မန်လည်ဆရာတော်ဘုရားကြီး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၆။ မန်လည်ဆရာတော်ဘုရားကြီး(ကျောင်းသားကိုင်သို့)
348408ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၆။ မန်လည်ဆရာတော်ဘုရားကြီး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

သင်ခန်းစာခေါင်းစဉ်။ ။ မန်လည်ဆရာတော်ဘုရားကြီး

ယေဘုယျရည်ရွယ်ချက်။ ။ သံဃာတော်များ၏ သာသနာတော်နှင့် အများအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ကြည်ညို လေးစားတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မန်လည်ဆရာတော်ဘုရားကြီး၏ သာသနာတော်နှင့် အများအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်ကြီးများ။

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းကို မေးမြန်းဆွေးနွေး၍ ကလေးများပြောသောအချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပါ။

-ကလေးတို့သိတဲ့၊ ကြားဖူးတဲ့ ထင်ရှားတဲ့ ဆရာတော်ကြီးတွေရဲ့ အမည်တွေကို သိသလောက် ပြောပြပါ။

֍ ထို့နောက် အောက်ပါ မေးခွန်းများကို ဆက်မေးပါ။

-မဃဒေဝလင်္ကာကျမ်းဆိုတာ ကြားဖူးလား။
-အဲဒီကျမ်းကို ဘယ်သူရေးခဲ့တယ်ဆိုတာ သိလား။

֍ ကလေးများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးပြီးလျှင် ဆရာက “မဃဒေဝလင်္ကာကျမ်းကို ရေးသား ပြုစုခဲ့တဲ့ ဆရာတော်ကြီးအကြောင်းကို လေ့လာကြည့်ကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၄၀ မိနစ်)

֍ ကလေးများအားလုံး ‘မန်လည်ဆရာတော်ဘုရားကြီးအကြောင်းကို ဖတ်ကြပါစေ။

မန်လည်ဆရာတော်ဘုရားကြီး

မန်လည်ဆရာတော်လောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် မြန်မာနိုင်ငံအထက်ပိုင်း ကသာခရိုင်၊ မန်လည်မြို့၌ မြို့ စာရေးကြီး ဦးထင်ညိုနှင့် ဒေါ်ဖြေတို့မှ မွေးဖွားခဲ့သည်။ ငယ်မည်မှာ မောင်မာ ဖြစ်သည်။ အသက် ၁၂-နှစ်အရွယ်တွင် ဝန်းသိုမြို့ တောင်ပေါ်ကျောင်းဆရာတော် ဦးပန်းအောင်ထံတွင် ပညာ သင်ယူခဲ့သည်။ ၁၆-နှစ်အရွယ်တွင် “ရှင်ဇဝန”ဟူသော ဘွဲ့အမည်ဖြင့် ရှင်သာမဏေပြုခဲ့ပြီး မန်လည်မြို့ လေးထပ်ကျောင်းဆရာတော် ဦးနန္ဒမဉ္ဇူထံတွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။

ဆရာတော် ဦးနန္ဒမဉ္စူသည် ကိုရင်ဇဝနအား ရဟန်းဘောင်သို့တက်ရောက်ရန် တိုက်တွန်းသော်လည်း မရချေ။ ကြီးလေးလှသော သာသနာ့ဝန်ကို ထမ်းဆောင်ရန် စိုးရွံ့သဖြင့် ဤသို့ ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ ဆရာတော် ပျံလွန်တော်မူဝါနီးတွင် ဆရာတော်နှင့်အတူ ပတ်ဝန်းကျင်ကပါ ဝိုင်းဝန်းတိုက်တွန်းကြသဖြင့် မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။

မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်တွင် မန္တလေးမြို့ အနောက်ပြင် ထီးလင်းတိုက်၌ ဝါဆိုတော်မူ၍ ပိဋကတ် စာပေများကို ဆက်လက်လေ့လာခဲ့သည်။ ထို့နောက် မန်လည်မြို့ သို့ပြန်၍ မန်လည်မြို့ ဝန် လှူဒါန်းသောပြာသာဒ်ကျောင်းတော်ကြီးတွင် သီတင်းသုံးနေထိုင်တော်မူခဲ့သည်။ ဆရာတော်သည် ဘင်္ဂလီ၊ နာဂရီ၊ သီဟိုဠ် စသည့် ဘာသာများဖြင့် ရေးသားထားသော ကျမ်းများနှင့် ဇာတ်နိပါတ်၊ ရာဇဝင်၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း စသည်တို့တွင် ပါဝင်သည့် အတတ်ပညာမျိုးစုံကို တစ်ဖက်ကမ်းခပ် တတ်မြောက်တော်မူခဲ့သည်။

ဆရာတော်သည် ရတု၊ ရကန်၊ ဧချင်း၊ မော်ကွန်း၊ ဒွေးချိုး၊ လေးချိုး၊ ဘုရားရှိခိုးများကို ၁၆-နှစ်သား အရွယ်ကပင် ရေးသားတော် မူခဲ့သည်။ ရဟန်းဆယ်ဝါက စတင်ရေးသားခဲ့သော မဟာသုတကာရီ မဃဒေလင်္ကာသစ်သည် ဆရာတော်၏ လောကီ လောကုတ္တရာဗဟုသုတ ပြည့်ဝလေးနက်မှုကို ခန့်မှန်းနိုင်သည့် ထူးခြားထင်ရှားသော ကျမ်းတစ်စောင်ဖြစ်သည်။ ထိုကျမ်းမှာ ယနေ့တိုင် စာပေပညာရှင်များ၏ ကိုးကာ အားထားရာ ကျမ်းအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့အပြင် ဆရာတော်သည် အခြားကျမ်းစာ ၇၀ခန့်ကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။

ဆရာတော်သည် ပရိယတ္တိသာသနာတော်ကြီး တည်တံ့ပြန့်ပွားစေရန် အရပ်ဒေသအသီးသီးမှ မေးမြန်း လာသော ပုစ္ဆာများကို ဖြေဆိုပေးခြင်း၊ လျှောက်ထားတောင်းပန်ချက်များကို ခံယူ၍ ကျမ်းစာများ ပြုစုခြင်း၊ ပညာစမ်းသော မေးခွန်းများကို ဖြေကြားခြင်း၊ ဘာသာရေးအယူအဆ ခဲရာခဲဆစ်များကို ရှင်းလင်း လမ်းညွှန်ခြင်း စသည်တို့ကို ဆောင်ရွက်တော်မူခဲ့သည်။ နိုင်ငံအဝန်း အရပ်ဒေသအသီးသီးသို့ လှည့်လည်၍ တရားဓမ္မ ဟောပြောဆုံးမခြင်းဖြင့်လည်း သာသနာပြုတော်မူခဲ့သည်။ ဆရာတော်သည် သီပေါမြို့သို့ ကြွရောက်စဉ် သီပေါမြို့ရှိ ရွှေကျင်၊ သုဓမ္မာ၊ ယွန်းဟူသည့် ဗုဒ္ဓဘာသာဂိုဏ်းကွဲများကိုလည်း တရားပြဆုံးမ၍ ညီညွတ်စေတော်မူခဲ့သည်။

မန်လည်မြို့နှင့် ကသာမြို့ များတွင် စေတီတော်များ တည်ထားတော်မူခဲ့သည်။ ပြည်တွင်း၊ ပြည်ပ အနယ်နယ် အရပ်ရပ်မှရရှိသော ဆင်းတုတော်များနှင့် ဓာတ်တော်များကိုလည်း ထိုစေတီများတွင် ဌာပနာတော်မူခဲ့သည်။ ဤသို့ ထူးကဲစွာ သာသနာပြုခဲ့ခြင်းကြောင့် မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် အင်္ဂလိပ် အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံထိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆရာတော်သည် လယ်တီဆရာတော်၏ တိုက်တွန်းတောင်းပန်ချက်အရ အလင်္ကာသံခိပ်နှင့် ဆန်းသံခိပ်များ ရေးသားစီစဉ်ဆဲကာလ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

မှီငြမ်း။ ။ မြန်မာ့ သာသနာ့သမိုင်းဝင် ဆရာတော်ကြီးများ၊ ကောင်းပြည့်ပုံ၊ စာ-၁၃၆ မန်လည် အဝေးအဖြေပေါင်းချုပ်၊ နိဒါန်း (၇) ။

ခက်ဆစ်အဖွင့်

ရတု = လေးလုံးတစ်ပိုဒ်စီ ရေးဖွဲ့သော ကဗျာတစ်မျိုး၊
ရကန် = ကာရန်ကိုကန်၍ စာဆိုပြိုင်ဘက်ကို နှိမ်နင်းကန်ကျောက်ကာ စပ်ဆိုလေ့ရှိသော ကဗျာတစ်မျိုး၊
ဧချင်း = ငယ်ရွယ်သော ဘုရင့်သားတော် သမီးတော်များ ဇာတိမာန် တက်ကြွစေရန် မျိုးရိုးစဉ်ဆက် ဘုန်းတန်ခိုး တောက်ပခဲ့ပုံကို ဖွဲ့ဆိုသော ရှေးကဗျာတစ်မျိုး၊
မော်ကွန်း = နောင်ကာလ ကြာရှည်စွာ အမှတ်တရ ဖြစ်စေရန် မှတ်တမ်းတင် ရေးဖွဲ့သည့်စာ၊
ဒွေးချိုး = အချိုးနှစ်မျိုးထား၍ ဖွဲ့ဆိုသော ကဗျာတစ်မျိုး။
လေးချိုး = အမျိုးလေးခုပါသော ကဗျာတစ်မျိုး၊
ရာဇဝင် = မင်းစဉ်မင်းဆက် အကြောင်းအရာမှတ်တမ်း။
အလင်္ကာ = စာအဖွဲ့အနွဲ့ အဆင်တန်ဆာ။
သံခိပ် = အကျဉ်းချုံးသောနည်းဖြင့် ရေးသောစာ။
ဆန်း = ပါဠိဂါထာဖွဲ့ဆိုနည်း အတတ်။

֍ ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိကို ဖတ်ပြီးနောက် ကလေးများ. နားလည်ရန် ခက်ခဲသောစကားလုံးများကို ဆရာက ပံ့ပိုးဖြေကြားပေးပါ။

֍ ထို့နောက် ကလေးများအား အုပ်စု(၅) စု ဖွဲ့ပြီး ဆရာက သင်ပုန်းတွင် အောက်ပါအချိန်မျဉ်းကို ရေးဆွဲပြပါ။

မန်လည်ဆရာတော်ဘုရားကြီး၏ ဘဝအကြောင်း

မွေးဖွား ပျံလွန်တော်မူခြင်း

၁၂၀၃ ခုနှစ်

(၁၂၁၉-၁၂၂၄) (၁၂၂၅-၁၂၃၅)-

(၁၂၃၆-၁၂၇၉)

၁၂၈၂ ခုနှစ်

မြို့စာရေးကြီး

အလင်္ကာသံခိပ်နှင့်

ဦးထင်ညို + ဒေါ်ဖြေ

ထန်းသံခိပ်များ

တို့မှ မွေးဖွားနဲ့၊

ရေးသားစီစဉ်တဲ့ကာလ

ငယ်မည်-မောင်မာ

စသည်

֍ မန်လည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဉ်တွင် ပါဝင်သည့်အကြောင်းအရာများကို အုပ်စုလိုက် ဆွေးနွေး၍ အထက်ပါ အချိန်မျဉ်းပုံစံအတိုင်း စာရွက်ကြီးတွင် ရေးသားကြပါစေ။ ကလေးများ၏ ဆွေးနွေးရေးသားမှုကို ဆရာက လိုက်လံကြည့်ရှုပြီး ပံ့ပိုးပေးပါ။

֍ ဆရာက အုပ်စုအားလုံးမှ အုပ်စုတစ်စုကိုရွေးချယ်၍ ... ကိုယ်စားလှယ်တစ်ဦးက ပြန်လည်တင်ပြပါစေ၊ ကျန်အုပ်စုများက ဆက်လက်မတင်ပြတော့ဘဲ မတူသောအချက်များကိုသာ ဖြည့်စွက်ဆွေးနွေးကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပေးပါ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အုပ်စုအချင်းချင်း ဖြည့်စွက်ဆွေးနွေးပြီးသောအခါ ဆရာက အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

-မန်လည်ဆရာတော်ဘုရားကြီးဟာ စာပေမှာ ထူးချွန်ခဲ့တယ်ဆိုတာကို ဘယ်အချက်တွေအရ သိနိုင်သလဲ။
-ဆရာတော်ကြီးဟာ သာသနာတော်နဲ့ အများအကျိုးအတွက် ဘာတွေဆောင်ရွက်ခဲ့သလဲ။
-ဆရာတော်ကြီးရဲ့ ဆောင်ရွက်ချက်တွေထဲက ဘယ်အချက်တွေဟာ အားကျအတုယူစရာကောင်းသလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သာသနာတော်နှင့် အများအကျိုးအတွက် သံဃာတော်များ၏ လုပ်ဆောင်ချက်များကို ကြည်ညိုလေးစားပြီး ကလေးများကိုယ်တိုင် လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ကလေးများ၏ အသိကို ဖော်ထုတ်ခြင်း။

(၂၀ မိနစ်)

֍ “ကလေးတို့ ... မန်လည်ဆရာတော်ကြီးရဲ့ အကြောင်းကို သိပြီးခဲ့ပြီ၊ အခုချိန်မှာတော့ ကလေးတို့ ကြည်ညို တဲ့ ဆရာတော်တစ်ပါး အကြောင်းကို စဉ်းစားထားပါ”ဟု ပြောပြီး အောက်ပါမေးခွန်းများ၏ အဖြေကို ကလေးတစ်ဦးချင်းစီက မှတ်စုစာအုပ်တွင် ရေးကြပါစေ။

-ဆရာတော်ရဲ့ ဘွဲ့အမည်က ဘာလဲ။
-ဘယ်လို လုပ်ဆောင်ချက်တွေကြောင့် ကြည်ညိုစရာကောင်းတာလဲ။
-ကလေးတို့ ကြည်ညိုတဲ့ ဆရာတော်ကြီးက သာသနာတော်နဲ့ အများအကျိုးအတွက် ဘာတွေ ဆောင်ရွက်သလဲ။

(ပြောပြရန်အခက်အခဲရှိနေသော ကလေးများအတွက် ယခင်အတန်းများ၏ သင်ခန်းစာများတွင် သင်ခဲ့ ဖူးသည့် ဆရာတော်များ အကြောင်းနှင့် ကိုရင်လေးများအကြောင်းကို ဆရာက ပြန်လည်ချိတ်ဆက်ပေးပါ။

ဥပမာ-အရှင်ပေါဋ္ဌိလ၊ ကိုရင်လေးရာဟုလာ၊ နိဂြောဓသာမဏေ စသည်)

֍ ထို့နောက် ဆရာတော်ကြီးများ၏ ကြည်ညိုစရာလုပ်ဆောင်ချက်များကို ကလေးများအား မေးမြန်း၍ ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

လုပ်ငန်း (၂) အုပ်ဖွဲ့ ဆွေးနွေးတင်ပြခြင်း၊

(၃၀ မိနစ်)

֍ အောက်ပါမေးခွန်းကို မေးပါ။

-ဆရာတော်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေထဲက ဘယ်အချက်တွေကို အတုယူပြီး လက်တွေ့မှာ ဘယ်လို လုပ်ဆောင်သွားကြမလဲ။

֍ ကလေးတစ်ဦးချင်းစီက မိမိတို့ အတုယူလုပ်ဆောင်နိုင်သောအချက်များကို မှတ်စုစာအုပ်တွင် ဦးစွာ ရေးသားပါစေ။ ထို့နောက် နှစ်ယောက်တစ်တွဲ တွဲပြီး မိမိတို့ရသောအချက်များကို ပေါင်း၍ ရေးကြပါစေ။ တူသောအချက်များရှိလျှင် တစ်ချက်စီသာ ရေးပါစေ။ ဤနည်းအတိုင်း နှစ်ယောက်တစ်တွဲမှ လေးယောက် တစ်တွဲ၊ ရှစ်ယောက်တစ်တွဲ တွဲ၍ စာရွက်ကြီးတစ်ရွက်တွင် စုပေါင်း ရေးသားပြီးလျှင် ကိုယ်စားလှယ်တစ်ဦး စီက တင်ပြပါစေ။

လုပ်ငန်း(၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများ တင်ပြပြီးလျှင် လိုအပ်ချက်များကို ဆရာက ဖြည့်စွက်ပေးပြီး အောက်ပါအတိုင်း အနှစ်ချုပ်ပါ။

“အခုဆိုရင် သားတို့သမီးတို့ဟာ ဆရာတော်ကြီးတွေရဲ့ ကြည်ညိုစရာ လုပ်ဆောင်ချက်တွေနဲ့ အဲဒီအချက် တွေထဲက ကိုယ်တိုင် အတုယူလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ထုတ်ခဲ့ကြပြီး အဲဒီဖော်ထုတ်ခဲ့တဲ့ နည်းလမ်းတွေအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ တို့တစ်တွေ ကြိုးစားသွားကြရအောင်”