋ္ဌမတန်း စာသင်ဝန်းတစ်ခန်းမှာ စုပေါင်းသန့်ရှင်းရေးလုပ်ကြတဲ့အခါ ကြည်ကြည်တို့သူငယ်ချင်းတစ်စု စာသင်ခုံတွေကို နေရာရွေ့ပြောင်းရတယ်။ ထိပ်ထားတို့သူငယ်ချင်းတစ်စုကတော့ တံမြက်စည်း လှည်းကြတယ်။ အဲဒီအချိန်မှာ ခုံသယ်လာတဲ့ ကြည်ကြည်ဟာ ခလုတ်တိုက်မိတဲ့အတွက် သူ့လက်ထဲကနံက တံမြက်စည်းလှည်းနေတဲ့ ထိပ်ထားရဲ့ ခြေထောက်ပေါ်ကို လွတ်ကျသွားတယ်။ ထိပ်ထားလေး အရမ်းနာသွားပြီး စိတ်လည်း တိုသွားတယ်။

-အဲဒီအချိန်မှာထိပ်ထားလေး ဘယ်လိုတုံ့ပြန်မယ်ထင်သလဲ။
-ထိပ်ထားနေရာမှာ သားတို့သမီးတို့သာဆိုရင် ဘယ်လိုတုံ့ပြန်မလဲ။

လုပ်ငန်း (၂) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

֍ ကလေးများအားလုံး တင်ပြီးသောအခါ ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး၍ အောက်ပါ အတိုင်း အနှစ်ချုပ်ပါ။

“သားတို့သမီးတို့ဟာ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးပြီ ပြဿနာတွေကို တုံ့ပြန်ဖြေရှင်းတဲ့အခါ မှန်မှန်ကန်ကန်နဲ့ တရားမျှတစွာ ဖြေရှင်းဖို့လိုတယ်၊ ဖြေရှင်းရမယ့် နည်းလမ်းကိုလည်း ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်စဉ်းစားပြီးမှ ဆုံးဖြတ်သင့်တယ်၊ ဖြေရှင်းတဲ့အခါမှာလည်း သူ့ဘက်ကိုယ့်ဘက် နှစ်ဦးစလုံး အဆင်ပြေနိုင်မယ့်နည်းလမ်းတွေကို စဉ်းစားပြီးမှ ဖြေရှင်းသင့်တယ်၊ ဒါမှသာ နှစ်ဦးနှစ်ဖက် အကျိုးများမှာ ဖြစ်တယ်”