ဝေယျာဝစ္စကုသိုလ် (ဆရာ)

From Wikisource
Jump to navigation Jump to search
348404ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၂။ ဝေယျာဝစ္စကုသိုလ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၂)

သင်ခန်းစာခေါင်းစဉ်။ ။ ဝေယျာဝစ္စကုသိုလ်

ယေဘုယျရည်ရွယ်ချက်။ ။ ဝေယျာဝေစ္စပြုလုပ်ခြင်းဖြင့် ကုသိုလ်ယူတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ဝေယျာဝစ္စကုသိုလ်အကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းများဖြင့် နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။ ကလေးများ၏ အဖြေများကို သင်ပုန်းတွင် မှတ်တမ်း တင်ထားပါ။

-ကလေးတို့အိမ်မှာ အလှူလုပ်ဖူးလား။ အခြားဘယ်နေရာတွေမှာ အလှူလုပ်တာ တွေ့ဖူးလဲ။
-အလှူဒါနပြုလုပ်မယ်ဆိုရင် ဘာတွေလိုအပ်မယ်လို့ ထင်သလဲ။
(မျှော်မှန်းအဖြေ = လှူဖွယ်ပစ္စည်းများ၊ အလှူရှင်၊ အလှူခံပုဂ္ဂိုလ်၊ ဝေယျာဝစ္စကူညီဆောင်ရွက်ပေးသူ စသည်များပါသည်အထိ ဆက်မေးပါ။)

֍ “အလှူဒါနတစ်ခု အောင်မြင်အောင်လုပ်ဖို့ဆိုရင် အလှူရှင်၊ အလှူခံပုဂ္ဂိုလ်နဲ့ ဝေယျာဝစ္စဆောင်ရွက်တဲ့ သူတွေလိုအပ်တယ်ဆိုတာကို ကလေးတို့ ဆွေးနွေးခဲ့ပြီးပြီ၊ အခုတော့ ကလေးတို့ရဲ့ ကျောင်းသားကိုင် စာအုပ်ထဲမှာရှိတဲ့ ‘ဝေယျာဝစ္စကုသိုလ်ဆိုတဲ့ ဇာတ်လမ်းကို လေ့လာကြမယ်”ဟု ပြောပါ။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် အုပ်စုလုပ်ငန်းပေးခြင်း၊

(၂၅ မိနစ်)

֍ ကလေးများအားလုံး “ဝေယျာဝစ္စကုသိုလ်” ဇာတ်လမ်းကို အစအဆုံးဖတ်ကြပါစေ။

ဝေယျာဝစ္စကုသိုလ်

ဝေယျာဝစ္စပြုလုပ်ခြင်းသည် ပုညကိရိယဝတ္ထုဆယ်ပါးဟုခေါ်သော ကုသိုလ်ဆယ်မျိုးတွင် တစ်ခုအပါ အဝင် ဖြစ်၏။ သို့သော် ယင်းကုသိုလ်မျိုးသည် ကိုယ်ကာယဖြင့် ပြုလုပ်ရသော အလုပ်မျိုးဖြစ်၍ ပင်ပန်းသည့်အတွက် အများစုက မလုပ်လိုကြပေ။ ကျမ်းဂန်တွင် ဝေယျာဝစ္စကုသိုလ်ကို သီလအရာ၌ ထည့်သွင်း၏။

သီလသည် ဝါရိတ္တသီလနှင့် စာရိတ္တသီလဟူ၍ နှစ်မျိုးရှိ၏။ ငါးပါးသီလ၊ ရှစ်ပါးသီလစသော သီလသိက္ခာပုဒ်တို့ကို စောင့်ထိန်းခြင်းသည် ဝါရိတ္တသီလ ဖြစ်၏။ ဝေယျာဝစ္စပြုလုပ်ခြင်း၊ သားသမီးကျင့်ဝတ် စသော ကျင့်ဝတ်တို့ကို ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလဖြစ်၏။ ဝတ္တရားများကို ဖြည့်ကျင့်ခြင်းဖြင့် သီလကို ပို၍ ပြည့်စုံ စေ၏၊ ထို့ကြောင့် အကျင့်သီလပြည့်စုံ၍ မြင့်မြတ်သည့်ပုဂ္ဂိုလ်များသည် ဝေယျာဝစ္စအလုပ်ကို အမြတ်တနိုး ပြုလုပ်ကြ၏။

လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာက ဝိပဿီမြတ်စွာဘုရားရှင်အား လုပ်ကျွေးဆည်းကပ်ကိုးကွယ်ကြသည့် ဥပါသကာအသင်းကြီးတစ်သင်း ရှိ၏။ ထိုအသင်းကြီးသည် ဝိပဿီမြတ်စွာဘုရားရှင်နှင့် တပည့်ရဟန်း သံဃာတော်တို့၏ ဆွမ်းဝေယျာဝစ္စအစရှိသော ကိစ္စကြီးငယ်တို့ကို အားကြိုးမာန်တက် ဆောင်ရွက်ပေး၏။

ထိုအသင်းကြီးတွင် အမျိုးကောင်းသား သူဆင်းရဲတစ်ယောက်သည် ပန်းကန်ဆေးခြင်း၊ ရေခပ်ခြင်း၊ ဆွမ်းချက်ခြင်း၊ နေရာခင်းခြင်း၊ တံမြက်လှည်းခြင်း အစရှိသော အလုပ်တို့ကို စိတ်အားထက်သန်စွာ ဆောင်ရွက်လုပ်ကိုင် ပေး၏။ ဝေယျာဝစ္စအလုပ်များကို ကြောင့်ကြစိုက်ပြုလုပ်သောကြောင့် သူဆင်းရဲလေးအား အမျိုးကောင်းသားဟု ခေါ်ဆိုရခြင်းဖြစ်၏။

ဤသို့ပြုလုပ်ခဲ့သော ဝေယျာဝစ္စကုသိုလ်များကြောင့် ဆင်းရဲသားလေး ကွယ်လွန်သောအခါ နတ်ပြည်တွင် နတ်ချမ်းသာကို စံစားခဲ့ရ၏။ နတ်ပြည်မှစုတေလျှင် ဂေါတမမြတ်စွာဘုရားရှင် လက်ထက်မှ ပြန်ရေတွက်သော် ရှစ်ကမ္ဘာမြောက်ဘဝတစ်ခုတွင် စကြဝတေးမင်းကြီး ဖြစ်ခဲ့၏။ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်သို့ ရောက်သောအခါ ရဟန္တာဖြစ်လာ၏။

ထိုရဟန္တာအရှင်မြတ်သည် ဝေယျာဝစ္စဆောင်ရွက်သော ကုသိုလ်ကို အရင်းပြု၍ ရဟန္တာဖြစ်လာသောကြောင့် ဝေယျာဝစ္စကရမထေရ်ဟု ထင်ရှားကျော်ကြား၏။ မထေရ်မြတ်သည် မိမိ၏ ကုသိုလ်ပါရမီဖြည့်ကျင့်ခဲ့ ဝိပဿီမြတ်စွာဘုရားရှင်ကို နောင်လာနောက်သားတပည့်များ နည်းယူလိုက်နာကြစေရန် “တပည့်တို့ လက်ထက်တုန်းက ငါဟာ ဆောင်ရွက်စရာ ကိစ္စမှန်သမျှကို စိတ်အားထက်သန်စွာနဲ့ ဆောင်ရွက်သူတစ်ယောက် ဖြစ်ခဲ့တယ်၊ ဆင်းရဲလှတဲ့အတွက် မြတ်စွာဘုရားရှင်ကို လှူဖွယ်ဝတ္ထုအစုစုနဲ့ မလှူနိုင်သော်လည်း မြတ်စွာဘုရား ရဲ့ ခြေတော်အစုံကို ကြည်ညိုစိတ်နဲ့ ရှိခိုးခဲ့တယ်၊ ဝေယျာဝစ္စအလုပ်တွေကိုလည်း ဖြူစင်တဲ့စေတနာနဲ့ ဆောင် ရွက်ခဲ့တယ်၊ ဝတ္ထုပစ္စည်းတွေနဲ့ ကုသိုလ်တွေ မလုပ်နိုင်ခဲ့ပေမယ့် ကိုယ်ကာယကို အရင်းပြုပြီး ကုသိုလ်ရအောင် အားထုတ်ခဲ့တယ်၊ ဒီလိုကုသိုလ်စေတနာတွေကြောင့် ကိုးဆယ့်တစ်ကမ္ဘာလုံးလုံး အပါယ်သို့ မကျရောက်ခဲ့ရဘူး” ဟု မကြာခဏ မိန့်ကြားလေ့ရှိသည်။

မှီငြမ်း။ ။ ဝေယျာဝစ္စကရ သဉ္စယထရ်၊ အပဒါန်ဝတ္ထု၊ ပုံတော်ပုံ ထေရအပါန်ဝတ္ထုတော်ကြီး၊ အရှင်ဓမ္မဿာမီဘိဝံသ၊ ၅၂၁-၅၂၂၊

ခက်ဆစ်အဖွင့်

ပုညကိရိယဝတ္ထုဆယ်ပါး = ဒါန (အလှူပေးခြင်း)၊
သီလ (သီလဆောက်တည်ခြင်း)၊
ဘာဝနာ (ဘာဝနာပွားများခြင်း)၊
အပစာယန (အရိုအသေပြုခြင်း)၊
ဝေယျာဝစ္စ(ဝတ်ကြီးဝတ်ငယ်ပြုခြင်း)၊
ပတ္တိဒါန (အမျှဝေခြင်း)၊
ပတ္တာနုမောဒန (သာဓုခေါ်ခြင်း)၊
ဓမ္မဒေသနာ (တရားဟောခြင်း)၊
ဓမ္မဿဝန(တရားနာခြင်း)၊
ဒိဋ္ဌိဇုကမ္မ (အယူကို ဖြောင့်မတ်အောင်ပြုခြင်း)၊
စကြဝတေးမင်း = လိုရာသို့ ကောင်းကင်ခရီးဖြင့် သွားလာနိုင်သော စကြာရတနာကို ပိုင်ဆိုင်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးကျွန်းကို အစိုးရသောမင်း။

֍ ဖတ်ပြီးပါက ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများဖွဲ့ပါ။ ထို့နောက် ဇာတ်လမ်းကို အုပ်စု လိုက် ဆွေးနွေးပြီး နားလည်သည့်အတိုင်း အောက်ပါအချက်များပါဝင်အောင် အကျဉ်းချုပ် ပြန်ရေးကြပါစေ။

֍ ရေးပြီးလျှင် ဆရာက အုပ်စုတစ်စု၏ ကိုယ်စားလှယ်ကို ဖိတ်ခေါ်၍ ပြန်လည်တင်ပြစေပြီး ကျန်အုပ်စုများက မတင်ပြတော့ဘဲ လိုအပ်ချက်များကိုသာ အကြံပြုဖြည့်စွက်ကြပါစေ။

၁။ ဇာတ်လမ်း ခေါင်းစဉ်
၂။ ဇာတ်လမ်းဖြစ်ပေါ်သည့် အချိန်(သို့) ကာလ
၃။ အဓိကဇာတ်ကောင်များ
၄။ ဇာတ်လမ်းပါ အဖြစ်အပျက် (အစီအစဉ် အလိုက်)
(က) ......
(ခ) ......
(ဂ) ......
(ဃ) ......
(င) ......
၅။ ဇာတ်လမ်း၏ နိဂုံး (အဆုံးသတ်ပုံ)

လုပ်ငန်း (၃) အုပ်စုဖွဲ့လုပ်ငန်းပေးခြင်းနှင့် အနှစ်ချုပ်ခြင်း၊

(၂၅ မိနစ်)

֍ ကလေးများကို မူလအုပ်စုများအတိုင်းထား၍ အောက်ပါမေးခွန်းများကို အုပ်စုလိုက် ဆွေးနွေးပြီး ဆွေးနွေးမှ ရလဒ်များကို ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-ဝေယျာဝစ္စလုပ်တယ်ဆိုတာ ဘာတွေ လုပ်ရတာလဲ။ ဝေယျာဝစ္စကုသိုလ်ဆိုတာ ဘာလဲ။
-ဝေယျာဝစ္စအလုပ်တွေကို ဘယ်လို စိတ်ဓာတ်မျိုးနဲ့ လုပ်ဆောင်ရမလဲ။

֍ ကလေးများပြောသောအချက်များကို ဆရာက နားထောင်ပေးပြီး လိုအပ်လျှင် ဖြည့်စွက်၍ ရည်ရွယ်ချက်နှင့် ချိတ်ဆက် အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ကလေးများကိုယ်တိုင် လုပ်ဆောင်နိုင်မည့် ဝေယျာဝစ္စအလုပ်များကို စဉ်းစားဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၅ မိနစ်)

֍ “ကလေးတို့ ... အခုဆိုရင် ဝေယျာဝစ္စအလုပ်တွေဆိုတာ ဘာတွေ၊ ဝေယျာဝစ္စလုပ်တဲ့အတွက်ဘယ်လို အကျိုးတွေ ရနိုင်တယ်ဆိုတာ သိခဲ့ကြပြီ၊ အခုတော့ ဝေယျာဝစ္စကုသိုလ်တွေရဖို့ ကလေးတို့ကိုယ်တိုင် လုပ်နိုင်တဲ့အရာတွေကို စဉ်းစားဖော်ထုတ် ကြည့်ရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

လုပ်ငန်း (၂) မေးခွန်းများကို အုပ်စုဖွဲ့ဆွေးနွေးခြင်း။

(၄၅ မိနစ်)

֍ ကလေးများကို ခြောက်ယောက်ပါသော အုပ်စုများဖွဲ့ပါ။

֍ ထို့နောက် အောက်ပါမေးခွန်းများကို အုပ်စုလိုက် ဆွေးနွေးပြီး ဆွေးနွေးမှုရလဒ်များကို စာရွက်လွတ်တွင် ပေးထားသော နမူနာပုံအတိုင်း ရေးသားကြပါစေ။ပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-ဝေယျာဝစ္စကုသိုလ်အလုပ်တွေကို ဘယ်နေရာတွေမှာ လုပ်ကြမလဲ။
-ဝေယျာဝစ္စကုသိုလ်တွေရဖို့ ဘာတွေ လုပ်မှာလဲ။
-ဝေယျာဝစ္စအလုပ်တွေကို ဆောင်ရွက်ရင် ဘယ်လိုကောင်းကျိုးတွေရမယ်လို့ ထင်သလဲ။
-ဝေယျာဝစ္စအလုပ်တွေကို ဆောင်ရွက်မယ့်သူ မရှိရင် ဘာတွေဖြစ်မယ်လို့ ထင်သလဲ။

နမူနာပုံစံ

ပြုလုပ်မည့်နေရာ ပြုလုပ်မည့် အလုပ် ရရှိနိုင်မည့် ကောင်းကျိုး ဆောင်ရွက်မည့်သူ မရှိရင်

လုပ်ငန်း (၃) ဖြည့်စွက် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အားလုံးတင်ပြပြီးလျှင် ကလေးများ၏ တင်ပြချက်များကို အသိအမှတ်ပြုပြီး လိုအပ်လျှင် ဖြည့်စွက်ကာ အောက်ပါအတိုင်း အနှစ်ချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။

“ဝေယျာဝစ္စကုသိုလ်ဆိုတာ အခုခေတ်စကားနဲ့ပြောရမယ်ဆိုရင် ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်ရတဲ့ အလုပ်မျိုး ဖြစ်တယ်၊ ဒါပေမယ့် လူကတော့ ပင်ပန်းတယ်၊ ဒီတော့ကိုယ်ကိုယ်တိုင် ကြီးကြီးမားမား အလှူကြီးတွေ မလုပ်နိုင်ပေမယ့် အားငယ်စရာ မလိုဘူး၊ ရှက်စရာလည်းမဟုတ်ဘူး၊ ကိုယ်ကာယကို အသုံးပြုပြီး ဝေယျာဝစ္စ အလုပ်တွေကို အချိန်နေရာမရွေးဘဲ လုပ်မယ်ဆိုရင် ဝေယျာဝစ္စကုသိုလ်တွေ လွယ်လွယ်ကူကူ ရနိုင်တယ်၊ ဒါကြောင့်မို့ တို့တစ်တွေအားလုံး လုပ်နိုင်တဲ့နေရာကစပြီး အားလပ်တဲ့အချိန်တွေမှာ ဝေယျာဝစ္စအလုပ်တွေကို လုပ်ပြီး ကုသိုလ်တွေ ယူကြရအောင်”